ယူကရိန်းနယ်စပ်အနီးတွင် ရုရှားက စစ်အင်အား ဖြန့်ကြက်ထားမှုသည် လျော့ကျ သွားခြင်းမရှိဘဲ တိုးလာသည်ဟု အနောက်နိုင်ငံများက ဖေဖော်ဝါရီ ၁၆ ရက်တွင် သတိပေးခဲ့သည်။
ရုရှား၏ တိုက်ခိုက်ရေး အဖွဲ့များသည် အချက်အချာကျသော နယ်မြေတစ်ခုကို သိမ်းပိုက်ဖွယ်ရှိသည့် စစ်ဆင်မှုမတိုင်မီ တပ်လှုပ်ရှားမှုများ လုပ်ဆောင်နေသည်ဟု အက်စတိုးနီးယား နိုင်ငံကလည်း ပြောကြားခဲ့သည်။
နောက်ထပ် သံချပ်ကာယာဉ်များ၊ ရဟတ်ယာဉ်များနှင့် စစ်မြေပြင်သုံး ယာယီဆေးရုံ တစ်ရုံကိုလည်း တွေ့ရှိထားကြောင်း ဗြိတိန်၏ ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အကြီးအကဲ ဖြစ်သူက ကြုံတောင့်ကြုံခဲ မှတ် ချက်ပြု ပြောဆိုခဲ့သည်။
မကြာသေးမီ ရက်ပိုင်းအတွင်း နယ်စပ် သို့ တပ်ဖွဲ့ဝင် ၇,၀၀၀ ခန့် ထပ်မံရောက်ရှိလာခဲ့ ပြီး ၎င်းတို့ထဲတွင် ဖေဖော်ဝါရီ ၁၆ ရက်ကမှ လောလောလတ်လတ် ရောက်လာသူများလည်း ပါဝင်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရ၏ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သော်လည်း အထောက်အထား တစ်စုံတစ်ရာ ပြသခဲ့ခြင်း မရှိပေ။
ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် ဆယ်စုနှစ်များစွာအတွင်း အရှေ့-အနောက် ဆက်ဆံရေးတွင် အကြီးမားဆုံး အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ရုရှားက ယူကရိန်းကို နေတိုးစစ်မဟာမိတ် အဖွဲ့ဝင် ဖြစ်မလာအောင် တားဆီးရန် ဆန္ဒရှိနေပြီး စစ်အေးကာလအလွန်တွင် သြဇာလွှမ်းမိုးမှု နှင့် စွမ်းအင်အထောက်အပံ့အတွက်လည်း အားပြိုင်လျက်ရှိသည်။
အနောက်နိုင်ငံများက လိပ်ခဲတည်းလည်း အခြေအနေကို ပြေလျော့စေရန်အလို့ငှာ လက်နက်ထိန်းချုပ်ခြင်းနှင့် ယုံကြည်မှု တည်ဆောက်ရေး အစီအမံများကို အကြံပြု ထားသည်။ ရုရှားက ယူကရိန်းကို အချိန်မရွေး ကျူးကျော်တိုက်ခိုက် လာနိုင်သည့်အတွက် အနောက်နိုင်ငံများက ၎င်းတို့နိုင်ငံသားများ ကို ယူကရိန်းမှ ထွက်ခွာရန် တိုက်တွန်းထားသည်။ ရုရှားကမူ ကျူးကျော်မည့် အစီအစဉ်မရှိဟု ငြင်းဆိုထားသည်။
“ရုရှားက သူတို့တပ်တွေကို ပြန်ရုပ်သိမ်း သွားတာမျိုး လုံးဝမတွေ့ရသေးပါဘူး။ တိုက်ခိုက်ရေး အဖွဲ့တွေက နယ်စပ်ကို ဦးတည်ပြီး လှုပ်ရှားနေတာကို မြင်တွေ့နေရတုန်းပါပဲ။ နယ်စပ်ကနေ ထွက်ခွာသွားတာမျိုး မရှိသေး ပါဘူး”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က MSNBCရုပ်သံနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
တိုက်ခိုက်ရေးအဖွဲ့ ၁၀ ဖွဲ့ခန့်သည် ယူ ကရိန်းနယ်စပ်သို့ ဦးတည်လှုပ်ရှားနေပုံကို အက်စတိုးနီးယား ထောက်လှမ်းရေးက တွေ့ ရှိခဲ့ကြောင်း အက်စတိုးနီးယား ပြည်ပထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ်ခ်မာရန်က ဆိုသည်။
တိုက်ခိုက်မှုတွင် ဒုံးကျည်များဖြင့် တိုက် ခိုက်ခြင်းနှင့် အဓိက နယ်မြေကို သိမ်းပိုက်ခြင်း တို့ ပါဝင်နိုင်သည်ဟုလည်း ၎င်းက ပြောကြား ခဲ့သည်။ “ရုရှားအနေနဲ့ ယူကရိန်းမှာ အောင်နိုင်သွားမယ်ဆိုရင် လာမယ့်နှစ်တွေအတွင်း ဘောလ်တစ်နိုင်ငံတွေကိုပါ တိုးမြှင့်ဖိအား ပေးလာတော့မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့တပ်ဖွဲ့ဝင်များသည် ယူကရိန်းနယ်စပ်အနီး၊ နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်း စစ်ဒေသများတွင် စစ်ရေးလေ့ကျင့်ပြီးနောက် ပြန်ထွက်ခွာလာပြီဖြစ်သည်ဟု သတင်းထုတ် ပြန်ထားသည်။
Ref : AFP














