မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက ဒေါ်လာ ငါးသိန်း လှူဒါန်း

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက ဒေါ်လာ ငါးသိန်း လှူဒါန်း
Published 29 December 2021

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံကို ဒေါ်လာငါးသိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှု အခမ်းအနားကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Chen Hai နှင့် ကိုယ်စားလှယ်အဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) မှ ဒုတိယဥက္ကဋ္ဌ(၂) ဦးပြည့်စုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြသည်။ ယင်းအခမ်းအနားတွင် သံအမတ်ကြီးက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းရခြင်း အကြောင်းရင်းကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဒေါ်လာငါးသိန်းအနက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အဆင့်ဆင့်သို့ အမေရိကန်ဒေါ်လာ သုံးသိန်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)သို့ အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 

အလှူငွေများကို ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံရယူပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးပြည့်စုံတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များကို သံအမတ်ကြီးထံ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် သံအမတ်ကြီး တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent