ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၁၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေ 

ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၁၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေ 
Published 22 March 2022

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၁၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက မတ် ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) ကော့ကရိတ်မြို့နယ်အတွင်း၌ ၂၀၂၂ ခုနှစ် မတ် ၂၀ ရက် ညက လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ တောနော်ဆေးရုံကို ကျော်လွန်ပြီး တက်လာသဖြင့် KNU တပ်မဟာ (၆)လက်အောက်ခံ တပ်ရင်း ၁၈ ၏နယ်မြေခံတပ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မတ် ၂၁ ရက် နံနက် ၇ နာရီကလည်း တပ်မတော်နှင့် KNU အကြား ပစ်ခတ်တိုက်ခိုက်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း၊  ထိုသို့ဖြစ်ပွားမှုကြောင့် အခင်းဖြစ်ပွားရာနေရာနှင့် အနီးအနားရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့သဖြင့် ဒေသခံ ၁၂၀၀၀ ကျော်မှာ လွတ်မြောက်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထို့အတူကော့ကရိတ်မြို့နယ်၏ အရှေ့ဘက်တွင်လည်း တိုက်ပွဲများဖြစ်ပွားသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် ယာယီစခန်းများ၌ အဆောက်အအုံ အမိုးအကာများ လွင့်စင်ပျက်စီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများ နားနေရန်အတွက် အဆောင်အလုံး ၃၀၀ ခန့်လိုအပ်နေကြောင်းနှင့် အဆောင်တစ်လုံး၏ ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ ၁၂၀၀ ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent