ရုရှား-ယူကရိန်း စစ်ပွဲ ဒုတိယသီတင်းပတ် မှတ်စု - ၂

ရုရှား-ယူကရိန်း စစ်ပွဲ ဒုတိယသီတင်းပတ် မှတ်စု - ၂
မတ် ၁ ရက်က ကိယက်ဗ်မြို့နှင့် နီးကပ်သော ဘူချာမြို့ လမ်းတစ်ခုတွင် ရုရှားစစ်တပ်မှ ပျက်စီးသွားသော ယာဉ်များကို လူများက ကြည့်ရှုနေစဉ် Photo : AP
မတ် ၁ ရက်က ကိယက်ဗ်မြို့နှင့် နီးကပ်သော ဘူချာမြို့ လမ်းတစ်ခုတွင် ရုရှားစစ်တပ်မှ ပျက်စီးသွားသော ယာဉ်များကို လူများက ကြည့်ရှုနေစဉ် Photo : AP
Published 12 March 2022
မိုးဧအောင်

■ နိုင်ငံတကာ ပဲ့တင်သံများ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားလေယာဉ်များအား အမေရိကန်လေပိုင်နက် အတွင်း ပျံသန်းခွင့် ပိတ်ပင်လိုက်ကြောင်း၊ အမေရိကန်တပ်ဖွဲ့ဝင်များသည် ယူကရိန်းနိုင်ငံရှိ ရုရှားတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မည် မဟုတ်ကြောင်း နိုင်ငံတော် အခြေပြုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ထိုအချိန်၌ မိုင်၄၀ ရှည်သော ရုရှားစစ်ယာဉ်ကားတန်းကြီးက ကိယက်ဗ်မြို့အနီးသို့ ဦးတည်ရောက်ရှိနေပြီ ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့သော ရုရှားနိုင်ငံအား ပြစ်တင်ရှုတ်ချရန်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထူးအရေးပေါ် အစည်းအဝေးကို မတ်လ ၂ ရက်တွင် ကျင်းပခဲ့၏။ ယူကရိန်း ကျူးကျော်စစ်အတွက် ရုရှားအား ပြစ်တင်ရှုတ်ချရေးအဆိုမူကြမ်းကို အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၄၁ နိုင်ငံက ထောက်ခံမဲပေးခဲ့သည်။ ကန့်ကွက်သည့် ငါးနိုင်ငံမှာ ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုးရီးယား၊ ဆီးရီးယားနှင့် အီရစ်ထရီးရားတို့ ဖြစ်သည်။ တရုတ်၊ ပါကစ္စတန်အပါအဝင် ၃၅ နိုင်ငံက မဲမပေးခဲ့ကြပါ။

ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့မှုများ ချမှတ်ရာတွင် အမေရိကန်နှင့် မဟာမိတ်များကို ထပ်မံ ပူးပေါင်းသည့်အနေနှင့် ဂျပန်သည် သမ္မတပူတင်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ အပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦး၊ ရုရှားဗဟိုဘဏ်နှင့် ကျန် ပုဂ္ဂလိကဘဏ် နှစ်ခုတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့သည်။ ယူကရိန်းမြို့တော် ကိယက်ဗ်ရှိ ဂျပန်သံရုံးအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဂျပန်အစိုးရက မတ်လ ၂ ရက်၌ ကြေညာသည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ Quad အမည်ရ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် လေးနိုင်ငံ အာရှ-ပစိဖိတ်နိုင်ငံများ အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့သော်လည်း ရုရှားကိုရှုတ်ချရန် ပူးတွဲသဘောတူညီမှု မရခဲ့ကြပါ။ အိန္ဒိယအနေနှင့် ပဋိပက္ခကို သံတမန်လမ်းကြောင်းပေါ် ပြန်ရောက်စေလိုကြောင်း၊ ရုရှားနှင့် ယူကရိန်းတို့အနေနှင့် ရန်လိုမှုများကို အဆုံးသတ်ရန် အိန္ဒိယက ထပ်မံတိုက်တွန်းကြောင်း ဖော်ပြခဲ့ပြီး ရုရှားကို ရှုတ်ချခြင်းမပြုခဲ့ပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မဲခွဲရာတွင်လည်း အိန္ဒိယက မဲမပေးဘဲနေခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ရုရှားအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု ဆန်ရှင်များအား တုံ့ပြန်သည့်အနေနှင့် အမေရိကန်ပြည်ထောင်စုသို့  ဒုံးပျံအင်ဂျင်များ ရောင်းချမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်က မတ်လ ၃ ရက်၌ ထုတ်ဖော်ပြော ကြားခဲ့သည်။ ၁၉၉၀ ပြည့်မှစ၍ ရုရှားသည် အမေရိကန်သို့  RD-180 ဒုံးပျံအင်ဂျင် ၁၂၂ လုံးအထိ ရောင်းချခဲ့သည်။ ထို့ပြင် ဥရောပနိုင်ငံများနှင့် ပြုလုပ်လျက်ရှိသော အာကာသ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကိုလည်း ရပ်ဆိုင်းထားသည်။

ယူကရိန်းစစ်ပွဲ၏  အကျိုးသက်ရောက်မှုအဖြစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထိခိုက် ကာ ပျက်စီးဆုံးရှုံးမှုများ ထပ်မံဖြစ်ပေါ်လိမ့် မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးခဲ့သည်။ ကိုဗစ်-၁၉ ကပ် ရောဂါမှရုန်းထွက်စ စီးပွားရေးသည် ရေနံစည်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ စျေးနှုန်းက တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်မည်ဖြစ်ပြီး အစားအစာနှင့် လောင်စာအတွက် ငွေအများဆုံး သုံးနေရသော ဆင်းရဲသားမိသားစုများကို ထိခိုက်စေမည်ဟု IMF အစီရင်ခံစာက ဖော်ပြထားသည်။

မတ်လ ၆ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီး ကူလီဘာတို့ ယူကရိန်းအား ထောက်ပ့ံပစ္စည်းများပေးအပ်မှု နှင့် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဆောင်ရွက်မှုတို့ အတွက် ဆွေးနွေးခဲ့ကြသည်။ ယူကရိန်းအတွက် တိုက်လေယာဉ်၊ လေယာဉ်ဖျက် ဒုံး လက်နက်နှင့် လေကြောင်းကာကွယ်ရေးစနစ်များ လိုအပ်နေကြောင်း ကူလီဘာက ပြောခဲ့ပြီး ဘလင်ကန်က ယူကရိန်းအား ကမ္ဘာ့နိုင်ငံများက ကူညီထောက်ပ့ံမှု များပြားလာမည်ဖြစ်ကြောင်း နှင့် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်သည့်တိုင် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ဖိအားများ ဆက်လက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းရှိ တရုတ်နိုင်ငံသား ၆,၀၀၀ ခန့်မှ အများစုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီး ဖြစ်ကြောင်း၊ ယူကရိန်း ဝေဟင်ပိုင်နက်ကို ပိတ်ထားသည့်အတွက် တရုတ်လူမျိုး ၃,၀၀၀ ခန့်မှာ ကုန်းလမ်းမှတစ်ဆင့် ရွှေ့ပြောင်းရာတွင် ယူကရိန်းက အကူအညီပေးခဲ့ကြောင်း၊ ကယ်ဆယ်ရေးလေယာဉ်သည် ရိုမေးနီးယားမှ တရုတ်သို့ ဆိုက်ရောက်လာကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

■ ကမ္ဘာကျော် အမှတ်တံဆိပ်များနှင့် ရုရှား

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည့် အတွက် ရုရှားနိုင်ငံ၌ Apple ထုတ်ကုန်များ ရောင်းချမှုကိစ္စ အဝဝကို မတ်လ ၁ ရက်မှစ၍ ရပ်ဆိုင်းလိုက်သည်။

ကမ္ဘာ့အကြီးဆုံး သင်္ဘောကုမ္ပဏီသုံးခု၊  Exxon Mobil ၊ ENI ရေနံကုမ္ပဏီ၊ Boeing လေကြောင်းကုမ္ပဏီများက ရုရှားနှင့် စီးပွားရေးရပ်တန့်ရန် သို့မဟုတ် လုပ်ငန်းများလျှော့ချရန် ထုတ်ပြန်ကြေညာခဲ့သည်။ 

Panasonic နှင့် YAMAHA ဆိုင်ကယ်များ ရုရှားသို့တင်ပို့မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာခဲ့ရသော ယူကရိန်း ပြည်သူများကို အမေရိကန်ဒေါ်လာ ၁၇၅,၀၀၀ ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း မတ်လ ၅ ရက်၌ Panasonic ကုမ္ပဏီက ပြောသည်။

ဂျပန်နိုင်ငံအခြေစိုက် TOYOTA ကား ကုမ္ပဏီသည် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားရှိ မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းများကို ရပ်နားထားပြီး ရုရှားသို့ မော်တော်ယာဉ် တင်ပို့မှုကိုလည်း အကန့်အသတ်မရှိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မတ်လ ၂ ရက်တွင် ထုတ်ပြန်သည်။ တိုယိုတာသည် စိန့်ပီတာစဘတ်မြို့ မော်တော်ယာဉ်စက်ရုံမှ နှစ်စဉ် ကားအစီးရေ ၈၀,၀၀၀ ခန့် ထုတ်လုပ်ခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲစတင်ချိန်ကပင် ယူကရိန်းအစိုးရ၊ သတင်းနည်းပညာနှင့် ဘဏ္ဍာရေးအဖွဲ့အစည်း ၂၀ ကျော်အား ရုရှား၏ ဆိုက်ဘာတိုက်ခိုက်မှုကို အရေးယူတုံ့ ပြန်နိုင်ရန် ကူညီပ့ံပိုးခဲ့ကြောင်းနှင့် လက်ရှိကာလ၌ အမေရိကန်အစိုးရ၏ ဆန်ရှင်ကို လိုက်နာသည့်အနေနှင့် ရုရှားတွင် မိမိ၏ ထုတ်ကုန် များ၊ ဝန်ဆောင်မှုများ ရောင်းချခြင်းကို ရပ်နားထားကြောင်း Microsoft က ကြေညာခဲ့သည်။

အကြွေးဝယ်ကတ် ကုမ္ပဏီကြီးများဖြစ် သော VISA နှင့် Master Card တို့က ရုရှား အစိုးရနှင့် စီးပွားရေး တွဲဖက်လုပ်ကိုင်ရန် ငြင်းဆိုသည့် ကုမ္ပဏီအုပ်စုတွင် ပူးပေါင်းပါဝင်လာသည်။

 

ရုရှား၏ ရွှေ့ကွက်များ

ရုရှားသည် အနောက်အုပ်စုနှင့် လုံခြုံရေးဆိုင်ရာ ကတိကဝတ်များ၊ ငြိမ်းချမ်းရေး ကိစ္စများအတွက် ညှိနှိုင်းဆွေးနွေးသွားရန် ပြင်ဆင်လျက်ရှိကြောင်း၊ သို့သော် ဆွေးနွေးရန် လမ်းကြောင်းများကို ၀ါရှင်တန်က ရပ်ဆိုင်းရန် ကြေညာခဲ့သည့်အတွက် မိမိတို့ စိတ်မကောင်းဖြစ်မိကြောင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဘ်ကော့က မတ်လ ၃ ရက်၌ ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ကတိကဝတ်မူကြမ်းအရ NATO ၏ အင်အားချဲ့ထွင်မှုကို ရပ်တန့်ရန် နှင့် တပ်ဖွဲ့များအားလုံး ၁၉၉၇ ခုနှစ်၌ သတ်မှတ်ခဲ့သော နယ်နိမိတ်စည်းမျဉ်း နှင့်အညီ ပြန်လည်တပ်စွဲရန် ရုရှားက တောင်းဆိုထားသည်။

မတ်လ ၄ ရက်တွင် ရုရှားနိုင်ငံအတွင်း  Facebook နှင့် Twitter လူမှုကွန်ရက် စာမျက်နှာများအား ပိတ်ပင်လိုက်သည့် ဥပဒေကြမ်းကို သမ္မတ ပူတင်က လက်မှတ်ရေးထိုးခဲ့သည်။ ဤဥပဒေကြမ်းအရ သတင်းမှား၊ သတင်းတုများအဖြစ် ရုရှားအစိုးရက သတ်မှတ်ထားသော သတင်းများကို ရည်ရွယ်ချက် ရှိရှိ ဖြန့်ဝေသူများကို ရာဇဝတ်ကြောင်းအရ ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

ယူကရိန်းနိုင်ငံတောင်ပိုင်း ဗိုနိုဗာကာ မြို့မှ ပြည်သူ ၁၅,၀၀၀ ဦး၊ မာရီယူပိုလ်မြို့မှ ပြည်သူ ၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာချိန်တွင် ဘေးအန္တရာယ်ကင်းစွာ ပြောင်းရွှေ့နိုင်စေရန် မတ် ၅ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အပစ်အခတ် ရပ်စဲပေးခဲ့သည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်တင်ရေး စင်္ကြံ ထူထောင်မှုအရ ပြည်သူများ ရွှေ့ပြောင်းရာ လမ်းကြောင်းတစ် လျှောက်တွင်ပါ အပစ်အခတ် ယာယီရပ်စဲပေးခြင်းဖြစ်သည်။

မတ်လ ၅ ရက်၊ အေရိုဖလုတ် လေကြောင်းလိုင်းမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ၌ သမ္မတပူတင်က ရုရှားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်နေခြင်းမှာ စစ်ကြေညာသည် ့သဘော သက်ရောက်ကြောင်း၊ ယူကရိန်းကို ကြားနေနိုင်ငံ ဖြစ်လာစေရန်နှင့် ယင်းနိုင်ငံမှ စစ်ဝါဒ၊ နာဇီဝါဒတို့ကို ရှင်းလင်းဖယ် ရှားခြင်းအားဖြင့် ရုရှားစကားပြော လူမျိုးများအား အကာအကွယ်ပေးရန်အတွက် အထူး စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း၊ ယူကရိန်းဆိပ်ကမ်းမြို့ မာရီယူပိုလ်၌ အပစ်အခတ် ရပ်စဲရေးကတိ ပျက်ပြယ်သွားချိန်၌ ယူကရိန်း၏အနာဂတ်မှာ ရေရာမှုမရှိကြောင်း၊ ယူကရိန်း၌ လေယာဉ်မပျံသန်းရဇုန် ပြဋ္ဌာန်းရန် အင်အားကြီးနိုင်ငံ တစ်ခုခုက ကြိုးပမ်းလာလျှင်  စစ်ရေးပဋိပက္ခ ခြေလှမ်းပြင်ဆင်မှုအဖြစ် ရုရှားက သတ်မှတ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ရုရှား၏ လေတပ်အင်အားကို ရင်ဆိုင်ရန်အတွက် ပိုလန်လေတပ်ရှိ MIG-29 တိုက်လေယာဉ် ၂၈ စီးကို ယူကရိန်းသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး ယင်းလေယာဉ်များနေရာတွင် အစားထိုးနိုင်ရန် F-16 တိုက် လေယာဉ် အုပ်စုတစ်စုကို ပိုလန်သို့ အမေရိကန်ပြည်ထောင်စုက ပေးမည်ဖြစ်သည်။ အကယ်၍ ယူကရိန်းစစ်လေယာဉ်များသည် အဆိုပါနိုင်ငံများမှတစ်ဆင့် ရုရှားကို တိုက်ခိုက်ခဲ့ပါက လက်ခံသည့်နိုင်ငံများအား ယူကရိန်းစစ်ပွဲတွင် ပါဝင်သည့်နိုင်ငံအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန် ကြီးဌာနက ပြောဆိုထားသည်။

မတ်လ ၅ ရက်၊ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီ ဘင်းနက်သည် ကရင်မလင်သို့ ရုတ်တရက်ရောက်ရှိလာကာ သမ္မတပူတင် နှင့် တွေ့ဆုံခဲ့သည်။ ရုရှားနှင့် ယူကရိန်းအကြား အခြားနိုင်ငံများနှင့်မတူ တစ်မူကွဲပြားသော ရင်ကြားစေ့ပေးနိုင်မှုအတွက် လာရောက်ခဲ့ခြင်းဟု ကမ္ဘာ့မီဒီယာများက သုံးသပ်ကြသည်။ အနောက်အုပ်စု၏  ပိတ်ဆို့မှုဆန် ရှင်များ ဝက်အူရစ်တင်းနေချိန်၌ ဘင်းနက်သည် ပူတင်ရော၊ ဇယ်လန်းစကီး နှစ်ဦးစလုံး နှင့်  အဆက်အသွယ်မပြတ်အောင် ထိန်းထားနိုင်ပြီး သမ္မတနှစ်ဦးအကြား အကျိုးဆောင်ပေးနိုင်မည့်သူ၊ စစ်ပွဲဖြစ်ပွားချိန်မှ အစပြု၍ ရုရှားသမ္မတနှင့် လူကိုယ်တိုင် တွေ့ဆုံသော ပထမဆုံး အနောက်နိုင်ငံခေါင်းဆောင် ဖြစ်သည်။

