နိုင်ငံတော်တာဝန်ကိုရယူခဲ့သည့်အချိန် တစ်နှစ်ပြည့်မြောက်ပြီးပါက ကာလုံသို့အခြေအနေတင်ပြ၍ သက်တမ်းတိုးနိုင်ရန် ဆောင်ရွက်မည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံတော်တာဝန်ကိုရယူခဲ့သည့်အချိန် တစ်နှစ်ပြည့်မြောက်ပြီးပါက ကာလုံသို့အခြေအနေတင်ပြ၍ သက်တမ်းတိုးနိုင်ရန် ဆောင်ရွက်မည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 14 January 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်တော်တာဝန်ကို ရယူခဲ့သည့်အချိန် တစ်နှစ်ပြည့်မြောက်ပြီးပါက အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်များအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အခြေအနေတင်ပြ၍ သက်တမ်းတိုးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်ရှိ ပြန်ကြားဝန်ကြီးဌာန၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နစကအနေဖြင့် နိုင်ငံတော်တာဝန်များကို လွှဲပြောင်းရယူခဲ့သည်မှာလာမည့် ဖေဖော်ဝါရီတွင် တစ်နှစ်ပြည့်မြောက်မည်ဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက် များအရ သက်တမ်းတိုးရန် အစီအစဉ်ရှိ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ကျွန်တော်တို့က တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ တစ်နှစ်ပြည့်မြောက်ပြီးရင်တော့ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်များအရ လုပ်ဆောင်ရမယ့် ပြဋ္ဌာန်းချက်များ ရှိပြီး ဖြစ်ပါတယ်။ နည်းလမ်းများရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က ရှိနေတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အခြေအနေတင်ပြပြီးတော့ ကျွန်တော်တို့သက်တမ်း တိုးနိုင်ဖို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် ပြည်ထောင်စုလွှတ်တော်သက်တမ်း ကုန်ဆုံးသွားချိန် တွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိနှစ်ကြိမ်တိုးမြှင့် ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

“နောက်တစ်ခုကတော့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ့။ လက်ရှိဖြစ်ပျက် နေတဲ့အခြေအနေတွေမှာတော့ ကယား ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း တစ်ချို့နေရာတွေမှာတော့ မငြိမ်မသက်ဖြစ်နေတာတွေ ရှိပါသေးတယ်။ ခုနကပြောတဲ့ အကြမ်းဖက်မှုတွေ ရှိပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ကတော့ ၂၀၂၃ ခုနှစ် မှာ ကျွန်တော်တို့ပြောခဲ့တာပေါ့။ ဒါကတော့ ဥပဒေအရ ၂၀၂၃ သြဂုတ်သည် သူက ဥပဒေ အရကတော့ နောက်ဆုံး ရွေးကောက်ပွဲကျင်းပရမှာပေါ့။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ကတိအတိုင်း၊ ကျွန်တော်တို့ ပြောထားတဲ့ ကတိအတိုင်း ဖြစ်နိုင်အောင် ကြိုးစားလျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အတွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်စေရန်အတွက် တပ်မတော် က လုပ်ဆောင်နေခြင်းမဟုတ်ဘဲ NUGနှင့်PDF အဖွဲ့များ၊ အချို့သော EAO အဖွဲ့များ ထဲမှ အစိတ်အပိုင်းအချို့ကသာ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် EAO များနှင့်ပတ်သက်ပြီး မိမိတို့၏စခန်းများ၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး နေရာများ၊ ပြည်သူများ၏ အသက်အိုးအိမ် များကို လာရောက်မတိုက်ခိုက်မချင်း မိမိတို့က တိုက်ခိုက်နေခြင်းမရှိကြောင်း၊ အထက်ပါ အခြေအနေများကို ထိပါးလာပါက လုံခြုံရေးအရ လိုအပ်သလိုဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထပ်မံပြောလိုသည် မှာ ကတိအတိုင်းဖြစ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။        

Most Read

Most Recent