၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် အားလုံးနှင့်အတူ လက်တွဲလုပ်ဆောင်မည်ဟု မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေး ပြောကြား

၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် အားလုံးနှင့်အတူ လက်တွဲလုပ်ဆောင်မည်ဟု မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေး ပြောကြား
Photo: Goal
Photo: Goal
Published 28 February 2022

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် အားလုံးနှင့်အတူ လက်တွဲလုပ်ဆောင်မည်ဟု သူ၏ Twitter မှတစ်ဆင့် ပြောကြားသည်။

အန်တွမ်နီဟေးက ''ကျွန်တော် အားလုံးနဲ ့အတူ လက်တွဲအလုပ်လုပ်သွားမှာပါ။ ကစားသမားတွေ၊ ပရိသတ်တွေ၊ ကူညီပံ့ပိုးပေးမယ့်သူတွေနဲ ့အတူ လက်ချင်းယှဉ်တွဲလုပ်ဆောင်သွားမှာပါ။ လာမယ့်ဇွန်လမှာ ကျွန်တော်တို့ဟာ သမိုင်းတစ်ခု အတူရေးထိုးကြမှာပါ။ ကျွန်တော်တို ့အားလုံးဟာ တပေါင်းတစည်းတည်းပါပဲ''ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ  အုပ်စုခွဲဝေမှုအရ အုပ်စု(A) တွင် ဂျော်ဒန်၊ ကူဝိတ်၊ အင်ဒိုနီးရှား၊ နီပေါ၊ အုပ်စု(B)တွင် ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ယီမင်၊ မွန်ဂိုလီးယား၊ အုပ်စု(C)တွင် ဥဇဘက်ကစ္စတန်၊ ထိုင်း၊ မော်လ်ဒိုက်၊  သီရိလင်္ကာ၊ အုပ်စု(D)တွင် အိန္ဒိယ၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ အုပ်စု (E)တွင် ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (F)တွင် ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မြန်မာနှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။

AFC သည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ဇွန်(၈) ရက်မှ (၁၄) ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ကပ်ရောဂါအခြေအနေကြောင့် ယခင်ကဲ့သို့ အိမ်ကွင်း၊ အဝေးကွင်းပုံစံ မကျင်းပဘဲ Centralised Venue ပုံစံဖြင့် တစ်ကျော့တည်းသာ ကျင်းပမည်ဖြစ်သည်။

ခြေစစ်ပွဲကျင်းပမည့် ပုံစံအရ အုပ်စု(၆) ခုမှ ထိပ်ဆုံး(၆)သင်းနှင့် ဒုတိယနေရာရအသင်းများအနက်အကောင်းဆုံး(၅) သင်း စုစုပေါင်း(၁၁) သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

၂၀၂၃ အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် အသင်းပေါင်း(၂၄) သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် အိမ်ရှင်တရုတ်အသင်းအပါအဝင် အသင်း(၁၃) သင်း ခြေစစ်ပွဲအောင်မြင်ပြီးဖြစ်သောကြောင့် တတိယအဆင့်ခြေစစ်ပွဲမှ (၁၁) သင်း ထပ်မံထွက်ပေါ်မည်ဖြစ်သည်။

၂၀၂၃ အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်အပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ သြစတြေးလျ၊ ယူအေအီး၊ အီရတ်၊ ဗီယက်နမ်၊ ဆီးရီးယား၊ အိုမန်နှင့် လက်ဘနွန်အသင်းတို့မှာ ယှဉ်ပြိုင်ခွင့်ရထားပြီးဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် အုပ်စုအောက်ဆုံးနေရာ ရပ်တည်ခဲ့သော်လည်း အဆင့်(၅)နေရာရ အကောင်းဆုံး(၃)သင်းတွင် ပါဝင်ခဲ့သဖြင့် Play-off ကစားစရာမလိုဘဲ တတိယအဆင့်ခြေစစ်ပွဲ တိုက်ရိုက်ဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် ဧပြီလကုန်ပိုင်းတွင် စတင်ပြင်ဆင်ဖွယ်ရှိနေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများကစားနိုင်ရန်ကြိုးပမ်းနေသည်။   

Most Read

Most Recent