ကမ္ဘာ့စီးပွားရေးနှင့် အိုမီခရွန်ဗီဇပြောင်း

ကမ္ဘာ့စီးပွားရေးနှင့် အိုမီခရွန်ဗီဇပြောင်း
Published 29 December 2021
ဒေါက်တာလွင်သန့်

ဒယ်တာ (Delta) ကိုဗစ်တတိယလှိုင်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ်ကပ်ရောဂါ ပြင်းထန်စွာခံစားခဲ့ရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အရှိန်ပြန်ယူဆဲမှာပဲ အိုမီခရွန် (Omicron) မျိုးဗီဇပြောင်း ထပ်မံကူးစက်ပျံ့နှံ့နေတာကြောင့် ကမ္ဘာ့စီးပွားရေးဟာ ပြဿဒါးရက်များ ပြန်ဖြစ်သွားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးချင်း၊ နိုင်ငံရေးခေါင်းဆောင်များ၊ နယ်ပယ်စုံမှပညာရှင်များအထိ အလွှာအသီးသီးမှ လူအားလုံးကို ပိုမိုခေါင်းရှုပ်သွားစေခဲ့ပါတယ်။ အိုမီခရွန်ကြောင့် ထပ်မံပေါ်ပေါက်လာနိုင်တဲ့ဟန့်တားမှုများ၊ ကန့်သတ်ချုပ်ချယ်မှုများဟာ ကနဦးအခက်အခဲတွေအတွက် ပြင်ဆင်အားထုတ်မှုအပေါ် ပိုမိုဝန်ပိလာတော့မှာကို အားလုံးမှန်းဆနေကြပါတယ်။

၂၀၂၁ ခုနှစ်နိုဝင်ဘာ ၈ ရက်ကတည်းက တောင်အာဖရိက ဘော့ဆွာနာမှာ စတင်တွေ့ရှိခဲ့တဲ့ ဗီဇပြောင်းကိုဗစ် အိုမီခရွန် (Omicron) လို့ အမည်မှည့်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ယခင်ဒယ်တာမျိုးကွဲထက် လျင်မြန်စွာကူးစက်မြန်တာကြောင့် ဖွင့်လှစ်စကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဟိုတယ်ခရီးသွားလုပ်ငန်းတွေ တံခါးပြန်ပိတ်ကုန်ပါတယ်။ ရက်သတ္တပတ်လေးပတ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော် ပျံ့နှံ့သွားပြီဖြစ်ပါတယ်။

အိုမီခရွန် ဗိုင်းရပ်မျိုးကွဲသစ် ထပ်မံကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးပြန်လည်နိုးထနိုင်ရေး လုပ်ဆောင်မှုအားလုံး အရှိန်လျော့သွားခဲ့ပါတယ်။ နိုင်ငံကြီးအချို့ရဲ့ဘဏ်တွေမှာ အမေရိကန်ဗဟိုဘဏ်ရဲ့ စီးပွားရေးနှိုးဆွမှုအစီစဉ်များ၊ အင်္ဂလန်ဘဏ်ရဲ့အတိုးနှုန်းမြင့်မားရေးအခြေအနေ၊ ဥရောပဗဟိုဘဏ်ရဲ့ အတိုးနှုန်းမြှင့်တင်ရေး၊ အခြေအနေအရေးပေါ် ငွေချေးစာချုပ်ဝယ်ယူခြင်းကိစ္စတို့ပြန်လည်စဉ်းစား သုံးသပ်မှုပြုလုပ်လာကြပါတယ်။

    အားလုံးဟာ တစ်ဆင့်ပြီးတစ်ဆင့် အန္တရာယ်ကြီးမားလာတဲ့ ငွေကြေးဖောင်းပွမှုအခြေအနေကို တုံ့ပြန်တိုက်ခိုက်ဖို့ပြင်ဆင်နေတာဖြစ်တယ်။ လက်ရှိရင်ဆိုင်နေရတဲ့ ငွေကြေးဖောင်းပွမှုအန္တရာယ် အတိမ်အနက်ကိုလည်း ကောင်းစွာသဘောပေါက်ကြပါတယ်။ အမေရိကန်ဆယ်စုနှစ်သုံးစုမှာ အမြင့်ဆုံး၊ ဗြိတိန်မှာ ၁၀ နှစ်တာအတွင်းအမြင့်ဆုံး၊ ဥရောပသမဂ္ဂအီးယူမှာ ယခုအချိန်ဟာအမြင့် ဆုံးအခြေအနေမျိုးရှိနေလို့ အဆိုးရွားဆုံးအဆင့်မှာ ရှိနေပါတယ်။

ကမ္ဘာနိုင်ငံများရဲ့ စီးပွားရေးပြန်လည် နာလန်ထူရေးအားထုတ်မှုများ၊ မျှော်လင့်ချက်များ သဲထဲရေသွန်အခြေအနေမျိုး ရောက်သွားပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေး အားထုတ်မှုမှာ အဓိကကျတဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ ငွေကြေးအရင်းအနှီးကဏ္ဍကို ခြိမ်းခြောက်မှုများထပ် မံဖြစ်လာဦးမယ်။ ရောဂါမပြန့်ပွားရေးအတွက် လုပ်ဆောင်လာနိုင်တဲ့ ပိတ်ပင်ကန့်သတ်မှုအသစ်များဟာ ယခင်ကတည်းက အားနည်းနေတဲ့ စီးပွားရေးအခြေအနေကို ပိုပြီးချည့်နဲ့စေပါတယ်။ ဆိုးရွားစေပါတယ်။ ရောင်းလိုအား ပြတ်လပ်မှု၊ ထောက်ပံ့ရေး ကွင်းဆက်အခက်အခဲများ ပိုမိုဆိုးရွားလာစေတဲ့ ခြိမ်းခြောက်မှုဖြစ်လာပါတယ်။ စိန်ခေါ်မှုများရှိလာပါတယ်။

အိုမီခရွန် မျိုးကွဲဗိုင်းရပ်သစ်ကူးစက်ပျံ့နှံ့မှုဟာ အလုပ်အကိုင်အခြေအနေများနဲ့ စီးပွားရေးတိုးတက်မှု အခြေအနေများကိုလည်း မျှော်လင့်တာထက် ပိုဆိုးရွားလာနိုင်သလို မသေမချာမရေမရာမှုများ ထပ်မံတိုးလာစေတယ်လို့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်းပါဝဲလ်က မှတ်ချက်ပြုပါတယ်။ အင်္ဂလန်ဗဟိုဘဏ်ရဲ့ အကြီးတန်းအရာရှိဟောင်း အဲလက်စ်ဘရော့ဂျာကလည်း စီးပွားရေးပြန်လည်စ တင်မှုများအတွက် နှောင့်နှေးကြန့်ကြာမှုများ ဘယ်လောက်ကြာအောင်ရှိမှာလဲဆိုတာ အားလုံးအတွက် မေးခွန်းထုတ်ဖွယ်ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါစတင်ကတည်းက တဖြည်းဖြည်းချင်း သက်ရောက်ထိခိုက်မှုများ ဖြစ်လာတဲ့ စီးပွားရေးအခြေအနေအရပ်ရပ်ကို လေ့လာနေခဲ့ကြပါတယ်။ ရောင်းလိုအား၊ ဝယ်လိုအားနဲ့ ထောက်ပံ့ရေးကွင်းဆက်အပေါ် ရုတ်ခြည်းပြင်းထန်တဲ့ သက်ရောက်မှုမဖြစ်ရေးအတွက် သတိပြုကိုင်တွယ်ခဲ့ကြ သလို စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေး နည်းလမ်းများလည်း သတ်မှတ်ထားလုပ်ဆောင်ခဲ့ကြပါတယ်။ အဆိုပါလုပ်ဆောင်နေစဉ်မှာ နောက်တိုး အိုမီခရွန် (Omicron) ကြောင့် ထပ်မံဖြစ်လာနိုင်ခြေအကျပ်အတည်း များအတွက် နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးပညာရှင်များ၊ ကျန်းမာရေးပညာရှင်များ ခေါင်းချင်းဆိုင်လျက်ရှိနေကြပြီဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုဖိအား ပိုမိုဖြစ်စေကာ ပြန်လည်မျှော်လင့်နေတဲ့ စီးပွားရေးနာလန်ထူနိုင်ရေး အားထုတ်မှုများကို ခြိမ်းခြောက်မှုဖြစ်လာလို့ ဗဟိုဘဏ်များအတွက် စိန်ခေါ်မှုအသစ်များ ပိုမိုများပြားလာနိုင်ပါ တယ်။ လက်ရှိအခြေအနေမှာ နိုင်ငံအသီးသီးမှာ တရိပ်ရိပ်မြင့်တက်နေတဲ့ စားသုံးကုန်စျေးနှုန်းများ ရင်ဆိုင်နေကြရပါတယ်။ အဆိုပါအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းနိုင်ရေး လုပ်ဆောင်နေကြပါတယ်။ ငွေကြေးဆိုင်ရာအစီအမံများနဲ့ ထိန်း သိမ်းနိုင်ရေးလုပ်ဆောင်ရာမှာ ဗိုင်းရပ်မျိုးကွဲသစ်ကြောင့် ဖြစ်လာနိုင်တဲ့ ဟန့်တားကန့်သတ်ချက်များက စီးပွားရေးပြန်လည်နာလန်ထူရေး လမ်းချော်နေစေပါတယ်။

ကိုဗစ်မျိုးစိတ်သစ် အိုမီခရွန် (Omicron) က စိုးရိမ်မှုများကြောင့် လုပ်ငန်းခွင်ပြန်မလာကြသေးတဲ့ အလုပ်သမားများကို ဟန့်တားထားသလို ဖြစ်နေပြန်ပါတယ်။ လုပ်ငန်းအင်အားလျော့နည်းခြင်း၊ အလုပ်လက်မဲ့များခြင်း၊ စားနပ်ရိက္ခာပြတ်လပ်ခြင်းတို့ ပိုမိုကြီးမားလာစေပါတယ်။ တရုတ်နိုင်ငံလို ကုန်ပစ္စည်းထုတ်လုပ်ရေးပမာဏ အင်အားကြီးနိုင်ငံမှာ အသွားအလာကန့်သတ်ဟန့်တားမှု ထပ်မံပြုလုပ်မှုများရှိလာရင် ယခင်ကြုံတွေ့နေရတဲ့ ရောင်းလိုအားကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်နဲ့ပတ်သက်တဲ့ အခက်အခဲများ ပိုမိုဆိုးလာနိုင်ပါတယ်။ လက်ရှိအချိန်အခါနဲ့ အခြေအနေကြည့်တဲ့အခါ အားလပ်ရက်ရာသီနဲ့ မဆုံးဖြတ်သေးတဲ့ စုဆောင်းငွေများ ပိုမိုသုံးစွဲလာမယ့် အခြေအနေရှိကာ ဝယ်လိုအားအရှိန်မြင့်တက်ကောင်းမွန်လာဖွယ်ရှိနေတယ်။ အဆိုပါအခြေအနေက ငွေကြေးဖောင်းပွမှုကို ပိုမိုတွန်းအားပေးတဲ့အလားအလာများ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများ သုံးသပ်ကြပါတယ်။

ကျန်းမာရေးကဏ္ဍမှာတင် အချိုးမညီမှု၊ အားနည်းမှုများခဲ့တယ်။ ဆေးရုံများဆေးခန်းများမှာ ကိုဗစ်လူနာသီးသန့်ဖြစ်နေပါတယ်။ သွေးတိုးနှလုံးသွေးကြောရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ ကင်ဆာရောဂါများ၊ သွေးရောဂါများ၊ ကလေးရောဂါများ၊ ကိုယ်ဝန်အပ်ခြင်း၊ ကိုယ်ဝန်မီးဖွားခြင်းတို့မှာ ပါရဂူများ ဆေးခန်းဆေးရုံမလာကြတော့လို့ အွန်လိုင်းကပဲ ကုသမှုပေးတာ ခံယူရတော့တယ်။

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ကပ်ရောဂါကျရောက်စဉ်ကာလမှာ ကလေးဘဝ ကာကွယ်ဆေးများ၊ ဥပမာ မြန်မာနိုင်ငံမှာအသက်နှစ်လမှာ အဆုတ်ကာကွယ်ဆေး (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦး နှောက်အမြှေးရောင်ကာကွယ်ဆေးထိုးခြင်း၊ အသက်လေးလမှာဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင် ဒုတိယအကြိမ်ထိုးခြင်း၊ အသက်ခြောက်လမှာ အဆိုပါဆေးငါးမျိုးပါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းနဲ့ ပိုလီယိုအစက်ချ ဆေးတိုက်ကျွေးခြင်း၊ အသက်ကိုးလနဲ့ အသက် ၁၈ လမှာ ဝက်သက်ကာကွယ်ဆေးထိုးနှံခြင်း၊ ဝက်သက်၊ ဂျိုက်သိုးရောဂါထိုးနှံခြင်း၊ ရိုတာဗိုင်းရပ် ဝမ်းရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ အသက်ရှစ်နှစ်အရွယ်အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းများ ရပ်တန့်ကုန်ပါတယ်။ လကျော်၊ နှစ်ကျော် ဖြစ်သွားပါတယ်။

