(၁၈) ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်

(၁၈) ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်
Published 25 May 2022

(၁၈) ကြိမ်မြောက် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မေ ၂၃ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီး ဦးချမ်းအေး တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

အစည်းအဝေးအား အာဆီယံ-ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E.EAT Sophia နှင့် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီး H.E. Igor Morgulov တို့က ပူးတွဲဥက္ကဋ္ဌများ အဖြစ် ဆောင်ရွက်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိ ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအ တွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ အာဆီယံနှင့် ရုရှားဖက် ဒရေးရှင်းနိုင်ငံတို့၌ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ပြီး အာဆီယံ၏ အချက်အခြာကျမှုကို အလေးထား၍ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း၊ အစည်းအဝေးတွင် (၄) ကြိမ်မြောက် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်နှင့် အာဆီယံ-ရုရှားလုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ တို့ကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရေး ထပ်လောင်း ကတိကဝတ်ပြုခဲ့ကြကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခေါင်းဆောင်များအစည်းအဝေး၏ တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ဆောင်ရန်အတွက် အာဆီယံ၏ ဦးဆောင်ဦးရွက်ပြုမှုများကို အစည်းအဝေးက ထောက်ခံခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် အာဆီယံညှိနှိုင်းရေးစင်တာမှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများကို ချီးကျူးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက အာဆီယံ-ရုရှားပူးပေါင်း ဆောင်ရွက်မှု၌ ဖြစ်ပေါ်တိုးတက်မှုများကို ကြိုဆိုခဲ့ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကျန်းမာရေး နှင့် ပြည်သူအချင်းချင်းဆက်နွယ် မှုတို့ကို ဦးဆောင်ဆွေးနွေးခဲ့ကာ အရေးပါသော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးတွင် အာဆီယံနှင့် ရုရှားပူးပေါင်းဆောင်ရွက်မှုများ ကို စဉ်ဆက်မပြတ် တိုးမြှင့်သွားရန် တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent