နစကအနေဖြင့် ၎င်းအား တွန်းလှန်သူများကို အနိုင်ရရန် အလားအလာမရှိသဖြင့် ဒီမိုကရေစီကို ပြန်ပေးသင့်သည်ဟု ၀ါရင့်သံတမန်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ပြောကြား

နစကအနေဖြင့် ၎င်းအား တွန်းလှန်သူများကို အနိုင်ရရန် အလားအလာမရှိသဖြင့် ဒီမိုကရေစီကို ပြန်ပေးသင့်သည်ဟု ၀ါရင့်သံတမန်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ပြောကြား
Published 13 June 2022
Ref:Reuters

နစကအနေဖြင့် လွန်ခဲ့သောနှစ်တွင် နိုင်ငံတော်အာဏာကိုလွှဲပြောင်းယူခဲ့ပြီးနောက် ၎င်း၏အုပ်ချုပ်မှုကို တွန်းလှန်နေသောသူများကို အနိုင်ရရန်အလားအလာ မရှိသဖြင့် ဒီမိုကရေစီပြန်ပေးသင့်သည်ဟု ၀ါရင့်အမေရိကန်သံတမန်တစ်ဦးက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

“အနိုင်ရနိုင်တယ်လို့ လက်တွေ့အားဖြင့်  သူတို့ဘယ်လိုထင်မြင်နေသလဲဆိုတာကို ယနေ့မှာ မြင်ရဖို့ခက်ခဲပါတယ်။ သူတို့ဟာ နယ်မြေဆုံးရှုံးနေတယ်။ မြန်မာစစ်တပ်ဟာ အကြီးအကျယ်အထိနာနေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ချောလတ်က ပြောကြားသည်။

နစကသည် နိုင်ငံတကာတွင်သာမက ပြည်တွင်း၌လည်းပဲ အထီးကျန်ရာ တိုက်ပွဲကို ရပ်သင့်ပြီး ဒီမိုကရေစီကို ပြန်သွင်းသင့်သည်ဟု ဇွန်လ ၁၀ ရက်က ဘန်ကောက်မြို့တွင် ရိုက်တာသတင်းဌာနကိုလည်းကောင်း၊ အခြားသောသတင်းထောက်တစ်ဦးကိုလည်းကောင်း ပြောကြားခဲ့သည်။

နစကသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချကာ နိုင်ငံတော်အာဏာကိုလွှဲပြောင်းယူခဲ့သည်။ ထို့နောက်ပိုင်း ဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများ ကိုဖြိုခွင်းခဲ့သည်။

အရပ်သားများက လက်နက်များစွဲကိုင်ကာ ရဲနှင့်တပ်မတော်သားများကို တိုက်ခိုက်ခဲ့ကာ ပြည်သူ့တော်လှန်ရေးအတွက် လက်နက်ကိုင်အဖွဲ့များပေါ်လာခဲ့သည်။ နစကက အဆိုပါတော်လှန်ရေးအဖွဲ့ကို အကြမ်းဖက်သမားများဟု ကြေညာခဲ့သည်။

ချောလတ်၏ မှတ်ချက်စကားများနှင့် ပတ်သက်၍ ဖြေကြားပေးရန် ရိုက်တာသတင်းဌာနက တပ်မတော်ပြောရေးဆိုခွင့်ရှိသူကို ဇွန်လ ၁၂ ရက်တွင် ဖုန်းခေါ်ခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ဟု ဆိုသည်။

 သံတမန်ဒဲရက်ချောလတ်သည် လွန်ခဲ့သောလက ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် အာဆီယံအစည်းအဝေးအပြီးတွင် နောက်ဆက်တွဲအစည်းအဝေးအတွက် ထိုင်း၊ စင်ကာပူနှင့် ဘရူနိုင်းတို့ကို လာရောက်ခြင်းဖြစ်သည်။

အမေရိကန်သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့သည့်အပြင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့နှင့်လည်း ကောင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားတို့ ကဲ့သို့သောနိုင်ငံများနှင့်လည်းကောင်း လုပ်ဆောင်နေသည်ဟု ချောလတ်က ပြောကြားသည်။

တရုတ်သည် မြန်မာအရေးတွင် ပါဝင်သင့်သည်ဟု မျှော်လင့်ကြောင်း ချောလတ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent