တစ်ချိန်က ကမ္ဘာကျော်ခဲ့တဲ့ နမ္မတူမြို့ဆီသို့

တစ်ချိန်က ကမ္ဘာကျော်ခဲ့တဲ့ နမ္မတူမြို့ဆီသို့
သတ္တုကျိုချက်ခဲ့သည့် နမ္မတူသတ္တုစက်ရုံပျက်ကြီး၏ အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်
သတ္တုကျိုချက်ခဲ့သည့် နမ္မတူသတ္တုစက်ရုံပျက်ကြီး၏ အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်
Published 1 May 2022
ထွန်းနေလှိုင် (နောင်ပိန်)

(၁) လားရှိုးကနေထွက်တော့ မွန်းလွဲ ၁ နာရီကျော်နေပြီ။ ဒီလမ်းခရီးကို အရင်က သွားဖူးသော်လည်း ကျွန် တော်က စိတ်ပူတတ်သူမို့ ဘယ်မြို့ကိုသွားသွား ဝီရိယထားပြီး စောစော သွားလေ့ရှိသည်။ ဒီကနေ့တော့ မနက်ပိုင်း အလုပ်လေးတွေ ရှိနေသေးတာမို့ နည်းနည်းနောက်ကျပြီးမှ ခရီးထွက်ဖြစ်ခဲ့သည်။

အမှန်တော့ လားရှိုးမြို့နှင့် နမ္မတူမြို့သည် သိပ်ဝေးလှသည်တော့မဟုတ်။ ၄၄ မိုင်သာရှိသည့် ခရီးအကွာအဝေးသာဖြစ်သည်။ လမ်းခရီးမှာ ကိုယ်က စီးတော်ယာဉ် တစ်ခုခု စက်ချို့ယွင်းပြီး ဒုက္ခများ မှာကြောက်လို့သာ စောစောခရီး ထွက်လာချင်မိရုံသာ။

လားရှိုးမြို့နှင့် နမ္မတူမြို့ကြားသည် တိုင်းရင်းသားလက်နက်ကိုင် အများစု ကျင်လည်လှုပ်ရှားသည့် နေရာလည်းဖြစ်သည့်အတွက် မကြာမကြာ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိသော နေရာများလည်းဖြစ်သည်။

လားရှိုးမှထွက်လျှင် အီနိုင်း၊ နားဆိုင်း၊ မန်စံ စသည့်ရွာကြီးများကို ဖြတ်ရသည်။ အီနိုင်းကျေးရွာကတော့ လားရှိုးမြို့နှင့်သိပ်မဝေးလှ။ နားဆိုင်းကျေးရွာအဝင်တွင်တော့ သတ္တုသယ်ရာတွင် အသုံးပြုခဲ့သည့် နှစ်ပေမျှသာကျယ်သည့် ရထားလမ်း ကျဉ်းကျဉ်းလေးကိုတွေ့ရသည်။ ထိုမီးရထားလမ်းသည် ဘော်တွင်းမှ သတ္တုရိုင်းများကို သယ်ဆောင်ရန်အတွက် ဘော်တွင်း-နမ္မတူ-နမ့်မျှော် အထိ ၄၄ မိုင်ကွာဝေးသော နှစ်ပေ သာကျယ်သည့် မီးရထားလမ်းကို ဖောက်ခဲ့ခြင်းဖြစ်သည်။

ထိုရထားလမ်းဖောက်လုပ်ခြင်းသည် ၁၉၀၉ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ဘော်တွင်းမှထွက်သောသတ္တုများကို ဘော်တွင်း-နမ္မတူ-နမ့်မျှော် ဘူတာမှတစ်ဆင့် လားရှိုး-မန္တလေး မီးရထားလမ်းအတိုင်း သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မီးရထားလမ်းကို ဖောက်လုပ်ပြီးစီးခဲ့သော်လည်း သယ်ယူစရိတ်ကြီးမြင့်သဖြင့် ၁၉၁၁ ခုနှစ်တွင် မန္တလေးရှိ စက်ရုံကိုဖျက်၍ နမ္မတူတွင် သတ္တုကျိုချက်စက်ရုံ တည်ခဲ့ကြသည်ဟု နမ္မတူရှိ သက်ကြီးဒေသခံတစ်ဦးက ဆိုသည်။

 

