ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုနှစ်မှုအတွက် တရားလိုဖြစ်သူများကို ပြန်လှန်​စစ်​မေး

ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုနှစ်မှုအတွက် တရားလိုဖြစ်သူများကို ပြန်လှန်​စစ်​မေး
Published 13 June 2022

ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် တရားလိုဖြစ်သူအား အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်မှ ဦး​အောင်ခန့်နှင့် ရာဇဝတ်ကြီးအမှုအမှတ် ၅၀ အတွက် တရားလိုဖြစ်သူ ဦးသိန်းမင်းဟိန်းတို့အား စွပ်စွဲခံရသူများ၏ ​ရှေ့နေများက ပြန်လှန်စစ်​​​မေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်​တော်​ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် ဇွန် ၁၃ ရက်က သမ္မတ​ဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်​အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​ကြောင်း သိရသည်။

ဇွန် ၁၃ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ စောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှု အမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက်မှ ရဟတ်ယာဉ်ဝယ်ယူခြင်း ကိစ္စရပ်များအတွက် အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ နှင့် ၅၀ အတွက် တရားလိုဖြစ်သူများကို စွပ်စွဲခံရသူများ၏ ​ရှေ့​နေများက ပြန်လှန်စစ်​​​မေးခဲ့​ကြောင်း သိရသည်။

ထို့ပြင် ရဟတ်ယာဉ်ဝယ်ယူခြင်း ကိစ္စရပ်များနှင့်ပတ်သက်သည့် ရာဇဝတ်ကြီးအမှု အမှတ် ၄၉ တွင် အစိုးရနှင့် ကုမ္ပဏီအကြား ​ဆောင်ရွက်ခဲ့သည့် စာချုပ်စာတမ်းများအား ဇွန် ၁၃ ရက်ရုံးချိန်းတွင် တရားလိုဖြစ်သူဘက်မှ တင်ပြခဲ့​ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်လှန်စစ်​မေးမှုများ ပြုလုပ်ရန် အချိန်လိုအပ်ခြင်း​ကြောင့် လာမည့်ရုံးချိန်းမှသာ ဆက်လက်စစ်​ဆေးရန် ချိန်းဆိုခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးကို ဇွန်  ၂၀ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထားကြောင်းနှင့် အမှုသည်များ၏ ကျန်းမာ​ရေး​ကောင်းမွန်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ထို့ပြင် ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့်​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆ နှင့် ၄၇ တို့အား ဇွန် ၁၄ ရက် တွင် ရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားပြီး ဒုတိယဝန်ကြီး ဦးစိုး​အောင် လာ​ရောက်ထွက်ဆိုမည်ဖြစ်​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent