တရုတ်အပေါ်ထားရှိသည့် မူဝါဒကို ပြောင်းလဲဖွယ်မရှိသည့် သြစတြေးလျ အစိုးရအဖွဲ့သစ်

တရုတ်အပေါ်ထားရှိသည့် မူဝါဒကို ပြောင်းလဲဖွယ်မရှိသည့် သြစတြေးလျ အစိုးရအဖွဲ့သစ်
Photo:AFP
Photo:AFP
Published 26 May 2022
​​​​​​​မေသုတ

မေ ၂၁ ရက်က သြစ‌တြေးလျမဲဆန္ဒရှင်များသည် စကော့မော်ရစ်ဆင်ဦးဆောင်သည့် ဗဟို လက်ယာယိမ်းအစိုးရအဖွဲ့ကို မျက်ကွယ် ပြုပြီး အန်တိုနီအယ်လ်ဘနိစ်၏ ဗဟိုလက်ဝဲ ယိမ်းလေဘာပါတီကို ရွေးကောက်တင် မြှောက်ခဲ့ကြသည်။

မော်ရစ်ဆင်၏ သက်တမ်းသုံးနှစ်အတွင်း သြစတြေးလျနိုင်ငံသည် စီးပွားရေးအရ အနိုင်ကျင့်ခံရမှု၊ သံတမန်ရေးဖိအား၊ ဒီမိုကရေစီလမ်းစဉ်များတွင် ကြားဝင်စွက်ဖက်မှု၊ ပြည်ပစစ်ရေးတိုးချဲ့မှုများအပါအဝင် တရုတ်၏ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းအခြေအနေများကြောင့် မဲဆန္ဒရှင်များသည် အစိုးရအပြောင်းအလဲကို မျှော်လင့်ခဲ့ဖွယ်ရှိသည်။

မော်ရစ်ဆင်အစိုးရအဖွဲ့၏ ချီးကျူးဖွယ် အကောင်းဆုံး အောင်မြင်မှုတစ်ခုမှာ ၂၀၂၀ ပြည့်နှစ်မေလက စတင်ခဲ့သည့် တရုတ်အစိုးရ၏ စီးပွားရေးအရ ဖိအားပေးမှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက သြစတြေးလျသည် ၎င်း၏နိုင်ငံရေးကို ပြည်ပ၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်သည့် ဥပ‌ဒေသစ် ထုတ်ပြန်ခဲ့ပြီး တရုတ်ကုမ္ပဏီများကိုလည်း 5G ဆက်သွယ်ရေးစာချုပ်များမှ ဖယ်ထုတ်ခဲ့သည်။

ယင်းလုပ်ဆောင်မှုများကို တရုတ်အစိုးရက တုံ့ပြန်သည့်အနေဖြင့် သြစတြေးလျနိုင်ငံမှ တင်ပို့သည့် အမဲသား၊ ဘာလီ၊ ၀ိုင်၊ ကျွန်းသစ် နှင့် အြခားကုန်ပစ္စည်းများအပေါ် အခွန်များ တိုးမြှင့်ကောက်ခံခဲ့သည်။

သို့သော်လည်း ယင်းစီးပွားရေးဖိအားများကို သြစတြေးလျနိုင်ငံက ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး တရုတ် အပေါ်ထားရှိသည့် ၎င်း၏မူဝါဒများကို ပြောင်းလဲခြင်းမရှိခဲ့ပေ။ ထို့ပြင် သြစတြေးလျဝန်ကြီးများသည် တရုတ်၏ သံတမန်ရေးပိတ်ဆို့မှုများကို ဖောက်ထွက်ရန်ကြိုးပမ်းခဲ့ပြီး မော်ရစ်ဆင်အစိုးရအဖွဲ့ကလည်း တ ရုတ်နှင့်ပြေရာ‌ပြေကြောင်း ဆွေး‌နွေးပွဲများကို အလောတကြီးလုပ်ဆောင်လိုသည့်ပုံစံကို မပြခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သြစတြေးလျ၏ စီးပွားရေးအုတ်မြစ်မှာ အလွန်ခိုင်မာသောကြောင့် ယင်းကဲ့သို့ တင်းခံနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တရုတ်၏ စီးပွားရေးဖိအားများကို သက်သောင့် သက်သာရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ကာ တင်ပို့သူများကလည်း အခြားစျေးကွက်သစ်များကို ရှာဖွေနိုင်ခဲ့ကြသည်။

လက်ရှိအခြေအနေများအရ လေဘာ အစိုးရသစ်သည်လည်း မော်ရစ်ဆင်အစိုးရအဖွဲ့၏ ချဉ်းကပ်ပုံကို ဆက်လက်ထိန်းသိမ်းသွားဖွယ်ရှိသည်။ နိုင်ငံခြားရေးဝန်ကြီးသစ် ပန်နီ‌ဝေါင်က စီးပွားရေးနှင့် ပတ်သက်ပြီး တံခါးဖွင့်ထားသော်လည်း တရုတ်အစိုးရက အရင်ဆုံးလုပ်ဆောင်ရမည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။ ထို့ကြောင့် အစိုးရအဖွဲ့သစ်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် အလောတကြီး လုပ်ဆောင် သွားမည် မဟုတ်ပေ။

မော်ရစ်ဆင်အစိုးရအဖွဲ့သည် တွေးခေါ်မြော်မြင်မှုရှိရှိဖြင့် တရုတ်ကို စီးပွားရေးအရ တုံ့ပြန်ရန် စဉ်းစားခဲ့ခြင်းမရှိပေ။ မိမိနိုင်ငံ၏စီးပွားရေးမှာ ခိုင်မာမှုရှိနေသည့်တိုင် စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံနှင့် ထိပ်တိုက်တွေ့မည်ဆိုလျှင် ရေရှည်တွင် ကောင်းကျိုးမရှိမည့်အခြေအနေကို နားလည်ထား၍ ဖြစ်သည်။

 

တရုတ်စစ်အင်အားမြင့်တက်လာမှုအပေါ် ထိတ်လန့်ခြင်း

မော်ရစ်ဆင်အစိုးရလက်ထက်က တရုတ်နှင့်ပတ်သက်ပြီး သံတမန်ရေးမူဝါဒကို သိသိသာသာချဲ့ထွင်ခဲ့ခြင်း မရှိပေ။ ထိုအချိန်က တရုတ်၏ မြင့်တက်လာသည့် စစ်ရေးအင်အား၏ ဂယက်ရိုက်ခတ်မှုကို သုံးနှစ်ကြာ စိုးရိမ်ခဲ့ရသည်။

အာရှတွင် တင်းမာမှုများမြင့်တက်နေသည့်အခြေအနေသည် ၁၉၃၀ ပြည့်နှစ်ကာလ များက ဥရောပတွင် တင်းမာမှုများမြင့်တက်နေသည့်အခြေအနေကို ပြန်ပြောင်းသတိရစေသည်ဟု မော်ရစ်ဆင်က ၂၀၂၀ ပြည့်နှစ် တွင် ပြောကြားခဲ့သည်။

မကြာသေးမီကလည်း သက်ဦးဆံပိုင် အာဏာရှင်စနစ်သည် ကမ္ဘာကို ခြိမ်း‌ခြောက်နေသည်ဟု ၎င်းက သတိပေးခဲ့သည်။ မော်ရစ်ဆင်၏လက်ထောက်ဖြစ်သည့် နေရှင်နယ်ပါ တီခေါင်းဆောင် ဘာနာဘိုင်ဂျိုက်စ်ကလည်း တရုတ်သည် စစ်စခန်းများတည်ဆောက်ပြီး သြစတြေးလျကို ၀ိုင်းဝန်းပိတ်ဆို့ရန် စတင်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

မော်ရစ်ဆင်၏ ကာကွယ်ရေးဝန်ကြီး ပီတာဒတ်တန်ကလည်း အနောက်သြစတြေးလျပြည်နယ်ရှိ ရေငုပ်သင်္ဘော ဆက်သွယ်ရေး စက်ရုံနှင့် ရေမိုင် ၅၀ ကွာ‌ဝေးသည့် ကမ်းလွန်ရေပြင်တွင် တရုတ်သူလျှိုသင်္ဘောတစ်စင်း မောင်းနှင်ခဲ့မှုသည် ရန်စသည့်လုပ်ရပ်ဖြစ်သည်ဟု တရုတ်ကို စွပ်စွဲခဲ့သည်။

ထို့ပြင် သြစ‌တြေးလျသည် စစ်ရေးအင်အားကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။  သြစတြေးလျ၏ ၂၀၂၀ ပြည့်နှစ် ကာကွယ်ရေး မဟာဗျူဟာ မွမ်းမံမှုစာတမ်းတွင် ရန်ဘက် အင်အားစုများနှင့် အန္တရာယ်ရှိသည့် အခြေခံ အဆောက်အအုံများကို သြစတြေးလျနှင့် ‌ဝေးနိုင်သမျှ ‌ဝေးသည့်နေရာတွင် ရှိနေစေရန် အစိုးရက အလိုရှိနေသည့်ပုံစံမျိုး ဖော်ပြပါရှိခဲ့သည်။

ထို့နောက် သြစတြေးလျသည် မိုင်ထောင်ချီအကွာအ‌ဝေးရှိ မြေပြင်ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်းရှိသည့် ခရုစ်ဒုံးကျည်များကို ရေတပ်၏ ဖျက်သင်္ဘောအုပ်စုအတွက် ဝယ်ယူခဲ့သည်။ ယင်းလက်နက်ဝယ်ယူမှုမှာ တရုတ်ကို အမှားမခံကြောင်းအချက်ပြလိုက် ခြင်းဖြစ်သည်။

AUKUS နှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ

သြစတြေးလျ၏ နှစ်ရှည်ရည်မှန်းချက်မှာ ကြီးမားကြောင်းပြသသည့်အနေဖြင့် မော်ရစ်ဆင်အစိုးရသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလက အမေရိကန်၊ ဗြိတိန်တို့နှင့်AUKUS သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ယင်း သဘောတူညီချက်သည် ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးသတင်းဖြစ်ခဲ့သည်။

