ရုရှားနှင့် ဘီလာရုစ်တွင်ကျင်းပမည့် အားကစားပြိုင်ပွဲများ နေရာပြောင်းလဲရန် သို့မဟုတ် ဖျက်သိမ်းရန် IOC ညွှန်ကြားထား

ရုရှားနှင့် ဘီလာရုစ်တွင်ကျင်းပမည့် အားကစားပြိုင်ပွဲများ နေရာပြောင်းလဲရန် သို့မဟုတ် ဖျက်သိမ်းရန် IOC ညွှန်ကြားထား
Photo: Getty Images
Photo: Getty Images
Published 28 February 2022

နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) သည် ရုရှားနှင့် ဘီလာရုစ်နိုင်ငံတွင်ကျင်းပမည့် အားကစားပြိုင်ပွဲများ ဖျက်သိမ်းရန် ညွှန်ကြားထားသလို အားကစားပြိုင်ပွဲများ၌ ရုရှားနှင့် ဘီလာရုစ်နိုင်ငံအလံကို ကိုင်ဆောင်ခြင်း၊ လွှင့်တင်ခြင်း၊ ဖော်ပြခြင်းမပြုရန်နှင့် ၎င်းတို့၏ နိုင်ငံတော်သီချင်းကိုလည်း ဖွင့်လှစ်ခြင်းမပြုရန်ပါ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

''အသိပေးလိုတာက နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံအလံတွေကို ဖော်ပြခြင်းမပြုဖို့နဲ့ ရုရှားနဲ့ ဘီလာရုစ် နိုင်ငံတော်သီချင်းကိုလည်း ဖွင့်လှစ်ခြင်းမပြုဖို့ IOC အမှုဆောင်ဘုတ်အဖွဲ့က တိုက်တွန်းထားပါတယ်။ ယူကရိန်းမှာရှိတဲ့ အိုလံပစ်အသိုင်းအဝိုင်းအဖွဲ့ဝင်တွေရဲ့လုံခြုံရေးကိုလည်း အထူးစိုးရိမ်ပူပန်နေပြီး သူတို့နဲ့အတူ အပြည့်အဝရပ်တည်နေတယ်ဆိုတာ IOC အမှုဆောင်ဘုတ်အဖွဲ့က အသိပေးဖော်ပြလိုပါတယ်။ IOC အထူးအဖွဲ့အနေနဲ့ နိုင်ငံအတွင်းမှာရှိတဲ့ အိုလံပစ်အသိုင်းအဝိုင်းအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ တတ်နိုင်သမျှ ရရှိစေနိုင်ဖို့လည်း ဆက်သွယ်ကြိုးပမ်းနေပါတယ်'' ဟု IOC က ထုတ်ပြန်ထားသည်။

ထို့ပြင် ရုရှားက ယူကရိန်းအား စစ်ရေးအရ တိုက်ခိုက်ခြင်းမှာ အိုလံပစ်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခြင်းဖြစ်ကြောင်း IOC က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရုရှားသမ္မတ ပူတင်က ယူကရိန်းအား စစ်ရေးအရ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) နှင့် နိုင်ငံတကာမသန်စွမ်းအိုလံပစ်ကော်မတီ(IPC)က ကန့်ကွက်ကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့သလို၊ IOC အမှုဆောင်ကော်မတီအစည်းအဝေးကို သောကြာနေ့က ပြုလုပ်ပြီးနောက် ကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

IOC ၏ထုတ်ပြန်မှုအရ ၂၀၂၂ ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲစတင်သည့် ဖေဖော်ဝါရီ (၄)ရက် မတိုင်မီ (၇)ရက်အလိုနှင့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲပြီးဆုံးမည့် မတ် (၁၃) ရက်နောက်ပိုင်း (၇)ရက်အထိကာလကို အပစ်အခတ်ရပ်ဆိုင်းပေးထားရန်အတွက် ကုလသမဂ္ဂ(UN)အဖွဲ့ဝင် (၁၉၃)နိုင်ငံစလုံး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း သဘောတူညီမှုရရှိထားကြောင်း သိရသည်။

သို့ဖြစ်ရာ ရုရှား၏ ယခုလုပ်ရပ်မှာ အိုလံပစ်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခြင်းဖြစ်ကြောင်း IOC က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နောက်ဆက်တွဲအနေဖြင့် ရုရှားနှင့် ဘီလာရုစ်တွင်ကျင်းပမည့် အားကစားပြိုင်ပွဲများကို နေရာပြောင်းလဲကျင်းပရန် သို့မဟုတ် ဖျက်သိမ်းရန် IOC က အားကစားနည်းအလိုက် သက်ဆိုင်ရာအဖွဲ့ချုပ်များကိုလည်း တိုက်တွန်းခဲ့သည်။

''IOC အမှုဆောင်ဘုတ်အဖွဲ့က ရုရှား သို့မဟုတ် ဘီလာရုစ်မှာ လက်ရှိကျင်းပဖို့ စီစဉ်ထားတဲ့ အားကစားပြိုင်ပွဲတွေကို နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုလုပ်ဖို့ နိုင်ငံတကာအားကစားအဖွဲ့ချုပ်အားလုံးကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ အိုလံပစ်အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့တဲ့ ရုရှားနဲ့ ဘီလာရုစ်အစိုးရအနေနဲ့ အားကစားသမားတွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးပြီး ထည့်သွင်းစဉ်းစားသင့်ပါတယ်'' ဟု IOC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent