စီးပွားရေးပိတ်ဆို့မှုများနှင့် မတည်ငြိမ်မှုများက စီးပွားရေးအပေါ် သက်ရောက်မှုများရှိပြီး လက်ရှိတွင် စီးပွားရေးတိုးတက်မှု ပိုမိုနှေးကွေးနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

စီးပွားရေးပိတ်ဆို့မှုများနှင့် မတည်ငြိမ်မှုများက စီးပွားရေးအပေါ် သက်ရောက်မှုများရှိပြီး လက်ရှိတွင် စီးပွားရေးတိုးတက်မှု ပိုမိုနှေးကွေးနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
မြန်မာနိုင်ငံ၏နှစ်အလိုက် GDP တိုးတက်မှုနှုန်းကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏နှစ်အလိုက် GDP တိုးတက်မှုနှုန်းကို တွေ့ရစဉ်
Published 22 April 2022

စီးပွားရေးပိတ်ဆို့မှုများနှင့် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မတည်ငြိမ်မှုများရှိနေခြင်းက စီးပွားရေးအပေါ် သက် ရောက်မှုများဖြစ်ပေါ်နေကြောင်း၊ လက်ရှိကာလတွင် စီးပွားရေးတိုးတက်မှု ပိုမိုနှေးကွေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဧပြီ ၂၁ ရက်က ပြည်ပသတင်းဌာနများအား ဗွီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ၍မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ယခုကဲ့ သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအစိုးရလက်ထက်တွင် ယခင့်ယခင် အစိုးရများနှင့်မတူသည့် စိန်ခေါ်မှုများစွာရှိပါကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများ ရှိသကဲ့သို့ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မတည်ငြိမ်မှုများရှိပါကြောင်း၊ ထိုအရာများသည် စီးပွားရေးအပေါ်သက်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

သို့သော်လည်း COVID-19 ရောဂါ ယခုအချိန်တွင် ထိန်းချုပ်နိုင်သည့် အနေအထားရောက်ရှိသည့်အတွက် ပြန်လည်ဖွင့်လှစ် နိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ COVID-19  ကပ်ရောဂါနှင့် ဆက်စပ်၍လည်း နိုင်ငံ၏စီးပွားရေးမှာ တိုးတက်မှုနှေး ကွေးခဲ့ရပါကြောင်း၊ အထူးသဖြင့် ယခုကာလတွင် ပိုမိုနှေးကွေးနေရသည်ကို တွေ့ရပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက် ရန် ရည်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ရန်၊ ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန် စျေးနှုန်းအရ လယ်ယာကဏ္ဍတွင် ၂ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ရန်၊ သားငါးကဏ္ဍတွင်  ၁ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရန်၊ သစ်တော ကဏ္ဍတွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန် ၊စွမ်းအင်ကဏ္ဍတွင် ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန်၊ သတ္တုနှင့်တွင်းထွက်ပစ္စည်း ကဏ္ဍတွင် ၂၁ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရန်၊ စက်မှုလက်မှုကဏ္ဍတွင် ၄ ဒသမ ၅ ရာခိုင် နှုန်းတိုးတက်ရန်၊ လျှပ်စစ်ဓာတ်အား ကဏ္ဍတွင် ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ရန်၊  ဆောက်လုပ်မှုကဏ္ဍတွင် ၂ ဒသမ ၉ ရာခိုင် နှုန်းတိုးတက်ရန်၊ ပို့ဆောင်ရေးကဏ္ဍတွင် ၄ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ရန်၊ ဆက်သွယ် ရေးကဏ္ဍတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ ငွေရေးကြေးရေးကဏ္ဍတွင် ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရန်၊ လူမှုရေးနှင့်စီမံခန့်ခွဲ ရေးကဏ္ဍတွင် နှစ်ရာခိုင်နှုန်းတိုးတက်ရန်၊ ကုန်သွယ်မှုကဏ္ဍတွင် ၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်ဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ ကချင်ပြည်နယ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်၊ ကယားပြည်နယ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ ကရင်ပြည်နယ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ ချင်းပြည်နယ်တွင် ၂ ဒသမ ၆ရာခိုင်နှုန်းတိုးတက်ရန်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ရန်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃ ဒသမ ၀ ရာခိုင်နှုန်းတိုးတက်ရန်၊ ပဲခူးတိုင်းဒေသကြီးတွင် လေးရာခိုင်နှုန်းတိုးတက်ရန်၊ နေပြည်တော်ကောင်စီနယ်မြေတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားသည်။

 

 

Most Read

Most Recent