ယင်းသဘောတူညီချက်အရ အမေရိကန်နှင့် ဗြိတိန်တို့သည် သြစတြေးလျရေတပ်အတွက် နျူကလီးယား စွမ်းအင်သုံးရေငုပ် သင်္ဘော ရှစ်စင်း ပို့ဆောင်ပေးရမည်ဖြစ်သည်။

ယင်းသဘောတူညီချက်အရ သြစတြေးလျသည် အလွန်‌ဝေးကွာသည့် ကမ်းလွန်ရေပြင်များတွင် နျူကလီးယားရေငုပ်သင်္ဘောများအသုံးပြုပြီး စစ်ဆင်ရေးများပြုလုပ်နိုင်ခြေရှိသည့် အရိပ်လက္ခဏာကို ပြသခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အမေရိကန်နှင့် တရုတ်အကြား အားပြိုင်မှုများတွင် သြစတြေးလျနိုင်ငံကလည်း ၎င်း၏ ရေတပ် စစ်သင်္ဘောအုပ်စုအသစ်ဖြင့် အမေရိကန်ဘက်မှ ပါဝင်လာနိုင်သည့်အရိပ်လက္ခဏာကို တရုတ်ကို ပြသခဲ့ ခြင်းဖြစ်သည်။

ယင်းလုပ်ဆောင်ချက်များသည် တရုတ် ရေတပ်သင်္ဘောများကို ၎င်း၏ကမ်းခြေများ အနီးမှ ဖြတ်သန်းမောင်းနှင်များမရှိစေရန် သြစ‌တြေးလျ၏ အားထုတ်ကြိုးပမ်းမှုများဖြစ်သည်။

လက်ရှိ လေဘာအစိုးရသစ်လက်ထက်တွင်လည်း ယခင်အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများကို အလုံးစုံပြောင်းလဲဖွယ်မရှိဘဲ AUKUS သဘောတူညီချက်ကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ယခင်အစိုးရ၏ ကာကွယ်ရေးအသုံးစရိတ် ကတိကဝတ်များနှင့် ကိုက်ညီစေရန် လုပ်ဆောင်မည်ဟုလည်း ကတိပြုခဲ့သည်။

သို့သော်လည်း အပြောင်းအလဲတစ်ခုချင်းစီတိုင်းသည် အစိုးရအဖွဲ့သစ်အတွက် အခြေအနေကို အစကပြန်စခွင့်ရရှိမည့်အခွင့်အလမ်းလည်း ဖြစ်လာနိုင်သည်။ လေဘာ အစိုးရအဖွဲ့သည် တရုတ်နှင့် ထိပ်တိုက်တွေ့သည့်အချက်ပြမှုများကို လျှော့ချပြီး ကာကွယ်ရေးအစီအစဉ်သစ်များကို လုပ်ဆောင်ခွင့်ရှိသည်။

တရုတ်အစိုးရကမူ သြစတြေးလျဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် အယ်လ်ဘနိစ်ကို ဂုဏ်ပြုကြောင်း စာလွှာပေးပို့ခဲ့သည်။ တရုတ်၏ ဂုဏ်ပြုစာလွှာ  လက်ခံရရှိပြီးနောက် ဝန်ကြီးချုပ်အဖြစ် ကျမ်း သစ္စာကျိန်ဆိုခဲ့ပြီး တစ်ရက်အကြာ မေ ၂၄ ရက်မှာပင် အယ်လ်ဘနိစ်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင်Quad အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနိုင်ငံ များမှ ခေါင်းဆောင်များနှင့် အစည်းအဝေးပြု လုပ်ခဲ့သည်။

Quad မဟာမိတ်အဖွဲ့သည်လည်း ဒေသတွင်း တရုတ်၏ စစ်ရေးအင်အားကြီးမားလာမှုကို တန်ပြန်ရန်ဖွဲ့စည်းထားသည့်အဖွဲ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံထားရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန် ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့နှင့်အတူ ပြုလုပ်ခဲ့သည့်  ယင်းအစည်းအဝေးတွင် အယ်လ်ဘနိစ်က လွန်ခဲ့သည့် နှစ်နှစ်က သြစတြေးလျပို့ကုန် များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည့် တရုတ်၏ လုပ်ဆောင်မှုကို ပြစ်တင်ဝေဖန်ခဲ့သည်။

သူသည် တရုတ်ဝန်ကြီးချုပ် လီခယ် ကျင်းထံမှ ဂုဏ်ပြုစာလွှာကို လက်ခံရရှိခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း တရုတ်အစိုးရကို တစ်စုံတစ်ရာ အကြောင်းမပြန်ရသေးကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် အယ်လ်ဘနိစ် အစိုးရအဖွဲ့သည် လက်ရှိအချိန်တွင် အနောက်မဟာမိတ်အုပ်စုများနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဦးမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ၎င်း၏ အကြီးဆုံးကုန်သွယ် ဘက်ဖြစ်သည့် တရုတ်နှင့် ဆက်ဆံရေးကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်သွားရန်လိုအပ်လိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။     Ref: CNA                                   

Most Read

Most Recent