မန်စံကျေးရွာသည် လမ်းဆုံ ရွာကြီးတစ်ရွာ ဖြစ်ပြီး လားရှိုး-မန်စံ -ပန်လုံ-နမ့်ဆန်၊ လားရှိုး-မန်စံ- နမ္မတူ-မန်တုံ၊ နမ္မတူ-မန်စံ-သီပေါ -ကျောက်မဲ-နောင်ချို-ပြင်ဦးလွင်-မန္တလေးသို့ ခရီးဆက်နိုင်သည့် လမ်း ဆုံ၊ လမ်းခွဲ ကျေးရွာကြီးတစ်ရွာဖြစ်သည်။ နမ္မတူဘက်ကလာလာ၊ လားရှိုးဘက်က သွားသွား၊ နမ့်ဆန်ဘက် က ဆင်းလာလာ မန်စံကျေးရွာ ရောက်လျှင် ယာဉ်များ ခရီးတစ်ထောက်နားကာ ခရီးသည်များ အဆာပြေစားသောက်လေ့ရှိသော ရွာဖြစ်သည်။

မန်စံကျေးရွာရောက်တော့ ကျွန်တော်ကဆိုင်တစ်ဆိုင်တွင် ထိုင်ပြီး မန်စံရွာ၏ နာမည်ကြီး ဝက်သား ချဉ်ကိုမှာစားသည်။ ဆိုင်ရှင်က ဝက်သားချဉ်တစ်ထုပ် လေးရာ သုံးထုပ် တစ်ထောင်ဟု ပြောပြီးသုံးထုပ်ထည့် လိုက်မည်ဟုပြောသည်။ကျွန်တော်က ရပြီ သုံးထုပ်ဆို ကျွန်တော်မကုန်ဘူး။ နှစ်ထုပ်ပဲထည့်ပေးပါဟု ပြောတော့ ဆိုင်ရှင်က ကျွန်တော့်ကို ပြုံးစေ့စေ့နှင့်ကြည့်နေသည်။ ခဏအကြာမှာထားသည့် ဝက်သားချဉ် လာချတော့ ဟုတ်ပေသားပဲ။ ဝက်သား ချဉ်တစ်ထုပ်မှ တစ်လုတ်စာတောင် မရှိ။ ဒါကြောင့် ဆိုင်ရှင်က ပြုံးစေ့စေ့ နှင့်ကြည့်နေသည်ကိုး။ ကျွန်တော် နှင့်သမီး ထိုဝက်သားချဉ်ကို သုံးထောင်ဖိုးလောက် ဝယ်စားလိုက်ရသည်။ ဒါတောင် နှစ်ယောက်သား ခံတွင်းသိပ်မနှံ့ခဲ့။

ဆရာ မြသန်းတင့်၏ “လွမ်းမောဖွယ်ကမ္ဘောဇ” စာအုပ်ထဲတွင် မန်စံရွာ၏ လက်ဖက်ရည်သည် ပထမ တန်းစားလက်ဖက်ရည်ဖြစ်ကြောင်း ညွှန်းဆိုခဲ့ဖူးသည်။ မြန်မာနိုင်ငံ၏ လက်ဖက်အဓိကထွက်ရှိရာ ရွှေဖီဦး လက်ဖက်ခြောက်နှင့် ဖျော်ထားသည်မို့ လက်ဖက်နံ့လေးက သင်းမွှေးလှသည်ဟု ဆိုထားသည်။

မန်စံရွာရောက်တော့ နှစ်နာရီခွဲကျော်ကျော်သာ ရှိသေးသည်မို့ နမ္မတူသို့ သက်သောင့်သက်သာ အေးအေးဆေးဆေး သွားလို့ရပြီ။ မန်စံနှင့် နမ္မတူက တစ်ဆယ့်လေးမိုင် သာဝေးတော့သည် မဟုတ်လား။ လမ်းခရီးလည်း လားရှိုး- မန်စံကြားလောက် အကွေ့အကောက် သိပ်မရှိတော့။

နွေဦးရာသီမို့ ဘေးပတ်ဝန်းကျင်တွင်တော့ တောင်ယာများခုတ်ထွင်ရှင်းလင်းကာ တောမီးရှို့ထား သည့်မြင်ကွင်းများ မြင်တွေ့ရလေ့ရှိသည်။ ယခင်က မြင်တွေ့ရလေ့မရှိခဲ့သည့် ရော်ဘာစိုက်ခင်းများလည်း တွေ့ရသည်။

တကယ်တော့ လားရှိုး-နမ္မတူလမ်းသည် ယခင်နှင့်လားလားမှ မတူသည်မှာသေချာလှသည်။ “အရင်တုန်းကဆို ကျွန်မတို့ နမ္မတူကနေ မန္တလေးကို သွားချင်ရင် မနက် ၄ နာရီလောက် ထသွားကြရတယ်။ လမ်းကဒီလိုလည်း မကောင်းဘူး။ အရင်ခေတ်ကတော့ ဒိုင်နာလိုကားမျိုး စိုင်းဆိုင်မောဝ်သီချင်းထဲကလို ဂျီအမ်စီလိုကားမျိုးနဲ့ပေါ့။ မနက် ၄ နာရီလောက်ထသွားမှ မန္တလေးကို ည ၉ နာရီ ၁၀ နာရီ လောက်မှရောက် တာ။အခုတော့ အဲဒီလိုမဟုတ်တော့ဘူး။ မနက် ၆ နာရီလောက်သွားရင် နေ့ခင်း ၁ နာရီလောက်ဆို မန္တလေး ကိုရောက်ပြီ” ဟု နမ္မတူမြို့ ဒေသခံ တစ်ဦးက ပြောသည်။

နမ္မတူမြို့အဝင်ရောက်တော့ စစ်ဆေးရေးဂိတ်ငယ်လေးတစ်ခုကို တွေ့ရသည်။ ဘယ်ကလာသလဲ။ ဘာသွားလုပ်မလို့လဲ စသည်ဖြင့် လုံခြုံရေး အခြေအနေအရ စစ်ဆေးရေးတော့ လုပ်သည်။ ကျွန်တော်တို့ ကအလည်လာတာပါဟုပြောပြီး မြို့တွင်းသို့ ဝင်ခဲ့ကြသည်။

နမ္မတူဟူသော အသံထွက်မှာ ရှမ်းဘာသာအသံထွက်ဖြစ်ပြီး ရေပုပ်ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။ နမ္မတူမြို့အနီးမှ စီးဆင်းသော နမ္မတူချောင်းသည် သီပေါဘက်သို့ စီးဆင်းပြီး ၎င်းသည် ဒုဋ္ဌဝတီမြစ်၏ မြစ်ဖျားခံရာ ချောင်းတစ်ခုလည်း ဖြစ်သည်။

ဆရာ မြသန်းတင့်က နမ္မတူချောင်းအတွင်းသို့ စီးဝင်သော နမ့်ပန်ယွန်းချောင်းအတွင်းသို့ ဘော်တွင်းမှ သတ္တုဆေးသော ရေများစီးဝင်ကာ ချောင်းရေသည် နောက်ကျိ စွာဖြင့် မြို့အနီး ဖြတ်သန်းစီးဆင်းသွားကြောင်း၊ ထိုသတ္တုရေပုပ်များ ဖြတ်စီးဆင်းရာနေရာတွင် တည်ထားသောမြို့ဖြစ်သောကြောင့် နမ္မတူဟုခေါ်တွင်ကြောင်း ရေးသား ထားသည်ကို ဖတ်ဖူးခဲ့သည်။

နမ္မတူမြို့အဝင်တွင်တော့ နမ္မတူချောင်းက စီးကြိုနေသည်။ အရင်က သံတံတားဖြစ်သော်လည်း အခုတော့ ကွန်ကရစ်တံတားသစ် ကြီးဖြစ်သွားလေပြီ။ သံတံတားကတော့ ခပ်လှမ်းလှမ်း နေရာမှာ ကျန်ခဲ့ပြီ။ အရင်ကမြို့အဝင်တွင် သံတံတားပေါ်ဖြတ်သန်းရန် တောင်ဆင်း လမ်းအတိုင်း ကွေ့ကောက်ပြီးသွားရသည်။

အခုတော့ ကွန်ကရစ်တံတားကြီးပေါ် မြို့အဝင်တောင်ဆင်းလမ်း အတိုင်း တည့်တည့်မတ်မတ်။

နမ္မတူမြို့လေးသည် ရှမ်း၊ ဗမာ၊ တအာင်းပလောင် တိုင်းရင်းသား အများစုနေထိုင်ကြသည်ကို တွေ့ရပြီး မြို့အနေအထားမှာ တောင်ကုန်း နှင့်ချိုင့်များအတွင်း နေအိမ်များ တည်ဆောက်ကာ တည်ထားသော မြို့ဖြစ်သည်။အခြေချနေထိုင်ကြသူများမှာ ဒေသခံများအပြင် မြေပြန့်ဒေသ၊ မြေလတ်ဒေသနှင့် အညာ ဒေသတို့မှ ဇာတိချက်ကြွေဖြစ်ခဲ့သူ များလည်းပါသည်။ သတ္တုတွင်းတွင် ဝန်ထမ်းလာလုပ်ရင်း နမ္မတူမြို့လေး တွင် အခြေချနေထိုင်ခဲ့ကြသူများ ဖြစ်သည်။ တောင်ပေါ်မြို့လေးဖြစ်သည့် အတွက် မြို့တွင်းလမ်းများသည် ကျဉ်းလွန်းလှသည်။

အရင်က သတ္တုတွင်းလုပ်သားများ၊ သတ္တုတွင်းဝန်ထမ်းများဖြင့် ပြည့်နှက်စည်ကားခဲ့သော မြို့ငယ်လေးသည် အခုတော့ ဒေသထွက်သီးနှံများနှင့် ကုန်စည်အရောင်း အဝယ်လုပ်ငန်းဖြင့်သာ လည်ပတ် ကျင်လည်နေသည့် ပုံစံတွေ့ရသည်။

 

(၂) ယခင်တုန်းက သတ္တုတွင်း အလုပ်သမားများနှင့် စည်ကားနေခဲ့သော သတ္တုကျိုချက်စက်ရုံကြီးသည် အခုတော့ သွေ့ခြောက်နေလေပြီ။ အသုံးမပြုတော့သည့် သတ္တုကျို ချက်သည့် စက်ရုံပျက်ကြီးထဲတွင် အစောင့်တွေ တစ်ယောက်စ နှစ်ယောက်စတွေ့သည်။

“အရင်တုန်းကတော့ ဒီနေရာက စက်သံတွေနဲ့ သတ္တုတွင်းအလုပ်သမားတွေနဲ့ နိစ္စဓူဝ လည်ပတ်နေ ခဲ့တဲ့နေရာပေါ့။ အခုတော့ စက်ရုံပျက်ကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီနေရာက တကယ့်သမိုင်းဝင်တယ်နော်။ စက်ယန္တရားတွေက အခုထက်အထိ ရှိနေသေးတယ်။ ဒီလို စက်ပစ္စည်းမျိုး ဘယ်နေရာမှာမှ တွေ့ရဖို့မလွယ်လှ ဘူး။ နမ္မတူကိုရောက်လာသူတိုင်း အတော်များများ ဒီစက်ရုံကို လာလေ့လာကြတယ်။ ဒီစက်ရုံပျက်ကြီး ထဲကို ဝင်ချင်တိုင်း ဝင်လို့တော့မရဘူးပေါ့။ သက်ဆိုင်ရာကို သတင်းပို့ ပြီး ခွင့်ပြုမှ ဝင်လေ့လာလို့ရတာပေါ့။ စက်ရုံထဲမှာနေ့ည ဂျူတီသမားတွေရှိတယ်။ စက်ရုံပျက်ကြီးဆိုပေမဲ့ အစောင့်မထားရင် ဒီအထဲကပစ္စည်းတွေ အကုန်ပျက်စီးပျောက်ဆုံးကုန်မယ်လေ။ဒါကြောင့် နေ့ည ဂျူတီသမားတွေ စောင့်ကြတာပေါ့” ဟု နမ္မတူ သတ္တုစက်ရုံအတွင်း တာဝန်ကျ အစောင့်တစ်ဦးက ပြောသည်။

နမ္မတူမြို့လေးသည် ယခင်က ဘော်တွင်းသတ္တုတွင်းကြောင့် အထူးစည်ကားခဲ့သော သတ္တုမြို့တော် လေးတစ်မြို့ဖြစ်ခဲ့သည်။ ထိုဒေသကို နမ္မတူ-ဘော်တွင်းဟု တွဲလျက် ခေါ်တွင်ကြသော်လည်း နမ္မတူနှင့် ဘော် တွင်းသည် ၁၂ မိုင်ခန့်ဝေးကွာသည်။ နမ္မတူတွင် ဘော်ချက်စက်ရုံကြီးရှိပြီး ဘော်တွင်းမှတူးဖော်ရရှိသော သတ္တု ရိုင်းများကို သန့်စင်ကျိုချက်သည့် လုပ်ငန်းကို လုပ်ကိုင်ကြောင်း သိရသည်။

