ယူကရိန်းစစ်ဘေးဒုက္ခသည်အရေးနှင့် ပူတင်၏ အစီအစဉ်

ယူကရိန်းစစ်ဘေးဒုက္ခသည်အရေးနှင့် ပူတင်၏ အစီအစဉ်
Photo:AFP
Photo:AFP
Published 1 June 2022
​​​​​​​မေသုတ

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ယူကရိန်းပြည်သူပေါင်း ၆.၃ သန်းကျော်သည် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ဥရောပသမဂ္ဂက ယူကရိန်းဒုက္ခသည်များကို လက်ခံကြိုဆိုခဲ့ပြီး အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံကလည်း ယူကရိန်းစစ်ဘေးရှောင်များကို ၎င်းတို့နိုင်ငံများအတွင်း သုံးနှစ်ကြာ ဗီဇာမလိုဘဲ ပြည်ဝင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပေးခဲ့သည်။

နေ့စဉ်နေ့တိုင်း ဥရောပနိုင်ငံများသည် ယူကရိန်းစစ်ရှောင်များအတွက် တံခါးဖွင့်ထားခဲ့ပြီး ယင်းစစ်ဘေးဒုက္ခသည်များအတွက် နေ့စဉ်စောင့်ရှောက်မှုနှင့် အခြားဝန်ဆောင်မှုများ ထောက်ပံ့ပေးနေသည်။

သို့သော်လည်း အရာအားလုံးသည် အဆင်ပြေချေမွေ့နေသည်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်ယူကရိန်းစစ်ဘေး ဒုက္ခသည်များသည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နိုင်ငံရေးစစ်တုရင်ခုံပေါ်မှ နယ်ရုပ်များဖြစ်နေခြင်းကြောင့်ပင်။ ပူတင်သည် ယူကရိန်းစစ်ဘေးဒုက္ခသည်များကို နယ်ရုပ် သဖွယ်အသုံးချပြီး ဥရောပသမဂ္ဂနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ကို နိုင်ငံရေးအရ တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ခဲ့သည်။

ဥပမာပြရလျှင် ပိုလန်နိုင်ငံသားအများစုသည် စစ်ပွဲ၏ကနဦးကာလက ယူကရိန်း စစ်ရှောင်များကို အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်။ သို့သော် စစ်ပွဲဖြစ်ပွားခဲ့ပြီး သုံးလကျော်ကြာမြင့်လာချိန်တွင် ပိုလန်ပြည်သူ များ၏ ယူကရိန်းစစ်ရှောင်များအပေါ် ကူညီကမ်းလှမ်းမှုများမှာ တစ်စတစ်စပျောက်ကွယ်လာခဲ့သည်။

ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ပိုလန်၏မြို့တော် ၀ါဆောတွင် နေထိုင်သူ အရေအတွက်မှာ ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သဖြင့် ၀ါဆောမြို့တော်ဝန်ရာ ဖဲလ်တာဇက်ကောစကီးကပင် မြို့တော်အတွင်း ကုန်ကျစရိတ်များ မြင့်တက်နေမှုကို ကိုင်တွယ်ထိန်းသိမ်းရန် မဟာဗျူဟာတစ်ရပ် အဆိုပြုခဲ့သည်။ “ဝန်ထုပ်ဝန်ပိုးအများစုကို ကျွန်တော်တို့က ထမ်းနေရပါတယ်” ဟု ၀ါဆောမြို့တော်ဝန် တာဇက်ကောစကီးက ပြောကြားခဲ့သည်။

ယူကရိန်းစစ်ဘေးဒုက္ခသည်များကို လက်ခံထားရှိသည့်နိုင်ငံများသည် ပထမတစ်နှစ်အတွင်းမှာပင် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံကျော် ကုန်ကျဖွယ်ရှိသည်ဟု ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစင်တာက သုံးသပ်ခဲ့သည်။ ယင်းအခြေအနေသည် ငွေကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရသည့် ဥရောပ၏ စီးပွားရေးအတွက် စိန်ခေါ်မှုအသစ်များ ဖြစ်လာနိုင်သည်။

တစ်ခါတစ်ရံတွင် ပဋိပက္ခ သို့မဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကြောင့် မဖြစ်မနေ ရွှေ့ပြောင်းနေထိုင်ရသူများနှင့် နိုင်ငံရေး သို့မဟုတ် ဒေသတွင်း လုံခြုံရေးစိုးရိမ်ပူပန်မှုများကြောင့် ရွှေ့ပြောင်း နေထိုင်ရသည့်အခြေအနေများအကြား ဆက်နွှယ်မှု ရှိတတ်သည်။

 

ဒုက္ခသည် လက်ခံထားရှိမှုနှင့် နိုင်ငံရေးအရ နစ်နာမှု

ရွှေ့ပြောင်းနေထိုင်သူများအရေးသည် နိုင်ငံရေးတည်ငြိမ်မှုကို ပျက်ပြားစေသည့် အဓိကအချက်တစ်ခုဖြစ်နိုင်သည်ဟု မကြာသေးမီနှစ်များအတွင်းက အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အကြမ်းဖက်မှုများ သို့မဟုတ် သဘာဝဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းနေထိုင်ရသူအရေအတွက်မှာ နှစ်ဆနီးပါးမြင့် တက်ခဲ့ပြီး ကိန်းဂဏန်းအရဖော်ပြရမည်ဆိုပါက ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် ၄၁ သန်းမှ ၇၈.၅ သန်းအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။

၁၉၉၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့သည့် ရဝမ်ဒါ ပြည်တွင်းစစ်ကဲ့သို့ အချို့ကိစ္စများတွင် နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များသည် ၎င်းတို့၏ ပြည်သူများကို အခြားနိုင်ငံများသို့ မဖြစ်မနေရွှေ့ပြောင်းနေထိုင်ရမည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။

လူအစုလိုက် ရွှေ့ပြောင်းနေထိုင်မှုသည် နိုင်ငံရေးအရ ဂယက်များ ရိုက်ခတ်လာနိုင်သည်။ ရုတ်တရက် လူအများအပြား ဝင်ရောက်လာခြင်းသည် ယင်းနိုင်ငံအတွင်း နေရာထိုင်ခင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားအရင်းအမြစ်များကို လုံလောက်မှုမရှိစေဘဲ အကျပ်ရိုက် စေမည့်အပြင် ဒေသခံများ၏ စိတ်ရှည်သည်းခံနိုင်မှုအတွက်လည်း စမ်းသပ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ယင်းအခြေအနေမျိုးတွင် ရွှေ့ပြောင်းနေ ထိုင်သူများကို လက်ခံရေးတွင် သည်းခံနိုင်မှု အတိုင်းအတာနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အရိပ်အကဲကို ကြည့်နေရသည့် ဥရောပသမဂ္ဂကဲ့သို့ နိုင်ငံရေး ညွန့်ပေါင်းအဖွဲ့များအတွက် ကျယ်ပြန့်သည့်ဖိအားများရှိလာ စေမည်ဖြစ်သည်။

 

ဒုက္ခသည်အရေးနှင့် ဥရောပ၏ သဘောထားကွဲလွဲမှု

ယူကရိန်းစစ်ဘေးဒုက္ခသည် အရေးကို အသုံးချပြီး ဥရောပတွင် ၎င်း၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်မည့် ပူတင်၏ အားထုတ်ကြိုးပမ်းမှုများသည် ဆန်းသစ်သည့် နည်းဗျူဟာတော့ မဟုတ်ပေ။ ဆိုဗီယက်ခေတ်ကလည်း ယင်းကဲ့သို့ နည်းဗျူဟာမျိုးကို အသုံးပြုခဲ့ပြီး မတူညီသည့် ဘာသာရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာစကားကွဲလွဲမှု နောက်ခံသမိုင်းကြောင်းများအပေါ် အခြေခံပြီး သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးအရ တင်းမာမှုများ မြင့်တက်စေရန် လုပ်ဆောင်ခဲ့ဖူးသည်။

အနောက်နိုင်ငံများမှ အရာရှိများနှင့် ကျွမ်းကျင်သူများ၏ အဆိုအရ ပူတင်သည် ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်က ဥရောပသို့ စုပြုံဝင် ရောက်ခဲ့သည့် အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာကို ဖန်တီးရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ပြောကြားခဲ့ကြသည်။

ယင်းအချိန်က ရွှေ့ပြောင်းဒုက္ခသည် ၁.၃ သန်းခန့်သည် လုံခြုံမှုမရှိသည့် နေရာဒေသများတွင် နေထိုင်ရသည့်လူများကို တရားဝင်အကာအကွယ်ပေးသည့် ပုံစံတစ်မျိုး ဖြစ်သည့် ဒုက္ခသည်ခိုလှုံခွင့် တောင်းခံခဲ့ကြပြီး တစ်ချိန်တည်းမှာပင် အခြားရွှေ့ပြောင်းနေထိုင်သူများလည်း ဥရောပသို့ အုံလိုက်ကျင်းလိုက် ဝင်ရောက်ခဲ့ကြသည်။

ယင်း ရွှေ့ပြောင်းနေထိုင်သူအများစုမှာ ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံမှဖြစ်ပြီး ပူတင်နှင့် ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆက်သည် ဆီးရီးယားပြည်တွင်း စစ်တွင် ဗုံးများနှင့် အခြားလက်နက်များ အ သုံးပြုပြီး အရပ်သားများကို တူရကီနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်းသို့ ထွက်ပြေးဝင်ရောက်စေရန် ဖိအားပေးခဲ့ကြသည်ဟု အနောက်နိုင်ငံများက ယူဆခဲ့ကြသည်။

