သိန်း ၂၀ ကျော်လာသည့် ရွှေစျေးနှင့် အကျမရှိ အတက်သာရှိသော စက်သုံးဆီစျေး

သိန်း ၂၀ ကျော်လာသည့် ရွှေစျေးနှင့် အကျမရှိ အတက်သာရှိသော စက်သုံးဆီစျေး
Published 27 March 2022
ဇော်မင်းနိုင်

၂၀၂၂ ခုနှစ်နဲ့နှစ်လယ်ပိုင်းမှာတော့ တအိအိတက်လာတဲ့ရွှေစျေးနှုန်းမှာ ကျပ်သိန်း ၂၀ ကျော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ နေ့စဉ်ထုတ်ပြန်ချက်အရ ရွှေစျေးနှုန်းမှာ ကျရိပ်  အနည်းငယ်ပြပြီး အတက်စျေးနှုန်းဖြင့်သာ တောက်လျှောက်ရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

မတ် ၂၆ ရက် မွန်းလွွဲပိုင်းစျေးနှုန်းများအရ တစ်ကျပ်သားလျှင် ကျပ်သိန်း ၂၀ ငါးသောင်းငါးထောင် စျေးရှိခဲ့သည်။ ယင်းအချိန်တွင် ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် ၁၉၅၇ ဒေါ်လာစျေးရှိသည်ကို တွေ့ရသည်။

“ရွှေစျေးက ကမ္ဘာ့ရွှေစျေးနဲ့ အမြဲတမ်းချိန်တယ်။ ကမ္ဘာ့ရွှေစျေးက တက်တာနဲ့  ပြည်တွင်းစျေးတက်တာပေါ့” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေစျေးနှုန်းမှာ နှစ်လကျော် ကာလအတွင်း ကျပ်နှစ်သိန်းကျော်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည် ဟု ဆိုနိုင်သည်။

ဇန်နဝါရီ  ၁၅ ရက်က အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်း ခြောက်သောင်းသုံးထောင်တွင် ရှိခဲ့ရာမှ မတ်လလယ်ပိုင်းတွင် ကျပ်သိန်း ၂၀ သို့ ရောက်ရှိလာခဲ့ ခြင်းဖြစ်သည်။

ရွှေစျေးမှာနိုင်ငံရေးအပြောင်းအလဲမဖြစ်မီကာလက အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၄ သိန်း နှစ်သောင်းသာရှိခဲ့ပြီး တစ်နှစ်နီးပါး အကြာတွင် ၁၈ သိန်းခွဲကျော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တစ်နှစ်နီးပါးအကြာတွင် ကျပ်လေးသိန်းခွဲနီးပါးအထိ မြင့်တက်လာခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ် အထိ ပြည်တွင်းရွှေစျေးနှုန်းစံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန်တင် စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက် တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉  ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်၌ ကျပ် ၁၄၂၀ ၀၀၀ ဖြစ်သည်။

ထို့ပြင် ပြည်တွင်းငွေလဲနှုန်း မြင့်တက်မှုကြောင့် ရွှေစျေးမှာ ကျပ် သိန်း ၂၀ ကျော်သို့ ရောက်ရှိလာခဲ့ ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

လက်ရှိတွင် ပြင်ပငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၂၀၂၀ မှ ကျပ် ၂၀၅၀ အတွင်းရှိနေသည်။

“ဒေါ်လာကို ထိန်းနိုင်ရင်လည်း ရွှေစျေးပြန်ကျမယ်” ဟု ဦး မျိုးမြင့်က ပြောကြားသည်။

ရွှေစျေးများမြင့်တက်လာခြင်းကြောင့် စျေးကွက်အတွင်း ဝယ်ယူသူ မရှိသလောက် နည်းပါးနေပြီး ပြန်လည်ရောင်းချသူများသာရှိနေသည်ဟု ရန်ကုန်ရွှေစျေးကွက်အတွင်းမှ သိရသည်။

“ဒီစျေးတွေနဲ့ကျတော့ ဝယ်ယူစုဆောင်းတဲ့သူက မဝယ်နိုင်ကြဘူး။ နောက်ပြီးတော့ နယ်ကပစ္စည်းတွေလည်း အဝယ်များတယ်”  ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်းရွှေစျေးနှုန်း တည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များကို စာရင်းကောက်ယူမည်ဖြစ်ပြီး ဆိုင်များ၏ တစ်နေ့တာရောင်းရသည့်ပမာဏကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ နေ့စဉ် ပေးပို့ရမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“ဗဟိုဘဏ် ဒုဥက္ကဋ္ဌက နိုင်ငံတကာ စျေးကွက်အတွင်း ပြည်တွင်းက စျေးကွက်ကို ဖြစ်ချင်တယ်ပေါ့။ အဲဒီတော့ ပြည်တွင်းမှာရှိတဲ့ ရွှေရောင်းဝယ်နေတဲ့စာရင်းကို သူက ကောက်ချင်တယ်။ နိုင်ငံခြားက ဝင်တာတွေရော၊ နိုင်ငံခြားကို သွားတာတွေရောပေါ့။ အဲဒါမျိုးပေ့ါ။ နောက် စျေးနှုန်းဖွင့်တဲ့အချိန်မှာ အချက်အလက်တွေပေါ့။ အဲဒီအချက်အလက်တွေကို သူကလိုချင်တာကို သူက ပြောတာပေါ့။ အခုရွှေဆိုင်စာရင်းတွေ ကောက်တာတို့၊ ရွှေဆိုင်တွေ မှာ တစ်နေ့ဘယ်လောက်ရောင်းရတာတို့ နောက်ပိုင်းကျရင် အဲဒါတွေ စာရင်းတောင်းမှာပေါ့။ အဓိကတော့ နိုင်ငံတကာစျေးကွက်နဲ့ ချိတ်ဆက်ချင်တာပေါ့။ ပြည်တွင်းမှာလည်း ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ သတ်သတ်မှတ်မှတ် သိချင်တာပေါ့” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေစျေးကွက် အတက်အကျ ထိန်းနိုင်ရန်အပြင် ကမ္ဘာ့စျေးတက်သည်ကို အကြောင်းပြုပြီး ပြည်တွင်း ရွှေစျေးနှုန်းမကျရန် လုပ်ဆောင်နေသည်များကိုလည်း အရေးယူမည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ဦးမျိုးမြင့်က ဆိုသည်။

“အဓိက စျေးကစားတဲ့သူတွေကိုပေါ့။ ရွှေစျေး မတည်မငြိမ်ဖြစ်အောင် လုပ်တဲ့သူတွေကို ထိန်းကျောင်းမယ်လို့ပြောတာပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ပြီးခဲ့သည့်လပိုင်းက ရွှေနှင့်ဒေါ်လာစျေး  ကစားသူများကိုအရေးယူရန်နှင့် စျေးကွက်ကို ထိန်းကျောင်းရန် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီးနောက် လုပ်ငန်းစဉ်များ ဆက်လက် လုပ်ကိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ဒါက ရွှေအုပ်စုပေါ့။ နောက်တစ်ဖွဲ့က ဒေါ်လာစျေးကိစ္စပေါ့။ အဲဒီအတွက်လည်း စျေးကွက်ကို ထိန်းနိုင်ဖို့ လုပ်မှာပေါ့”ဟု ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။

ယင်းသို့ ဖွဲ့စည်းပြီးနောက်တွင် ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ်သိန်း ၂၀ အထက်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရာ စျေးကစားခြင်းနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် မည်မျှထိန်းကျောင်းနိုင်မည်ကို ဆက်လက် စောင့်ကြည့်ရမည်သာဖြစ်သည်။

 

ကျရိပ်အနည်းငယ်သာပြပြီး တစ်ရှိန်ထိုးတက်လာသည့် စက်သုံးဆီစျေး

ဇန်နဝါရီ ၄ ရက်က တစ်လီတာလျှင် ကျပ် ၁၄၀၀ သာရှိသည့် စက်သုံးဆီစျေးမှာ မတ် ၂၆ ရက် တွင် တစ်လီတာလျှင် ကျပ် ၂၀၅၅ ကျပ်သို့ ရောက်ရှိလာခဲ့သည်။

ယင်းကြောင့် နှစ်လကျော်ကာလအတွင်း တစ်လီတာလျှင် ကျပ် ၆၀၀ ကျော်မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံရေးအပြောင်းအလဲမဖြစ်ပေါ်မီက ၉၂ တစ်လီတာလျှင် ကျပ် ၆၂၀ ဝန်းကျင်၊ ၉၅ တစ်လီတာလျှင် ကျပ် ၇၅၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်အပြီး တစ်နှစ်နီးပါးခန့်အကြာတွင် စက်သုံးဆီစျေးနှုန်းမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ် တစ်လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံ ဒီဇယ်တာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ခဲ့သည့် စာရင်းအရ သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ကာ မြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။