အိုမီခရွန် (Omicron) မျိုးဗီဇသစ်က ဒယ်တာမျိုးကွဲထက် ရောဂါမပြင်းထန်ပေမဲ့ ကူးစက်ပြန့်နှံ့မှုအဆ ၂၀၀ မြန်ဆန်ပါတယ်။ ရက်သတ္တပတ်လေးပတ်ကာလအတွင်း နိုင်ငံပေါင်း ၆၀ ကျော် ပျံ့နှံ့ကူးစက်နေပြီပဲဖြစ်ပါတယ်။ ကိုဗစ်ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြစ်တဲ့ နှာခေါင်းစည်း (Surgical Mask) တပ်ခြင်း၊ လက်ကို ဆပ်ပြာရေတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောခြင်း (သို့မဟုတ်) ဟန်းဂျယ် (Hand Gel) သုံးခြင်း၊ လူတစ်ဦးနဲ့တစ်ဦး လူမှုအကွာအဝေးခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ နေအိမ်မှာနေစေခြင်း (Stay at Home)နဲ့ ဆီမီးလော့ဒေါင်း၊ လော့ဒေါင်းများချမှတ်လာကြပါတယ်။ အရှိန်ယူနေဆဲစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတို့ပြန်လည်ပိတ်ဆို့မှုအသစ် တွေ့ကြုံခဲ့ကြရပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အသေးစားနဲ့အလတ်စား (SMEs) လုပ်ငန်းမှာပါဝင်တဲ့ အထည်ချုပ်လုပ်ငန်းမှာ လက်ခစား (CMP) စနစ်ကျင့်သုံးနေလို့ ကိုဗစ်ကာလ ဥရောပဖောက်သည် နိုင်ငံများ အော်ဒါလျှော့မှာခြင်း၊ အော်ဒါပယ် ဖျက်ခြင်း၊ ကုန်ကြမ်းမရခြင်းတို့ကြောင့် ဝန်ထမ်းများ အလှည့်ကျဆင်း‌စေခြင်း၊ ယာယီ (သို့မဟုတ်) အမြဲတမ်းဖြုတ်ပစ်ခြင်း၊ လုပ်ငန်းများယာယီ (သို့မဟုတ်) အမြဲတမ်းပိတ်သိမ်းခြင်း၊ အထည်ချုပ်စက်ရုံများ အခြားနိုင်ငံများထံ ပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့ကြောင့် အထည်ချုပ်လုပ်သား သိန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါတယ်။ ပြည်ပမှပြန်ဝင်လာတဲ့နေရပ်ပြန်တွေကြောင့်လည်း အလုပ်ရရှိဖို့၊ အလုပ်တည်မြဲဖို့၊ အဖိုးအခ ပိုများဖို့ စိတ်ဖိစီးမှုတွေများခဲ့ကြတယ်။

ကိုဗစ်အလွန်မှာ ထိုင်း၊ မလေးရှားတို့မှ ပြည်ပလုပ်သား ပြန်ခေါ်စာနဲ့အတူ “ ရွှေ့ပြောင်းလုပ်သား” ထောင်နဲ့ချီ သွားရောက်ကြပြန်တယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၄ သန်းခေါင်စာရင်းအရ နိုင်ငံခြားရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၁ သန်းရှိရာ အများစုမှာ ထိုင်း (၇၀ ရာခိုင်နှုန်း)၊ မလေးရှား (၁၅ ရာခိုင်နှုန်း) သွားရောက်လုပ်ကိုင်နေကြကြောင်း တရားမဝင်သွားလာမှုနဲ့ဆိုရင် သည့်ထက်ပိုမိုများပြားကြောင်း သိရပါတယ်။ ယခုတိုင်ထွက်ခွာနေကြပါတယ်။

မျိုးဗီဇသစ် အိုမီခရွန် (Omicron) ပျံ့နှံ့ကူးစက်နေချိန် မျက်လုံးဒေါက်ထောက်ကြည့်နေကြတာက ကမ္ဘာ့ငွေကြေးဖောင်းပွမှုပဲဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုရုပ်ပုံကားချပ်ဟာ အမှောင်ဘက် ပိုရောက်လာပါတယ်။ ဂျာမနီနဲ့ ဂျပန်မှာ နိုဝင်ဘာလကုန်စျေးနှုန်းများ မျှော်လင့်ထားတာထက် ပိုမိုမြင့်တက်နေပါ တယ်။ စပိန်နိုင်ငံမှာ ဆယ်စုနှစ်သုံးစုကြာနေထိုင်မှုစရိတ်အမြင့်ဆုံးအချိန် ဖြစ်နေပါတယ်။ ဗိုင်းရပ်ကာကွယ်ထိန်းချုပ်မှုအပေါ်မူတည်ပြီး စျေးနှုန်းဖိအား အန္တရာယ်ရှိနိုင်ကြောင်း  နယ်သာလင်ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုပါတယ်။ အကြီးတန်းစီးပွားရေးပညာရှင် နီးလ်ရှီရာရင်းက ကွဲပြားခြားနားတဲ့ ကပ်ရောဂါရှော့ (COVID Shock) နဲ့ လာပြီးတူနေတယ်ဆိုပါတယ်။