သေဒဏ်ပြစ်ဒဏ် စီရင်ခြင်းအား ရှောင်ကြဉ်ရန် နစကဥက္ကဋ္ဌကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပန်ကြား

သေဒဏ်ပြစ်ဒဏ် စီရင်ခြင်းအား ရှောင်ကြဉ်ရန် နစကဥက္ကဋ္ဌကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပန်ကြား
Published 11 June 2022

အတိုက်အခံများကို သေဒဏ်စီရင်မိန့် ချမှတ်မည့် အစီအစဉ်အား ပြန်လည်စဉ်းစားပေးရန် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပန်ကြားခဲ့သည်ဟု သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဆန့်ကျင်သူများအား သေဒဏ်ပြစ်ဒဏ်များ ချမှတ်ခြင်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ၏ ပြင်ပမိတ်ဖက်များအကြား ကြီးစွာသော စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု ဇွန် ၁၀ ရက် ရက်စွဲဖြင့် ရေးသားထားသည့်  စာတစ်စောင်တွင် ဟွန်ဆန်က ပြောကြားခဲ့သည်။

“သေဒဏ်စီရင်မှုတွေ လုပ်ဆောင်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အနုတ်သဘော ဆောင်တဲ့ တုံ့ပြန်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံကို ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေ တွေကို အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်အပေါ် အခြေခံပြီး သက်ဆိုင်သူအားလုံး ပါဝင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေကတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် အကူအညီ ပေးနေတဲ့ အာဆီယံနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမေ ္ဘာဒီးယားနိုင်ငံတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အပေါ်မှာလည်း ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်ဆိုတာကို ကမေ ္ဘာဒီးယားနိုင်ငံက အလေးအနက် ယုံကြည်ပါတယ်" ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။

“ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖြစ်ထွန်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးအတွက် အကူအညီပေးနိုင်ဖို့ စိတ်ရင်းအမှန်နဲ့ ကြိုးပမ်းရင်း အတိုက်အခံတွေအပေါ် သေဒဏ်ပြစ်ဒဏ် ချမှတ်မှုကို ရှောင်ကြဉ်ဖို့ စိုးရိမ်မှုများစွာနဲ့ ပွင့်ပွင့်လင်းလင်း တိုက်တွန်း ပန်ကြားလိုပါတယ်” ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။  

ထို့အပြင် မြန်မာနိုင်ငံ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးနှင့် အဖွဲ့ဝင် ဆယ်နိုင်ငံ ပါဝင်သော အာဆီယံ အဖွဲ့ကြီးတွင် အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်းလည်း ဟွန်ဆန်က ထပ်လောင်းတကိပြုခဲ့သည်ဟု သိရသည်။

လက်ရှိတွင် အာဆီယံသည် မဟာအင်အားကြီး နိုင်ငံများအကြား ပထဝီဝင်နိုင်ငံရေးအရ အားပြိုင်ရာ ဗဟိုချက်ဖြစ်လာကြောင်းနှင့် အာဆီယံ၏ အလုံးစုံသော ဖြစ်ပေါ်တိုးတက်မှုတို့ အပေါ် နိုင်ငံတကာက အာရုံစို်က်လျက် ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

သေဒဏ်ပြစ်ဒဏ်အပေါ် အယူခံဝင်မှု ပယ်ချခံရသူ လေးဦးကို သေဒဏ်စီရင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့သည်ဟု ကုလသမဂ္ဂက ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

၎င်းတို့အနက် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ၀ါရင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယု (ကိုဂျင်မီ) တို့လည်း ပါဝင်ကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။ ၎င်းတို့ နှစ်ဦးလုံးကို နိုင်ငံတော် သစ္စာဖောက်မှု၊ အကြမ်းဖက်မှု စွဲချက်များဖြင့် ဇန်နဝါရီလထဲတွင် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့သည်။

Ref:Phnom Penh Post 

Most Read

Most Recent