ယူကရိန်းနယ်စပ်တွင် ရုရှားစစ်သားများ ၁၀၀၀၀၀ ကျော်ဖြန့်ကြက်ချထားမှုသည် ကျူးကျော်စစ်ဖြစ်လာနိုင်သည်ဟု စိုးရိမ်မှုများ မြင့်တက်နေမှုနှင့်ပတ်သက်ပြီး အနောက်နိုင်ငံခေါင်းဆောင်များသည် တစ်ပါးသူအပေါ် ယုံမှားသံသယလွန်ကဲနေမှုကို ဆရာဝန်နှင့် ပြသသင့်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှားလက်ထောက်သံအမတ် ဒီမီထရီပိုယန်စကီးက ပြောကြားခဲ့သည်။
“သူတို့ ဆရာဝန်ကောင်းတစ်ယောက်နဲ့ ပြသဖို့လိုအပ်သလို အဲဒီလိုပြသဖို့ကိုလည်း ကျွန်တော်အကြံပြုပါတယ်။ အဲဒီလိုယုံမှားသံသယလွန်ကဲမှုဖြစ်စဉ်တွေအတွက် အထူးကျွမ်းကျင်သူရှိပါတယ်” ဟု ပိုယန်စကီးက ပြောကြားခဲ့ပြီး ရုရှားသည် ယူကရိန်းကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်ဆိုသည့် ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။
“ကျွန်တော်တို့ စစ်သားတွေက ကျွန်တော်တို့ နယ်နိမိတ်ထဲမှာဖြစ်ပါတယ်။ သူတို့ဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ခြိမ်းခြောက်မနေပါဘူး။ စစ်သားအင်အားဘယ်လောက်ရှိလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ စစ်သားအရေအတွက်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ အများကြီး ထွက်ပေါ်နေလို့ပါပဲ” ဟု ရုရှားအစိုးရက ၎င်း၏ မဟာမိတ် ဘီလာရုစ်နှင့် စစ်ရေးလေ့ကျင့်မှုများ၏ တစ်စိတ်တစ်ပိုင်းဟု ပြောကြားထားသည့် စစ်သားအင်အားဖြန့်ကြက်ချထားမှုအရေအတွက်နှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ပိုယန်စကီးက အထက်ပါအတိုင်းပြောကြားခဲ့သည်။
“ဘီလာရုစ်နဲ့ စစ်ရေးလေ့ကျင့်မှုက တစ်ပတ်လောက်ကြာမြင့်မှာဖြစ်ပြီး ကျန်တာကတော့ ကျွန်တော်မသိပါဘူး” ဟု ၎င်းက ဆိုသည်။ရုရှားသည် ယူကရိန်းနယ်စပ်မှ ၎င်း၏တပ်ဖွဲ့အချို့ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ရုရှားအစိုးရသည် တင်းမာမှုများကို လျှော့ချရေးအတွက် အထောက်အထားပြသရန် အမေရိကန်က ဖေဖော်ဝါရီ ၁၅ ရက်တွင် တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း အမေရိကန်သည် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး စိတ်ချောက်ချားနေကြောင်း ကရင်မလင် နန်းတော်၏ ထိပ်သီးနိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီအူရှာကော့ဗ်က ဝေဖန်ရှုတ်ချခဲ့သည်။ ဖေဖော်ဝါရီ ၁၂ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအပြီးတွင် အူရှာကော့ဗ်က အမေရိကန်၏ စိတ်ချောက်ချားမှုသည် အမြင့်ဆုံးအခြေအနေအထိရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဘိုင်ဒင်က ရုရှားသည် ယူကရိန်းကို မည်သည့်ရက်တွင်မဆို အလုံးစုံကျူးကျော်ဝင်ရောက်နိုင်သည်ဟု သတိပေးခဲ့ပြီးနောက် နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အမေရိကန်၏ ပြောကြားမှုများနှင့်ပတ်သက်ပြီး အူရှာကော့ဗ်က စောဒကတက်ခဲ့ကာ အမေရိကန်သည် ရုရှား၏ ကျူးကျော်မှုကို ရက်အတိအကျပင် ထုတ်ပြန်ခဲ့သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး မီဒီယာတွေကတစ်ဆင့် သတင်းအမှားတွေ ဘာကြောင့် ဖြန့်နေလဲဆိုတာ နားမလည်နိုင်ပါဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ ရုရှားအစိုးရကလည်း အမေရိကန်၏ ပြောကြားချက်များသည် ရန်စမှုများဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။














