ကချင်ပြည်နယ် တနိုင်းမြို့နယ် မိုင်းခွန်း ကျေးရွာတွင် လွန်ခဲ့သည့် ဇန်နဝါရီ ၂၄ ရက်က ရှေးဟောင်းဘုရားပျက်များကို ရှင်းလင်းရာမှ ပယင်းကျောက်မျက်နှင့် ပြုလုပ်ထားသည့်ရှေး ဟောင်း ဘုရာဆင်းတုတွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ပယင်းကျောက်ဖြင့် ပြုလုပ်ထားသည့် လေးလက်မခွဲ ဆင်းတု တစ်ဆူ၊ နှစ်လက်မခွဲ ခန့် ၁၁ ဆူ၊ ဘုရားငယ် သုံးဆူ၊ စုစုပေါင်း ၂၆ ဆူ၊ ပယင်းပုတီးစေ့၊ ပယင်းကျောက်၊ သံထည် တစ်ခုနှင့်လက်သီးဆုပ်ခန့် ကျောက်တစ်လုံး တို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တနိုင်း ဒေသမှ သွားရောက်လေ့လာခဲ့သူ တစ်ဦးက ဆိုပါသည်။
ယင်းက “တနိုင်းအထွက် ဒေသအခေါ် နတ်စင် ကွင်းလို့ ခေါ်တဲ့ ဘုရားပျက်ဝင်းထဲက တွေ့တာပါ။ ဘုန်းကြီးကျောင်းမှာ သိမ်းထား တယ်။ ဆင်းတုတော်တွေက လက်ရာမြောက် တယ်။ ပယင်းအမျိုးအစားလည်း ကောင်း တယ်။ အဲဒီဘုရားတွေကို သိမီလိုက်တဲ့သူတွေ လည်း မရှိကြဘူးလေ။ ဘယ်ခေတ်ဆိုတာတော့ မမှန်းတတ်ဘူး” ဟု ဆိုသည်။
ကချင်ပြည်နယ် ရှေးဟောင်းသမိုင်းများ ကို စုစည်းနေသည့် ဆရာမ မဗေဒါက “မိုင်း ခွန်းက ရှေးဟောင်းမြို့စာရင်းထဲ ပါပါတယ်။ ညောင်ရမ်းခေတ်ပြိုင်ဖြစ်တယ်။ ၁၆ ရာစုပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝဝကျော်က ထွန်းကားခဲ့ တဲ့နေရာပါ။ အခုလက်ရာတွေက ဘယ်ရာစု လက်ရာဆိုတာ အတိအကျမသိသေးဘူး။ အဓိကတော့ မိုးကောင်းချောင်းကနေ အာသံ ကို သွားတဲ့လမ်းကြောင်းပေါ့။တနိုင်းကလည်း အရင်က ဟူးကောင်းမြို့ခေါ်တာကိုး
”ဟု သုံး သပ်သည်။