၂၀၁၆ ခုနှစ်က နေတိုးအဖွဲ့၏ စစ်ရေး တပ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး ဖီးလစ်ပရီဒ်လပ်ဗ်က ပူတင်နှင့် အာဆက်တို့သည် ဥရောပ၏ ဖွဲ့စည်းပုံနှင့် ဥရောပ၏ ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို ကျော်လွှားပယ်ဖျက်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ရွှေ့ ပြောင်းနေထိုင်သူအရေးကို လက်နက်သဖွယ် အသုံးပြုခဲ့သည်ဟု သတိပေးခဲ့သည်။

ယင်းအချိန်က အစုလိုက်အပြုံလိုက် ဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည် လှိုင်းလုံးကို ဖြေရှင်းရန်အတွက် ဥရောပသမဂ္ဂသည် တူရကီနိုင်ငံသို့ ရောက်ရှိနေသည့် ဆီးရီးယားဒုက္ခသည်များကို လက်ခံရန် သဘော တူခဲ့သည်။ သို့သော်လည်း ဟန်ဂေရီ၊ ပိုလန်၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံတို့က ဒုက္ခသည်များကို လက်ခံရန် ငြင်းဆိုခဲ့သည်။

ရလဒ်မှာ အီးယူနိုင်ငံများအကြား နိုင်ငံရေးတင်းမာမှုများဖြစ်ပွားခဲ့ပြီး ဆီးရီးယားဒုက္ခသည်အများအပြားကို လက်ခံခဲ့ခြင်းမရှိသည့် အီတလီနှင့် ဂျာမနီကဲ့သို့ နိုင်ငံများတွင် မျိုးချစ်နိုင်ငံရေးပါတီများနှင့် ရွှေ့ပြောင်းနေ ထိုင်သူများကို ဆန့်ကျင်မှုများ မြင့်တက်လာခဲ့သည်။

 

ရုရှား၏ လမ်းစဉ်ကိုလိုက်သည့် ပူတင်၏မဟာမိတ်နိုင်ငံများ

ယူကရိန်းစစ်ပွဲမဖြစ်ပွားမီ လအနည်း ငယ်အလိုက ရွှေ့ပြောင်းဒုက္ခသည်အရေးအပေါ် အသုံးချတတ်သည့် ပူတင်၏ လုပ်ဆောင်ချက်များသည် ရုရှား၏မဟာမိတ် ဘီလာရုစ် သမ္မတ အလက်ဇန်ဒါး လူကာရှန်ကိုအတွက် အတုယူစရာ ဖြစ်ခဲ့သည်။

လူကာရှန်ကိုက အီရတ်နှင့် အခြားနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများကို ဘီလာရုစ် နိုင်ငံအတွင်းသို့ ဝင်ခွင့်ပေးမည်ဖြစ်ပြီး ၎င်းတို့ကို ဥရောပသမဂ္ဂအတွင်းသို့ ဝင်ရောက်ရေးတွင် ကူညီပေးမည်ဟု လူသိရှင်ကြား ကြေညာခဲ့သည်။ ထို့ပြင် လူကာရှန်ကိုသည် ၎င်းနိုင်ငံ အတွင်း ရောက်ရှိလာသည့် ရွှေ့ပြောင်းနေ ထိုင်သူများကို ပိုလန်နယ်စပ်သို့ အခမဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပေးခဲ့သည်။

သို့သော်လည်း ပိုလန်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် ယင်းရွှေ့ပြောင်းနေထိုင်သူများကို ပိုလန်နိုင်ငံထဲမဝင်ရောက်စေရန် အင်အားသုံးပြီး တားဆီးခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်မူ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က လူကာရှန်ကို၏ နည်းဗျူဟာလည်း နှစ်မျိုးစပ် တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဒါဟာ ရွှေ့ပြောင်းနေထိုင်သူ အကျပ် အတည်းတစ်ခုမဟုတ်ပါဘူး။ ဒါဟာ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံတွေရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေအောင် လုပ်ဆောင်တဲ့ အစိုးရ တစ်ခုရဲ့အားထုတ်ကြိုးပမ်းမှုဖြစ်ပါတယ်။ ဒီ အားထုတ်မှုဟာ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။

လက်ရှိတွင် ယူကရိန်းစစ်ဘေးဒုက္ခသည်များကို အများဆုံးလက်ခံထားရသည့် နိုင်ငံများထဲတွင် ပိုလန်၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့ပါဝင်နေသည်။ ပိုလန်တွင် ယူကရိန်းစစ်ဘေးဒုက္ခသည် ၃.၁ သန်း၊ ဟန် ဂေရီတွင် ၅၅၀၀၀၀ နှင့် ဆလိုဗက်ကီးယားတွင် ၃၉၁၀၀၀ ခန့် လက်ခံထားသည်။