ဧပြီလအတွင်း ရောက်ရှိခဲ့သည့်စျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ၉၂၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၉၃၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၉၂၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၁၀၀၅ ကျပ်သို့ရောက်ရှိခဲ့ရာ ဖေဖော်ဝါရီလထက် ရာခိုင်နှုန်း ၃၀ ခန့်မြင့်တက်ခဲ့ပြီး စျေးနှုန်းအားဖြင့် တစ်လီတာလျှင် ကျပ် ၂၅၀ မှ ကျပ် ၃၀၀ အထိမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက် နှင့် NLD အစိုးရ အလွှဲအပြောင်း ကာလဖြစ်သော ၂၀၁၆ ခုနှစ် ဧပြီလတွင် စက်သုံးဆီလက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါ လန် ၂၂၇၀ ကျပ်)၊ ပရီမီယံဒီ ဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်)၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) စျေးတွင် ရှိခဲ့သည်။

လက်ရှိအချိန်တွင် စက်သုံးဆီ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အငှားယာဉ်မောင်းနှင်သူများနှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများမှာ ထိခိုက်နစ်နာလျက်ရှိကြောင်းသိရသည်။

“အခုက ဆီစျေးတွေတက်လာ တော့ အရင်လို ကားဆွဲရတာအဆင်မပြေတော့ဘူး။ စျေးက မသိမသာနဲ့ တက်လာတာ။ ဟိုးတစ်ခါလို ဝုန်းခနဲ ဆောင့်တက်တာတော့ မဟုတ်ဘူး။ အဲဒီတုန်းက ဆီစျေးက တက်လိုက် သေးတယ်။ ဒါပေမဲ့ ပြန်ကျတယ်။ အခုက မသိမသာနဲ့တက်တာ။ ဆီစျေးတက်လို့ ခရီးသည်က အငှားခကို တိုးပေးလားဆိုတော့ မတိုးပေးဘူး။ အလုပ်ဖြစ်အောင်ပဲ လိုက်နေရတယ်။ အရင်လို ကားမောင်းပြီး အော်ဒါပတ်ရှာလို့ မရတော့ဘူး။ အခုဆီစျေးနဲ့ကတော့ ဘယ်လိုမှ မကိုက်တော့ဘူး” ဟု ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

အလားတူ ကုန်စည်သယ်ယူပို့ဆောင်ရေးတွင်လည်း ဆီစျေးများ တရိပ်ရိပ်တက်လာသဖြင့် ရရှိသည့်စျေးနှင့် မကိုက်ခြင်းများ ရှိလာကြောင်း သီရိမင်္ဂလာစျေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောကြားသည်။

“ကားခကို အရင်ကထက် ပို ပေးရတယ်။ ကားပိုင်ရှင်ဘက်ကလည်း ဆီစျေးတက်လာတော့ သူတို့လည်း ဘယ်လိုမှမကိုက်တော့ဘူး။ ကျွန်တော်တို့ကတော့ ပစ္စည်းပေါ်မှာပဲ ခရီးစရိတ်ထပ်တင်ရတာပေါ့။ အဲဒီတော့ တချို့ကုန်စိမ်းတွေဆို စျေးနည်းနည်းတက်တယ်” ဟု သီရိမင်္ဂလာစျေးသစ်၌ ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောကြားသည်။

ကမ္ဘာ့စက်သုံးဆီစျေး မြင့်တက်မှု၊ ဒေါ်လာစျေးမြင့်တက်မှုများကြောင့် ပြည်တွင်းစက်သုံးဆီစျေးများ မြင့်တက်လာခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိသည်။

ယင်းကြောင့် ဗဟိုဘဏ်မှဒေါ်လာကို စက်သုံးဆီလုပ်ငန်းရှင်များထံ ရောင်းချပေးပြီး စက်သုံးဆီစျေး ကျဆင်းအောင် လုပ်ဆောင်လျက်ရှိသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

သို့သော် ပြည်တွင်းမှ စက်သုံးဆီထုတ်လုပ်မှုမှာ ပြည်တွင်းသုံးစွဲမှုကို လုံလောက်မှုမရှိသောကြောင့် ပြည်ပမှ မှာယူတင်သွင်းနေရဆဲဖြစ်သည်ဟု နစကက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း စက်သုံးဆီစျေးနှုန်းများမှာ အနည်းငယ်သာကျပြီး စျေးနှုန်းတက်ပါက ကျဆင်းခဲ့သည့် စျေးထက်များစွာ မြင့်တက်နေသည်ကိုတွေ့ရသည်။

“ဆီစျေးကကျရင်၂ဝလောက်ပဲကျတာ။ ပြန်တက်ရင်အနည်းဆုံး လေးငါးဆယ်ပဲ။ ကျစျေးက တက်စျေးကို ဘယ်လိုမှ လိုက်မမီဘူး” ဟု  ရန်ကုန်မြို့တွင်းအငှားယာဉ်မောင်းသူတစ်ဦးက ပြောသည်။

Most Read

Most Recent