ယီမင်၏ ဟူရ်သီသူပုန်များက ပစ်လိုက်သောပဲ့ထိန်းဒုံးကျည်ကို မိမိတို့ ကြားဖြတ် ဖျက်ဆီးခဲ့သည်ဟု ဇန်နဝါရီ ၃၁ ရက်တွင် ယူအေအီးကထုတ်ပြန်လိုက်ပြီး တစ်လအတွင်း တတိယအကြိမ်မြောက် ပဲ့ထိန်းဒုံးကျည် ဖြင့်တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီး မှုမရှိဟုဆိုသည်။
ဟူရ်သီအကြမ်းဖက်အုပ်စုက ယူအေအီးသို့ ပစ်လိုက်သော ပဲ့ထိန်းဒုံးကျည်ကို ယူအေ အီးလေကြောင်းကာကွယ်ရေးက ကြားဖြတ် ဖျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပဲ့ထိန်းဒုံးကျည်အပိုင်းအစများသည် လူနေထူထပ်ခြင်းမရှိသော ဒေသသို့ကျဆင်းခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။
ယီမင်ရှိ ဟူရ်သီ၏ ဒုံးကျည်ပစ်လွှတ်ရာ နေရာကို မိမိတို့ ဖျက်ဆီးခဲ့သည်ဟု ယူအေ အီးကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ဟူရ်သီသူပုန်တို့၏ ဒုံးကျည်ပစ်လွှတ်သည့် နေရာကို တိတိကျကျဖော်ပြခဲ့ခြင်းမရှိပေ။
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) အနေဖြင့် ခြိမ်းခြောက်မှုမှန်သမျှကို ကိုင်တွယ်ဖြေရှင်းရန် အပြည့်အဝ အဆင်သင့်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ယူအေအီးနိုင်ငံကို တိုက်ခိုက်မှုမှန်သမျှမှကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံးကို ချမှတ်သွားမည်ဟု ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၃၁ ရက်နေ့ တိုက်ခိုက်မှုသည် ယခုလအတွင်း ယူအေအီးကို တတိယအကြိမ် မြောက်တိုက်ခိုက်မှုဖြစ်သည်။ ဇန်နဝါရီ ၁၇ ရက်က ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ပြည်ပလုပ်သားသုံးဦး သေဆုံးခဲ့သည်။ ယင်းနောက် သီတင်းတစ်ပတ်အကြာ ဒုတိယအကြိမ်တိုက်ခိုက်မှုကို ကြားဖြတ်ဖျက်ဆီးခဲ့သည် ဟုဆိုသည်။
၂၀၂၀ ခုနှစ်တွင် ယူအေအီးနှင့် အစ္စရေးတို့ ပုံမှန်ဆက်ဆံရေးများကို ပြန်လည်ထူထောင်ခဲ့ပြီးနောက် အစ္စရေးသမ္မတအိုင်ဆက်ဟာဇော့ ယူအေအီးကို ပထမဆုံး တရားဝင် အလည်အပတ်ခရီးနှင့် ယခု တိုက်ခိုက်မှုသည် တိုက်ဆိုင်လျက်ရှိသည်။
သို့ရာတွင် သမ္မတအိုင်ဆက်ဟာဇော့သည် စီစဉ်ထားသည့်အတိုင်း အလည်အပတ် ခရီးကို သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် ၎င်း၏ ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် လေကြောင်းသွားလာမှုအပေါ် သက်ရောက်ခြင်းမရှိဘဲ လေကြောင်းခရီးစဉ်များ ပုံမှန်ပြေးဆွဲခဲ့သည်ဟု ယူအေအီးအာဏာပိုင်များက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၃၁ ရက် တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီသူပုန်များက မှတ်ချက်ပေးခြင်းမရှိသေး သော်လည်း ယူအေအီးတွင် လုပ်ဆောင်နေသော စစ်ဆင်ရေးနှင့် ပတ်သက်၍ မကြာခင် ကြေညာချက် ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
ဟူရ်သီသူပုန်တို့၏ တိုက်ခိုက်မှုများသည် ယူအေအီးက လေ့ကျင့်ပေးထားသော ပြည်သူ့စစ်တို့၏ လက်ချက်ဖြင့် ယီမင်စစ်မြေ ပြင်တွင် သူပုန်တို့၏ ဆက်တိုက်အရေးနိမ့်မှုကို လက်တု့ံပြန်ခြင်းဖြစ်သည်။
အီရန်ကျောထောက်ခံပြုထားသော ဟူရ်သီသူပုန်များကို ယီမင်အစိုးရက တိုက်ခိုက်ရာတွင်ပံ့ပိုးပေးနေသော ဆော်ဒီဦးဆောင်သည့်ညွန့်ပေါင်းတွင် ယူအေအီးပါဝင် နေသည်။၂၀၁၉ ခုနှစ်တွင် ယူအေအီးသည် မိမိတပ်သားများကို ယီမင်မှ ရုပ်သိမ်းခဲ့သည် ဆိုသော်လည်း ယူအေအီးသည်သြဇာရှိသော နိုင်ငံအဖြစ် ရှိနေဆဲဖြစ်သည်။














