မြိတ်မြို့တွင် အကောင်အထည်ဖော်မည့် နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးကြီးစီမံကိန်းအတွက် မြေဧက ၇၀၀ ကျော်တွင် ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံရန် ကနဦးလျာထား

မြိတ်မြို့တွင် အကောင်အထည်ဖော်မည့် နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးကြီးစီမံကိန်းအတွက် မြေဧက ၇၀၀ ကျော်တွင် ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံရန် ကနဦးလျာထား
မြိတ်မြို့တွင် အကောင်အထည်ဖော်မည့် နိုင်ငံတကာအဆင့်မီငါးလေလံစျေး စီမံကိန်းပုံစံငယ်ကို တွေ့ရစဉ်
မြိတ်မြို့တွင် အကောင်အထည်ဖော်မည့် နိုင်ငံတကာအဆင့်မီငါးလေလံစျေး စီမံကိန်းပုံစံငယ်ကို တွေ့ရစဉ်
Published 19 January 2022
ဇော်မိုးဦး (မြိတ်)

မြိတ်မြို့တွင် အကောင်ထည်ဖော်မည့် နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးကြီးစီမံကိန်းအတွက် မြေဧက ၇၀၀ ကျော်ပေါ်တွင် ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံရန် ကနဦး လျာထားကြောင်း စီမံကိန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု မတောကြက် (ဒေသအခေါ်) တွင် နိုင်ငံတကာ အဆင့်မီ ငါးလေလံစျေးကြီးတစ်ခု တည်ဆောက်ရန် မြိတ်အများပိုင် ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီက တင်ပြထားပြီး ယခုအခါ မြေဧက ၇၀၀ ကို ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှာ မြိတ်မြို့ရှှိ မြိတ်အများပိုင်ကော်ပိုရေးရှင်းရုံးသို့ လာရောက်ကာစီမံကိန်းနှင့် ပတ်သက်ပြီး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

“စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အပိုင်းလေးပိုင်းတင်ပြခဲ့တယ်။ Phase 1,2,3,4 ဆိုပြီး တင်ပြခဲ့တယ်။ အဲဒီမှာ Phase 1 ဖြစ်တဲ့ ဝန်ကြီးဌာနပိုင်မြေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေဧက ၇၀၀ ရှိတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်က Phase 1 ကို ခွင့်ပြုတယ်။ ဝန်ကြီးချုပ်ကို တင်ပြတဲ့အခါမှာ သူက စလုပ်လို့ရပြီလို့ ပြောတယ်။ Phase 2,3,4 ကတော့ ရှေ့က Phase 1 အောင်မြင်တိုးတက်အောင်လုပ်ပြပြီးမှ ကျန်တဲ့အပိုင်းတွေကို ထည့်သွင်းစဉ်းစားပေးမယ်လို့ ပြောပါတယ်။ အကုန်ခွင့်ပြုလိုက်ပြီးမှ တန်းလန်းကြီးဖြစ်နေရင် စီမံကိန်း မအောင်မြင်ဘူးဖြစ်မှာစိုးလို့ အရှေ့ကဟာကို တိုးတက်အောင်မြင်ဖို့ ဆောင်ရွက်ပါလို့ ပြောတယ်။ ဧက ၇၀၀ ကျော်ကိုတော့ ခွင့်ပြုလိုက်ပါပြီ။ လောလောဆယ် ကျွန်တော်တို့ ရှေ့ကတံတားနဲ့ စီမံကိန်းအတွက် ဒေါ်လာသန်း ၁၅၀ ခန့်မှန်းထားပါတယ်” ဟု နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးစီမံကိန်းတာဝန်ခံ ဦးဟန်ထူးအောင်က ပြောကြားသည်။

မြိတ်မြို့တွင် နိုင်ငံတကာအဆင့်မီငါး လေလံစျေးနှင့် စက်မှုဇုန်တည်ဆောက်ရေးအတွက် ၂၀၂၁ ခုနှစ် မြိတ်မြို့ခရီးစဉ်အတွင်း နေရာရွေးချယ်ပေးခဲ့ကြောင်း၊ ပထမအဆင့်အနေဖြင့် ငါးလေလံစျေးကို ဦးစားပေး တည်ဆောက်မည်ဖြစ်ကြောင်း စီမံကိန်းအကောင်ထည်ဖော်ရာတွင် လယ်ယာမြေများအား အသုံးမပြုရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ စီမံကိန်းအကောင်ထည်ဖော်ရန်အတွက် MIC ခွင့်ပြုမိန့် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ခွင့်ပြုမိန့်များ ဆက်လက်ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုက စီမံကိန်းကြီးတစ်ခုလုံး အပြီးအစီးဆိုရင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိတယ်။ စက်မှုဇုန်တွေ၊ ကုမ္ပဏီတွေ၊ အိမ်ရာတွေစသဖြင့် အကုန်အကောင်ထည်ဖော်မယ်ဆိုရင်ပေါ့။ လက်ရှိ ခွင့်ပြုချက်ရထားတဲ့ ဧက ၇၀၀ ကျော်မှာ တံတားစီမံကိန်းက ပါနေတဲ့အတွက် ဒေါ်လာသန်း ၁၅၀ လောက်  သုံးရမယ့်သဘောရှိနေပါတယ်။ အထက်က ခွင့်ပြုပြီဆိုတော့ တိုင်းအဆင့်ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုမိန့်၊ ရေကြောင်းဦးစီးဌာနရဲ့ ခွင့်ပြုမိန့်၊ MIC လျှောက်ဖို့ ဆောင်ရွက်ရမယ်။ EIA,SIA ဆောင်ရွက်ရမယ်။ MIC ခွင့်ပြုမိန့်ရမှ စီမံကိန်းကို အကောင်ထည်ဖော် ဆောင်ရွက်လို့ ရပါ့မယ်။ ဘယ်အချိန်မှ စီမံကိန်းစတင်မယ် ဆိုတာ လောလောဆယ်မပြောနိုင်သေးဘူး။ မြေပြင်ကို ကွင်းဆင်းရဦးမယ်။ ဝန်ကြီးဌာနကလည်း မြေကို စွန့်လွှတ်ပေးမယ်ဆိုတဲ့အပိုင်းတွေက ကျန်သေးတယ်။ အဲဒီကိစ္စတွေ ဆက်လက်ဆောင်ရွက်ရဦးမှာပါ” ဟု ဦးဟန်ထူးအောင်က ပြောကြားသည်။

နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးကို မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သည့်ကုမ္ပဏီက Developer အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ရေလုပ်ငန်းရှင်များ၊ ရေလုပ်ငန်းကုမ္ပဏီများ ပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် သောင်းနှင့်ချီကာ ရရှိမည်ဖြစ်ကြောင်း ဒါရိုက်တာတစ်ဦးက ပြောကြားသည်။ မြန်မာ့ရေထွက်ကုန်များမှာ ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေရပြီး မြန်မာနိုင်ငံတွင် ငါးစျေးကွက်တစ်ခု ပေါ်ပေါက်လာစေရန် လုပ်ငန်းရှင်များက အစိုးရအဆက်ဆက် ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent