COVID-19 ကူးစက်မှုလှိုင်းကို ထိန်းချုပ်ရန်ကြိုးပမ်းနေချိန်တွင် ဒေသခံအားလုံး ကို ဆေးစစ်ရန်ပြင်ဆင်နေသဖြင့် ဟောင်ကောင်ခေါင်းဆောင်အသစ် ရွေးချယ်မှုကို ဆိုင်းငံ့သွားမည်ဟု အာဏာပိုင်များက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ဟောင်ကောင်၌ နေ့အလိုက် ရောဂါကူးစက်ခံရသူ ထောင်ချီရှိနေပြီး ဆေးရုံများတွင်လည်း ကုတင်များပြည့်လုနီး ပါးဖြစ်နေကာ တရုတ်အစိုးရက သတ်မှတ် ထားသည့် ကိုဗစ်ကင်းစင်ရေးမူဝါဒမှာ ပြိုလဲ လုနီးအခြေအနေသို့ ရောက်ရှိနေသည်။
တရုတ်အစိုးရသစ္စာခံ ကော်မတီသည် မတ်လကုန်ပိုင်းတွင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးအသစ်ကို ရွေးချယ်မည်ဖြစ်ပြီး ကိုယ် စားလှယ်လောင်းများအတွက် အမည်စာရင်း တင်သွင်းသည့်ကာလကို ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်လုပ်ဆောင်မည်ဖြစ်သည်။
သို့သော်လည်း လက်ရှိအုပ်ချုပ်ရေးမှူး ကာရီလမ်က ခေါင်းဆောင်အသစ်ရွေးချယ်မှုကို မေလ ၈ ရက်အထိ ရွှေ့ဆိုင်းရန်လိုအပ်သည်ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် ကြေညာခဲ့သည်။ “ဟောင်ကောင်မှာ လွန်ခဲ့တဲ့ နှစ်နှစ်က ကပ်ရောဂါစတင် ဖြစ်ပွားခဲ့ချိန်ကတည်းက အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရတဲ့ အတွက် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အရမ်းအရေးကြီးတဲ့ အခြေအနေဖြစ် နေပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့ပြင် ဟောင်ကောင်ဒေသခံ ၇.၅ သန်း လုံးကို COVID-19 စစ်ဆေးရန် အာဏာပိုင် များက လုပ်ဆောင်နေသည်ဟုလည်း လမ်က အတည်ပြုခဲ့သည်။
“ကျွန်မတို့ စီစဉ်နေတဲ့ စီမံချက်တွေထဲက တစ်ခုကတော့ အရမ်းအရေးကြီးပြီး လူအများ အပြားကို နေရာပေါင်းစုံမှာ COVID-19 စစ်ဆေးပေးသွားမှာပါ။ အဲဒါမှ ဟောင်ကောင် မှာရှိတဲ့ လူတိုင်းကို ကျွန်မတို့ စစ်ဆေးပေးနိုင် မှာဖြစ်ပါတယ်” ဟု လမ်က ပြောကြားခဲ့ပြီး ဟောင်ကောင်တစ်မြို့လုံး ကို Lockdownချ မည့်အစီအစဉ်ကို ထပ်မံငြင်းပယ်ခဲ့သည်။
လူအများအပြားကို ရောဂါစစ်ဆေးမှုပြု လုပ်သည့် အစီအစဉ်ကို တရုတ်ပြည်မကြီး တွင် မကြာခဏပြုလုပ်လေ့ရှိပြီး ရောဂါကူးစက်မှုအစုအဖွဲ့များကို လျင်မြန်စွာ ထိန်းချုပ်နိုင်ရန် တင်းကျပ်သည့် Lockdown များချခဲ့သည်။
ဟောင်ကောင်တွင် နေ့အလိုက်ရောဂါ ကူးစက်မှုများမြင့်တက်စေခဲ့သည့် အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးဘဲ တရုတ်ပြည်မကြီးကဲ့သို့ Lockdown ချမည်ဆိုလျင်လည်း ခက်ခဲစွာ လုပ်ဆောင်ရဖွယ်ရှိသည်။
ထို့ပြင် ဟောင်ကောင်တွင် ရောဂါစစ်ဆေးပြီး ကူးစက်ခံရသူအများအပြားကို တစ်ချိန်တည်းမှာပင် တွေ့ရှိပါက မည်သည့်နေရာတွင် သီးသန့်ခွဲထားရှိမည်ဆိုခြင်းကိုလည်း ရှင်းလင်းစွာ မသိရသေးပေ။
လမ်ကမူ စီမံချက်အသစ်များသည် တရုတ်သမ္မတ ရှီကျင်းပင်၏ အဓိက လမ်းညွှန်မှုများနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး ကပ်ရောဂါကို ဦးစားပေးကိစ္စအဖြစ် ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းကလည်း ရှီက ဟောင်ကောင်အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ကူးစက်မှုများကို ကျော်လွှားရန် လိုအပ်သည့် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ရန် ပြောကြားခဲ့သည်။
တရုတ်ပြည်မကြီးကဲ့သို့ပင် ဟောင် ကောင်သည်လည်း ကိုဗစ်ကင်းစင်သည့် မူဝါဒကို ကျင့်သုံးနေပြီး ဗိုင်းရပ်စ်ကို အတော်အတန်ထိန်းချုပ်နိုင်ခဲ့သော်လည်း အိုမီခရွန်မျိုးကွဲတွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်း ရောဂါကူးစက်မှုများမြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၈ ရက် တစ်ရက်တည်းမှာပင် ရောဂါကူးစက်ခံရသူသစ် ၁၁၀၀၀ ခန့်ရှိခဲ့သည်။














