ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ် ပွားမှု မြင့်တက်နေဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်က တစ်ရက်အတွင်း လူနာသစ် ၁၉ သိန်း ကျော်နှင့် သေဆုံးသူ ၁၀၀၀၀ ကျော်ရှိ ကြောင်း Worldometer က ထုတ်ပြန်ထား သော စာရင်းအရ သိရသည်။
ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ကူးစက်ဖြစ်ပွားမှု အနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ လူနာသစ် ၁၉၃၆၆၂၆ ဦးနှင့် သေဆုံးသူ ၁၀၄၅၄ ဦးရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။
ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ကူးစက် ခံရသူပေါင်း ၄၂၁၉၅၆၅၅၁ ဦးရှိပြီး သေဆုံး သူ ၅၈၉၂၂၀၁ ဦးရှိကာ ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း ၃၄၆၅၀၄၁၉၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရမည့်စည်းမျဉ်းများကြောင့် စီးပွားရေးအပေါ် စိုးရိမ်မှုများရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြားမှုနှင့် အတူ ဖေဖော်ဝါရီ ၁၇ ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀၀၀၀ ကျော် ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည့်တိုင် အစိုးရက ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် စည်း မျဉ်းများကို ဖြေလျှော့သွားမည်ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တောင်ကိုရီးယားတွင် ဖေဖော်ဝါရီ ၁၇ ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၉၈၃၁ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ယင်းအရေအတွက်သည် လာမည့်လအတွင်း နေ့ အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၀၀၀၀ အထိ မြင့်တက်ရောက်ရှိနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကူး စက်မှုနှုန်း မြင့်တက်နေသော်လည်း ဆိုးလ်မြို့တော် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များကို ည ၁၀ နာရီအထိဖွင့်လှစ်ခွင့်ပြု မှုအပါအဝင် ကန့်သတ်ချက်များကို ဖြေလျှော့ပေးသွားမည်ဟု ပြောကြားခဲ့သည်။
“ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့စီးပွား ရေး အခက်အခဲ ပိုမိုနက်နဲကျပ်တည်းလာတာကို ထည့်သွင်းစဉ်းစားပေးတဲ့အနေနဲ့ အနည်းဆုံး ညှိနှိုင်းပေးလို့ရတဲ့အရာတွေကို မလွှဲမသေ လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ တွေ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဝန်ကြီးချုပ် ကင်ဘိုကွမ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား၌ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များ အပါအဝင် စီးပွားရေးလုပ်ငန်းများတွင် ဗိုင်းရပ်စ်ထိတွေ့မှုကို ခြေရာခံရန် လက်ရေးဖြင့် ရေးသားထားသည့် ဧည့်သည်စာရင်းပြုစုမှုကို လိုအပ်ချက်ကို ဖြေလျှော့သွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ အရွယ် ရောက်ပြီးသူအများစုသည် COVID-19 ကာကွယ်ဆေးအပြင် ထပ်တိုးကာကွယ်ဆေးများ ထိုးနှံထားပြီးဖြစ်ကာ နိုင်ငံ့လူဦးရေ ၅၂ သန်းတွင် ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက် နေသော်လည်း ဗိုင်းရပ်စ်ကြောင့်လူသေဆုံးမှုနှုန်းမှာ ဆက်လက်လျော့နည်းလျက်ရှိသည်။
“ကျွန်တော်တို့အနေနဲ့ ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုနဲ့ ထိတွေ့သူခြေရာခံ ကောက်ယူမှု စီမံခန့်ခွဲရေးတွေနဲ့ ကူးစက်နိုင် ခြေမြင့်တဲ့လူအုပ်စုအပေါ် အာရုံစိုက်လုပ် ဆောင်နေပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ထိ တွေ့စုံစမ်းမှုဟာ အခုချိန်မှာတော့ ထိရောက်မှု မရှိဘူးလို့ သက်သေပြနေပါတယ်”ဟုကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သည့် လီကီအေးလ်က ပြောကြားခဲ့သည်။
အိုမီခရွန်ကူးစက်မှု သိသိသာသာမြင့် တက်နေခြင်းသည် ၎င်း၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ယိုယွင်းလာစေရန်ခြိမ်းခြောက်နေချိန်တွင် ဆိုးလ်မြို့တော်သည်ယခုလအစောပိုင်း၌ ၎င်း၏ နာမည်ကြီးသော ခြေရာခံခြင်း၊ စစ်ဆေးခြင်းနှင့် ကုသခြင်း အစီအစဉ်ကို စွန့်လွှတ်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။














