ပဋိပက္ခဖြစ်ပွားသည့်အခါ ပြည်သူအားလုံးကို အလုံးစုံကာကွယ်မှုမပေးနိုင်ခဲ့ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ပဋိပက္ခဖြစ်ပွားသည့်အခါ ပြည်သူအားလုံးကို အလုံးစုံကာကွယ်မှုမပေးနိုင်ခဲ့ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 1 February 2022

ပဋိပက္ခဖြစ်ပွားသည့်အခါ သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ပြည်သူအားလုံးကို အလုံးစုံကာကွယ်မှု မပေးနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်ခဲ့သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်ကာလအတွင်း ပဋိပက္ခဖြစ်ပွားသည့်အခါ တတ်နိုင်သမျှ သွေးထွက်သံယိုမှုအနည်းဆုံး၊ အာဃာတတရားအနည်းဆုံးဖြစ်အောင် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ အထူးသဖြင့် ပြည်သူများကို ကာကွယ်ရာတွင် ပြည်သူအားလုံးကို ကာကွယ်မှုမပေးနိုင်သည်ကို ရိုးသားစွာ ဝန်ခံကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“အထူးသဖြင့် ပြည်သူများကို ကာကွယ်တဲ့နေရာမှာ ပြည်သူအားလုံးကို ကျွန်တော်တို့ ကာကွယ်မှုမပေးနိုင်တာတော့ ရိုးသားစွာဝန်ခံပါတယ်။ ဒါကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေကိုလည်း လိုအပ်တဲ့နေရာမှာ တစ်နိုင်ငံလုံးဖြန့်ကျက်ပြီးဆောင်ရွက် ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီမှာပြည်သူအားလုံးကိုလည်း အလုံးစုံကာကွယ်မှုတော့ မပေးနိုင်ခဲ့ပါဘူး” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ပဋိပက္ခဖြစ်ပွားမှုများ ရှိနေဆဲပင်ဖြစ်ပြီး ယင်းကိစ္စကို အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုးဆုံးမှာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။  

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၁၀၉ မြို့နယ်တွင် ပဋိပက္ခဖြစ်စဉ်ပေါင်း ၂၇၂  ကြိမ်ရှိခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခံရသူပေါင်း ၂၈၂ ဦးရှိခဲ့ကြောင်း၊ ယင်းထက်ပိုမိုဆိုးရွားသည်မှာ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ပဋိပက္ခကာလအတွင်း ကျောင်းဆရာ၊ ဆရာမ ၃၀ သတ်ဖြတ်ခံခဲ့ရကြောင်း၊ ကျောင်းများ မီးရှို့ဖျက်ဆီးခံရမှု ၅၀၄ ကြိမ်ရှိခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ သတ်ဖြတ်တိုက်ခိုက်ခံရမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် အများပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယခုထက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အချိန်တစ်ခုပေး၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent