မင်းသားကြီးအမီတာဘဂျန်း၏ သက်တော်စောင့်အဖြစ် ခြောက်နှစ်ကြာ တာဝန်ယူခဲ့သည့် မွမ်ဘိုင်းရဲဲအရာရှိ ဂျီတင်ဒရာရှင်ဒီကို အလုပ်တာဝန်မှ ရပ်စဲလိုက်ပြီဖြစ်သည်။
မွမ်ဘိုင်းနယ်မြေခံရဲတစ်ဦးဖြစ်သည့် ဂျီတင်ဒရာသည် အမီတာဘဂျန်း၏ သက်တော်စောင့်အဖြစ် ၂၀၁၅ ခုနှစ်မှ၂၀၂၁ ခုနှစ်၊ သြဂုတ်အထိ လုပ်ကိုင်ခဲ့ပြီး မရိုးသားမှုနှင့်ရဲ စည်းကမ်းချိုးဖောက်မှုများကြောင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် တာဝန်မှ ရပ်ဆိုင်းခံလိုက်ရ ခြင်းဖြစ်သည်။ထို့ပြင် သူ့ကို ဌာနတွင်းစစ်ဆေးမှုများလည်း စတင်နေပြီဖြစ်သည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်တွင် သူ့တစ်နှစ်ဝင်ငွေ ရူပီး ၁.၅ ကုဋေရှိသည်ဟု သတင်းများ ထွက်လာပြီးနောက် အမီတာဘဂျန်း သက်တော်စောင့်အဖြစ် သူ မရှိတော့ပေ။
သူ့ကို တာဝန်ရပ်စဲလိုက်ရခြင်း၏ တိကျ သည့်အကြောင်းရင်းမှာ သူသည် အထက်ကို မတင်ပြဘဲ ဒူဘိုင်းနှင့်စင်ကာပူသို့ လေးကြိမ် သွားထားခဲ့ခြင်းကြောင့်ဟု အကြီးတန်းရဲအရာရှိတစ်ဦးက ဆိုသည်။
ရဲကျင့်ဝတ်များအရ သူသည်ပြည်ပသို့ သွားရောက်လိုပါက အထက်အရာရှိများ၏ ခွင့်ပြုချက်ယူပြီးမှ သွားရောက်ရမည်ဖြစ် သည်။
ထို့ပြင် သူသည် ဘဂျန်းမိသားစုကို လုံခြုံရေးပေးနေသည့်လုံခြုံရေးအေဂျင်စီတစ်ခုကို ဇနီးသည်နာမည်ဖြင့် ဖွင့်ထားပြီး ငွေလွှဲများက ဇနီးဘဏ်အကောင့်ထဲ မဟုတ်ဘဲ သူ့အကောင့်ထဲ ဝင်နေသည်ဟုလည်း ၎င်းရဲအရာရှိ က ဆိုသည်။ ဂျီတင်ဒရာတွင် လျှို့ဝှက်ထားသည့် အခြားသော ပိုင်ဆိုင်မှုများလည်း မွမ်ဘိုင်းတွင် ရှိနေပြန်သည်ဟု ၎င်းကပင် ဆိုသည်။
သူ့ကို တာဝန်မှရပ်စဲလိုက်ပြီးနောက် မွမ်ဘိုင်းရဲတပ်ဖွဲ့ကော်မရှင်နာက စုံစမ်းစစ်ဆေး ရေးကော်မတီတစ်ခု ဖွဲ့စည်းလိုက်သည်။
ကမ္ဘာကျော်မင်းသားကြီးအမီတာဘ ဂျန်းကို X category အဆင့်ဖြင့် လုံခြုံရေး ယူပေးရပြီး နယ်မြေခံ ရဲအရာရှိလေးဦးက အချိန်နှစ်ဆိုင်းခွဲကာ နေ့ဘက်နှစ်ဦး ၊ ညဘက်တွင်နှစ်ဦး စောင့်ရှောက်ပေးရသည်။ ထိုလေးဦးထဲ ယခု တာဝန်ရပ်စဲခံရသည့် ဂျီတင်ဒရာရှင်ဒီလည်း ပါဝင်ခဲ့သည်။














