မြန်မာ့အရေးကို အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဟု အိန္ဒိယ ပြောကြား

မြန်မာ့အရေးကို အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဟု အိန္ဒိယ ပြောကြား
Published 13 January 2022
Ref:Phonmphenpost

မြန်မာ့အရေးအပါအဝင် အားလုံးစိုးရိမ်ရသည့် ပြဿနာများကို ဖြေရှင်းရာတွင် ၂၀၂၂ အာဆီယံဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ အနီးကပ်ဆောင်ရွက်သွား မည်ဟု အိန္ဒိယနိုင်ငံက ကတိပြုခဲ့ကြောင်း ဖနွမ်းပင်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရေးရာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ဆိုင်ရာ ဝန်ကြီးပရက်ဆော့ခွန်းနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ရမ်ဂျိုင်ရှန်ကာတို့ ဇန်နဝါရီ ၁၀ ရက်က ဖုန်းပြောဆိုစဉ် အိန္ဒိယက ယင်းသို့ ကတိပြုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖုန်းဖြင့်ပြောဆိုရာတွင် ဆက်ခွန်းသည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဟွန်ဆန်သည် လွန်ခဲ့သောသီတင်းပတ်က မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ဟွန်ဆန်သည် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းပေးရန် ကြိုးပမ်းသည့်အနေဖြင့် မြန်မာနိုင်ငံကို အလည်အပတ်သွားခဲ့ခြင်းဖြစ်သည်ဟု ပရက်ဆော့ခွန်းက ပြောကြားခဲ့သည်။

ဘုံအကျိုးစီးပွားနှင့်သက်ဆိုင်သော အခြားကိစ္စရပ်များကို ရှင်းလင်းပြောကြားရာတွင် ဆော့ခွန်းက မဲခေါင်ဒေသအတွက် အိန္ဒိယ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုများကို ကမ္ဘောဒီးယားက ကျေးဇူးကြောင်း ပြောကြားခဲ့ကာ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ပေါ်လာခြင်းကြောင့် နောက်ဆုံးဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်းကို  အိန္ဒိယနိုင်ငံက ကျော်လွှားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“မြန်မာနဲ့ အိမ်နီးချင်းဖြစ်နေတဲ့ နိုင်ငံအနေနဲ့ အိန္ဒိယဟာ မြန်မာနိုင်ငံက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။  အထူးသဖြင့်အခုနှစ် အာဆီယံဥက္ကဋ္ဌအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ထမ်းဆောင်နေတဲ့ အရေးပါတဲ့အခန်းကဏ္ဍကို တန်ဖိုးထားပါ တယ်။ လွန်ခဲ့တဲ့သီတင်းပတ်က ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံကို အလုပ်သဘောအလည်အပတ်ရဲ့ အားတက်စရာ ရလဒ်တွေနဲ့ ပတ်သက်လို့ သူ့(ဆူဘရာမန်ရမ်ဂျိုင်ရှန်ကာ)ကို ရှင်းလင်းပြောကြားတဲ့အခွင့်အရေးကို ကျွန်တော်ရယူခဲ့ပါတယ်” ဟု ဖုန်းဆက်ပြောဆိုခဲ့ပြီးနောက် ဆော့ခွန်းက Facebook ပို့စ်တွင် ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားနှင့် အိန္ဒိယတို့သည် ယခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု အနှစ် ၇၀ ပြည့် နှစ်ပတ်လည်ကို ကျင်းပရန် မျှော်လင့်ထားသည်ဟု နှစ်နိုင်ငံဆက်ဆံရေးနှင့်စပ်လျဉ်း၍ ဆော့ခွန်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့်စကားပြောခဲ့ပြီးနောက် ဂျိုင်ရှန်ကာက “အိန္ဒိယ-အာဆီယံဆက်ဆံရေး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့အရေးတို့ကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့လည်း အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့အတူ ကျွန်တော်အနီးကပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Twitter တွင် ရေးသားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီအစိုးရလက်ထက်တွင် အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒတွင် အပြောင်းအလဲများရှိလာသည်ဟု ဒီမိုကရေစီဆိုင်ရာ ကမ္ဘောဒီးယားအင်စတီကျု့ကို ပူးတွဲတည်တောင်သူ ရိုဗန်နက်က ပြောကြားခဲ့ပြီး အိန္ဒိယသည် ‘အနောက်မျှော်ဝါဒမှသည် အရှေ့ကိုသွားမည့် ၀ါဒ’ သို့ပြောင်းလဲလာ သည်ဟု ဆိုသည်။ အာရှ-ပစိဖိတ်တွင် အမေရိကန်နှင့် တရုတ်ပြိုင်ဆိုင်မှုကိုလိုက်၍ အိန္ဒိယ၏ မဟာဗျူဟာပြောင်းလဲနေသည်ဟု ၎င်းက ပြောသည်။     

Most Read

Most Recent