နမ္မတူသည် ဘော်တွင်းမှ သတ္တုတူးဖော်ခြင်းလုပ်ငန်းကို အကြောင်းပြုပြီး ထင်ရှားခဲ့သောမြို့ ငယ်လေးတစ်မြို့ ဖြစ်သည်။

ဘော်တွင်းမိုင်းသည် လွန်ခဲ့သည့် ရှေးနှစ်များစွာကတည်းက တရုတ်တို့က တူးဖော်ခဲ့ကြပြီးနောက် ၁၈၆၈ ခုနှစ်တွင် တရုတ်တို့ကနေရပ် ပြန်ကုန်ကြသဖြင့် ဘော်တွင်း၏ အသက်သွေးကြောဖြစ်သော သတ္တုရှာ ဖွေတူးဖော်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

၁၉၀၄ ခုနှစ်တွင် ဗြိတိသျှလူမျိုး အေစီမာတင်နှင့် အမေရိကန် နိုင်ငံသား ဟားဗတ်ဟူးဗားတို့ ဘော်တွင်းမိုင်းကို ပြန်လည်အသက်သွင်းရန် ရောက်ရှိလာခဲ့ပြီးနောက် ဘော်တွင်းမိုင်းသည် တစ်ဖန် အသက်ပြန် ဝင်လာခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ဟားဗတ်ဟူးဗားသည် သတ္တုတွင်းအင်ဂျင်နီယာဖြစ်ပြီး ကုမ္ပဏီထူထောင်ကာ ဘော်တွင်းမိုင်းကို ပြန် လည်ထူထောင်နိုင်ခဲ့သဖြင့် သန်းကြွယ်သူဌေးတစ်ဦးဖြစ်ခဲ့ကာ အင်ဂျင်နီယာဘဝမှ အနားယူခဲ့ပြီး နိုင်ငံ ရေးနယ်ပယ်သို့ဝင်ရောက်ကာ ၁၉၂၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ၃၁ ဦးမြောက် သမ္မတ ဖြစ်ခဲ့သည်။

နှစ်အဆက်ဆက် ခေတ်အဆက်ဆက် ဘော်တွင်းသတ္တုတွင်းကို အမှီသဟဲပြုခဲ့သော သတ္တုလုပ်သား အများအပြားရှိခဲ့သလို နမ္မတူမြို့လေးသည်လည်း သတ္တုသန့်စင်စက် ရုံနှင့် ဘော်တွင်းသတ္တုတွင်းသို့ ဥဒ ဟိုသွားလာနေရသည့် သတ္တုဝန်ထမ်းများကြောင့် စည်ကားခဲ့သည်။

အခုတော့ ထိုကာလများ လွန်မြောက်ခဲ့လေပြီလားမသိ။

လွန်ခဲ့သည့်နှစ်များစွာက စည်ကားနေခဲ့သော မြို့လေးသည် အခုတော့ ကုန်စည်ရောင်းဝယ်ရေး၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ နှင့် ကျင်လည်နေသယောင်ရှိနေသည်။

သတ္တုသန့်စင်စက်ရုံကြီးသည်လည်း ယခုတော့ ငြိမ်သက်နေသည်။ အငွေ့တလူလူ ထွက်နေသော မီးခိုး ခေါင်းတိုင်ကြီးလည်း တောင်ပေါ်တွင် ထီးထီးကြီးအထီးကျန်စွာ မီးခိုးမဲ့နေသည်။ စက်ရုံမှ မီးခိုးခေါင်းတိုင် သို့ သွယ်တန်းထားသော မီးခိုးထွက် လိုင်းတစ်လျှောက်လည်း ပျက်စီးနေပြီ။

သတ္တုသယ်ဆောင်ရာတွင် အသုံးပြုသည့် နှစ်ပေမျှသာကျယ်သော မီးရထားလမ်းလေးပေါ်လည်း ဖြတ်သန်းသူမရှိ။ ကျယ်ဝန်းလှသော သတ္တုသန့်စင်စက်ရုံကြီးသည် တိတ်ဆိတ်နေသည်။ လှုပ်ရှား သွားလာနေ သူ တစ်ယောက်စ နှစ်ယောက်စသာ တွေ့တော့သည်။ တောင်ခြေအနီးတွင်တော့ တစ်ချိန်က ဒီစက်ရုံကြီး ကြောင့် အလွန်စည်ကားခဲ့သော နမ္မတူမြို့လေးကိုတွေ့ရသည်။

(ဆက်လက်ဖတ်ရှုပါရန်)

Most Read

Most Recent