ဆီးရီးယားစစ်ပွဲက ကျင့်သုံးခဲ့သည့် ရုရှား၏ နည်းဗျူဟာများအတိုင်း ရုရှားစစ်တပ်သည် ယူကရိန်းတွင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် သန်းနှင့်ချီသည့် ယူကရိန်းအရပ်သားများသည် ၎င်းတို့ ၏နေအိမ်နှင့် နိုင်ငံကို စွန့်ခွာထွက်ပြေးနေရသည်။

 

ဥရောပသမဂ္ဂ၏ သည်းခံနိုင်မှု အတိုင်းအတာ

ဥရောပအသိုင်းအဝိုင်းအချို့က ယူကရိန်းစစ်ဘေးရှောင်များကို ဒုက္ခသည်များဟု မသုံးနှုန်းဘဲ ဧည့်သည်များဟု ခေါ်ဆိုနေကြပြီး အချို့ကမူ ယူကရိန်းစစ်ဘေးရှောင်များ၏ ဝန်ထုပ်ဝန်ပိုးကို မနိုင်မနင်း ထမ်းပိုးနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

ဥပမာပြရမည်ဆိုလျှင် ၀ါဆောတွင် ယူကရိန်းစစ်ဘေးရှောင် ကလေးငယ်များအတွက် ပညာသင်ကြားရန် စာသင်ကျောင်း ၇၅ ကျောင်း အသစ်ထပ်မံတည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။

“ဒီအခြေအနေဟာ မကြာခင်မှာ ပေါက်ကွဲတော့မယ့် ဗုံးကြီးတစ်လုံးကို ဖင်ခုထိုင်နေရသလိုပါပဲ။ ပိုလန်တွေဟာ သူတို့ရဲ့ ကနဦး ရက်ရောတဲ့အခြေအနေကို ဆက်လက်ထိန်းသိမ်းထားဖို့ အရင်းအမြစ်မရှိကြပါဘူး” ဟု ၀ါဆောအခြေစိုက် ရွှေ့ပြောင်းနေထိုင်သူများအရေး ဖိုရမ်၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ အဂ္ဂနဇ်ကာကိုဆိုဝစ်ဇ်က ပြောကြားခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်အထိ ဥရောပနိုင်ငံရေးသမားများက ယူကရိန်းစစ်ဘေးရှောင်ဒုက္ခသည်အရေးကို အကျပ်အတည်းတစ်ခုအဖြစ် ယူဆခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ယူကရိန်းများသည် လူဖြူများဖြစ်ပြီး ခရစ်ယန်ဘာသာဝင်များဖြစ်သောကြောင့် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူ အချို့က ပြောကြားခဲ့သည်။

အခြား ရွှေ့ပြောင်းနေထိုင်သူအရေးတွင် ယဉ်ကျေးမှုနှင့် လူမျိုးရေးအရ နှီးနွှယ်ဆက်စပ်မှုများရှိသော်လည်း နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုကို အမြဲတမ်းဟန့်တားနိုင်ခြင်းမရှိပေ။

ဥပမာပြရမည်ဆိုပါက တူရကီတွင် တူရကီဒေသခံများနှင့် ဆီးရီးယားဒုက္ခသည်များသည် မွတ်ဆလင်များဖြစ်သည်။ သို့သော်လည်း တူရကီပြည်သူများအကြား ဆီးရီးယားဒုက္ခသည်များ၏အရေးကို ၁၀ နှစ်ကြာ သည်းခံနိုင်ခဲ့သည့် သည်းခံနိုင်စွမ်းများမှာ တဖြည်း ဖြည်းလျော့ကျလာခဲ့သည်ကို လူထုသဘော ထားစစ်တမ်းများအရ သိရသည်။

ယင်းအချက်ကို ကောင်းကောင်းနားလည်သည့် ပူတင်က ဟန်ဂေရီ၊ ပြင်သစ်နှင့် အခြားနိုင်ငံများတွင် ရွှေ့ပြောင်းနေထိုင်သူ များကို ဆန့်ကျင်ရေးအတွက် စီးပွားရေးအရ စိတ်ဖိစီးမှုများ ရှိလာနိုင်သည့်အချက်ကို ကောင်းမွန်စွာ အသုံးချလာနိုင်ခြေရှိသည်။ ယင်းအခြေအနေသည် ဥရောပ၏ စည်းလုံး ညီညွတ်မှုနှင့် ဥရောပ၏ လုံခြုံရေးအတွက် ခြိမ်းခြောက်မှု အသစ်များဖြစ်လာနိုင်မည်ဖြစ်သည်။

Ref:CNA

 

Most Read

Most Recent