မတ်လ ၆ ရက်တွင် ရုရှားသမ္မတပူတင် နှင့် ပြင်သစ်သမ္မတမက်ခရွန်တို့ ယူကရိန်း နိုင်ငံအခြေအနေကို တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။ ပူတင်က ဇာပိုရစ် ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံဝင်းအတွင်း အဖျက်အမှောင့်အုပ်စုများနှင့် ယူကရိန်း အစွန်းရောက်များက ရန်စကာ ရုရှားတပ်မတော်အား အပြစ်ဖို့ ၀ါဒဖြန့်ခဲ့ကြောင်း၊ ယခုအခါ ဘေးကင်းကောင်းမွန်စွာ ကာကွယ်ထားပြီးဖြစ်ကြောင်း၊ နျူကလီးယားစက်ရုံများ ဘေးကင်းရေးအတွက် IAEA ၏ အဆိုပြု ချက်ဖြစ်သော ရုရှား၊ ယူကရိန်းနှင့် IAEA သုံးပွင့်ဆိုင် အစည်းအဝေးကို ဗီဒီယို ကွန်ဖရင့် သို့မဟုတ် တတိယနိုင်ငံတစ်ခုတွင် ကျင်းပရန် ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောကြားသည်။

ရုရှား၏ ရေနံပို့ကုန်များကို အနောက်အုပ်စုက ပိတ်ပင်မည်ဆိုပါက ရုရှားနှင့် ဂျာမနီအကြားရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ထားရမည့် အခြေအနေဖြစ်ကြောင်း၊ ထိုသို့ပိတ်ပင်ခဲ့လျှင် ရေနံစိမ်းတစ်စည်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၀၀ အထိ၊ လက်ရှိစျေးထက် နှစ်ဆကျော် မြင့်တက်သွားနိုင်ကြောင်း၊ ရေနံပို့ကုန် ငြင်းပယ်မှုသည် ကမ္ဘာ့စျေးကွက်တစ်ခုလုံး ပျက်စီးဆုံးရှုံးမှု ကြီးမားသော အကျိုးသက်ရောက်မှုကို ပေါ်ပေါက်စေမည်ဖြစ်ကြောင်း ရုရှားဒုဝန်ကြီးချုပ် အလက်ဇန္ဒာ နိုဗက်က ပြောကြားခဲ့သည်။

 

■ ရောက်စေလိုသည့် စစ်နိဂုံး

အမျိုးသားစာဆို ဆရာမင်းသုဝဏ် ၁၉၄၉ ခုနှစ်က စပ်ဆိုခဲ့သော “စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံ၊ နေလျှံ လည်းတိုက်၊ လေပြင်းခိုက်လျက် ...” ဟူ သည့် ပျဉ်းမငုတ်တိုကဗျာအတိုင်း စစ်တို့၏ သဘောသဘာဝ၊ စစ်ကိုကြုံလိုက်ရသော တိုင်းပြည်တို့၏ ရင်နင့်စက်ဆုပ်ဖွယ် အတွေ့ အကြုံများမှာ ပြော၍မပြီး၊ ရေး၍မကုန်အောင် များပြားပါလိမ့်မည်။ အခြားတစ်ဘက်မှ ပြန်လည် ထောက်ချင့်သော် ငုတ်တိုမျှပင် မကျန်ရှာသော ပျဉ်းမပင်အပါအဝင် အခြားသစ်ပင်များ မည်မျှ များပြားနေပြီနည်း။ အညှောက်ပေါက်စ၊ အညွန့်တက်စ၊ သီးကင်းထွက်စ၊ အဖူးငုံစ၊ အပွင့်ပွင့်စ ပင်သေး၊ ပင်ပျို၊ ပင်အို၊ ပင်လတ် မည်ရွေ့မည်မျှ စစ်ဒဏ်၊ ခြဒဏ်ခံသွားကြရ ရှာပြီနည်း။

စစ်ကိုချစ်၍ စစ်မတိုက်လိုသော၊ စစ်ကို မုန်း၍ စစ်မတိုက်ရသောကမ္ဘာကြီး အမြန်ဆုံး ဖြစ်ပါစေသတည်း။

Most Read

Most Recent