စကြဝဠာခေတ်ဦးနှင့် အဝေးကမ္ဘာများကို လှမ်းကြည့်မည့် ဂျိမ်းစ်ဝက်ဘ် အာကာသမှန်ပြောင်း

စကြဝဠာခေတ်ဦးနှင့် အဝေးကမ္ဘာများကို လှမ်းကြည့်မည့် ဂျိမ်းစ်ဝက်ဘ် အာကာသမှန်ပြောင်း
  နာဆာ၏ ဂျိမ်းစ်ဝက်ဘ်အာကာသအဝေးကြည့်မှန်ပြောင်းကို ပစ်လွှတ်ပေးမည် Ariane 5 ဒုံးကျည်ကို တွေ့ရစဉ် (Photo:NASA)
နာဆာ၏ ဂျိမ်းစ်ဝက်ဘ်အာကာသအဝေးကြည့်မှန်ပြောင်းကို ပစ်လွှတ်ပေးမည် Ariane 5 ဒုံးကျည်ကို တွေ့ရစဉ် (Photo:NASA)
Published 26 December 2021
ဇင်မျိုး

ဒီဇင်ဘာ ၂၅ ရက်က တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဖရန့်ဂိုင်ယာနာရှိ ဂိုင်ယာနာအာကာသစင်တာမှ ဂျိမ်းစ်ဝက်ဘ် အဝေးကြည့်မှန်ပြောင်းကို သယ်ဆောင်သွားသော ဒုံးပျံကို အာကာသထဲသို့ လွှတ်တင်ခဲ့ရာ အဆိုပါဒုံးကျည်ပျံတက်သွားသည်ကို မြန်မာနိုင်ငံရှိ ဒေသအချို့က လူများမြင်လိုက်ရသည်။

တည်ဆောက်ခဲ့သမျှ အာကာသအဝေးကြည့် မှန်ပြောင်းများထဲတွင် စွမ်းအားအကောင်းဆုံး အာကာသ အဝေးကြည့်မှန်ပြောင်းကို အမေရိကန်၊ ကနေဒါနှင့် ဥရောပတို့က သိပ္ပံပညာရှင်များ ပူးပေါင်းတည်ဆောက်ခဲ့ ကြခြင်း ဖြစ်သည်။ တည်ဆောက်ချိန် အနှစ် ၂၀ ကြာခဲ့သည်။ ယခု အဝေးကြည့်မှန်ပြောင်းကြီးသည် ဟာဗယ်အာကာသ အဝေးကြည့် မှန်ပြောင်း၏နေရာကို ဆက်ခံမည့် မှန်ပြောင်း ဖြစ်သည်။

၁၉၆၁- ၁၉၆၈ အပိုလိုမစ်ရှင်အတွင်း နာဆာအုပ်ချုပ်ရေးမှူးဖြစ်ခဲ့သော ဂျိမ်းစ်ဝက်ဘ် အမည်အတိုင်း ဤ အဝေးကြည့် မှန်ပြောင်းကို အမည်ပေးခဲ့ခြင်းဖြစ်သည်။

 အပိုလိုမစ်ရှင်သည် ၁၉၆၉ ခုနှစ်တွင် လပေါ်သို့ နေးလ်အမ်းစထရောင်း ပထမဆုံး ခြေချနိုင်စေရန် ဦးတည်စေခဲ့သော မစ်ရှင်ဖြစ်သည်။

ဂျိမ်းစ်ဝက်ဘ် အာကာသအဝေးကြည့်မှန်ပြောင်းကို Lagrange point ဟုခေါ်သည့် နေရာသို့ လွှတ်တင်လိုက်ခြင်းဖြစ်သည်။ အဝေးကြည့်မှန်ပြောင်းကြီးသည် ထိုနေရာမှ တစ်ဆင့် နေကိုလှည့်ပတ်မည်ဖြစ်သည်။ Lagrange point သည် ကမ္ဘာမှ ကီလိုတာမီတာ ၁.၅ သန်းကျော်ဝေးသော နေရာတွင်ရှိရာ ထိုနေရာသည် ကမ္ဘာနှင့်လ အကွာအဝေးထက် လေးဆကျော်ပိုဝေးသည်။

“ဒါဟာ လပေါ်ကို လူဆင်းခဲ့ပြီးနောက်ပိုင်း ကျွန်မတို့လုပ်ဆောင်ခဲ့တဲ့ ရည်မှန်းချက် အကြီးမားဆုံးအရာ ဖြစ်လာနိုင်ပါတယ်” ဟု ဂျိမ်းစ်ဝက်ဘ် အဝေးကြည့်မှန်ပြောင်း သုတေသီလည်းဖြစ် နာဆာသုတေသီလည်းဖြစ် သော နာအိုမီရိုဝီဂါနေးက ပြောသည်။

အဝေးကြည့်မှန်ပြောင်းသည် သတ်မှတ်နေရာသို့ ရောက်သည်နှင့် တစ်ပြိုင်တည်း ယခင်က လူသားတို့မမြင်ဖူးသော စကြာဝဠာနယ်ပယ်များကို မြင်ရအောင် လုပ်ပေးမည် ဖြစ်သည်။

ယခု အာကာသအဝေးကြည့်မှန်ပြောင်းသည် အလွန်ကြီးမားသည်။ ကြီးလွန်းသောကြောင့် ဒုံးပျံထဲတွင် ထည့်၍ရစေရန် စက္ကူခေါက်ရုပ်တစ်ခုကဲ့သို့ ခေါက်နိုင်အောင် ပုံစံထုတ်ခဲ့သည်။

အဝေးကြည့်မှန်ပြောင်းကြီး၏ နေရောင်ကာဒိုင်းမှာ တင်းနစ်ကွင်း အရွယ်အစား ရှိသည်။ အဆိုပါ နေရောင်ကာဒိုင်းသည် အဝေးကြည့်မှန်ပြောင်း၏ အရေးပါသော ပစ္စည်းအစိတ်အပိုင်းများထဲသို့ နေရောင်နှင့် အပူဝင်မလာစေရန် လုပ်ဆောင်ပေးမည်ဖြစ်သည်။ ထို့ကြောင့် အဝေးကြည့်မှန်ပြောင်း ထဲတွင် ပူနေမည် မဟုတ်ပေ။

တင်းနစ်ကွင်း အရွယ်အစားခန့်ရှိ အလွှာငါးလွှာပါသော နေကာဒိုင်းသည် နေ၊ လနှင့် ကမ္ဘာတို့မှလာသော အပူကို ပိတ်ဆို့ပေးခြင်း၊ လမ်းကြောင်းလွှဲပေးခြင်းတို့ လုပ်ပေးမည်ဖြစ်သည်။ အလွှာတစ်ထပ်စီသည် တစ်မီလီမီတာ၏ အပိုင်းတစ်ပိုင်းမျှသာ ထူရာ လူ့ဆံခြည်မျှင်လောက် ပါးလွှာသည်။ ရှေ့အလွှာထက် နောက် အလွှာက ပိုအေးအောင် လုပ်ပေးရာ အာဏာသထဲတွင် အပူဒဏ်ကို အကာအကွယ်ပေးမည့်ဒိုင်းဟု နာဆာက ပြောသည်။

နေရောင်ကာဒိုင်းဟုလည်းခေါ်သည့် ကြေးမုံချပ်( မှန်ချပ်) သည် အချင်းဝက် ၆.၅ မီတာခန့်ရှိရာ သုံးထပ်အဆောက်အအုံ အရွယ်အစားခန့်ရှိသည်။

အဆိုပါကြေးမုံသည် အဝေးကြည့် မှန်ပြောင်းမှတစ်ဆင့် အာကာသကို လှမ်းကြည့်နိုင်မည့် အပိုင်းဖြစ်ရာ ဂျိမ်းစ်ဝက်ဘ် ကြေးမုံချပ်ကြီးမှာ အခြား ထိပ်တန်းအဆင့် အဝေးကြည့်မှန်ပြောင်းများတွင် တပ်ဆင်ထားသော ကြေးမုံ ထက်သုံးဆကျော် ကျယ်သည်။

ထို့ကြောင့် ဂျိမ်းစ်ဝက်ဘ်အဝေးကြည့် မှန်ပြောင်းမှတစ်ဆင့် ယခင်ကမြင်ခဲ့သည့်  ဆယ်ဆကျော် ပိုမိုမှေးမှိန်သော ဂြိုဟ်များနှင့် နဂါးငွေ့တန်းခေါ် ဂလက်ဆီများကို ကြည်ကြည်လင်လင် မြင်ရမည်ဖြစ်သည်။ 

သင့်တွင် ကင်မရာတစ်လုံးရှိသည်ဆိုပါစို့။ အဆိုပါကင်မရာ၏ မှန်ဘီလူးများကို လက်ဖြင့် မတော်တဆ ထိမိသွားမည်ဆိုပါက မှန်ဘီလူးများပေါ်တွင် လက်ဗွေရာလေးများ ထင်သွားမည်ဖြစ်သည်။ ယင်းသို့သော မှန်ဘီးလူးဖြင့် ဓာတ်ပုံရိုက်သောအခါ ပုံများသည် ၀ါးနေမည်မဟုတ်ပါလော။

ထိုအတိုင်းပင် ကမ္ဘာပေါ်က အဝေးကြည့်မှန်ပြောင်းများကို တည်ဆောက်ရာတွင် အဆိုပါ ဥပမာကိုယူ၍ တည်ဆောက်ခြင်း ဖြစ်သည်။ ကမ္ဘာ့လေထုသည် ရေငွေ့ကဲ့သို့သော အမှုန်အမွှားလေးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ကမ္ဘာပေါ်ကအဝေးကြည့်မှန်ပြောင်းဖြင့် အာကာသကို လှမ်းကြည့်သည့်အခါ  ထို အမှုန်လေးများက မြင်ကွင်းကို ဝေ၀ါးစေသည်။

ထို့ကြောင့် အဝေးကြည့်မှန်ပြောင်းများကို အာကာသထဲသို့ လွှတ်တင်ခြင်းဖြစ်သည်။ သို့မှသာ နက္ခတ္တဗေဒပညာရှင်များသည် အခြားဂြိုဟ်များနှင့် စကြဝဠာကို စူးစမ်းလေ့လာရာတွင် မြင်ကွင်းပိတ်ဆို့မှုများ ဝေ၀ါးမှုများမှ ကင်းဝေးမည်ဖြစ်သည်။အားကောင်းသော အဝေးကြည့်မှန်ပြောင်းကို အာကာသထဲတွင် ထားရှိခြင်းဖြင့် သိပ္ပံပညာရှင်များသည် အလှမ်းဝေးသော ဂြိုဟ်များ၏ပတ်ဝန်းကျင်လေထုကို အသေး စိတ်ကျကျ မြင်ရမည်ဖြစ်သည်။

အဆိုပါလေထုထဲတွင် သက်ရှိရှင်သန်ရန်လိုအပ်သော အရေးပါသည့် ဓာတ်အချို့ကို သိပ္ပံပညာရှင်များက လေ့လာနိုင်မည် ဖြစ်သောကြောင့် အဝေးကြည့်မှန်ပြောင်းကို အာဏာသထဲ လွှင့်ထားခြင်းမှာ အရေးပါလေ သည်။ လေထုထဲတွင် သက်ရှိအတွက်အရေးပါသောဖွဲ့စည်းပုံ(ဓာတ်)အချို့မှာ အောက် ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေငွေ့ တို့ဖြစ်သည်။

ထို့ပြင် ယခုအဝေးကြည့် မှန်ပြောင်းသည် အနီအောက်ရောင်ခြည်ကို ထောက်လှမ်းနိုင်စွမ်းရှိရာ လူသားတို့၏ မျက်လုံးများဖြင့် သာမန်အားဖြင့် မမြင်ရနိုင်သော အလင်းရောင်စဉ် (Light spectrum) ၏ အစိတ်အ ပိုင်းများကို သိပ္ပံပညာရှင်များ မြင်ရမည်ဖြစ်ပါသည်။

Light spectrum သည် အလင်းဖြစ်ပေါ်ရာ ရင်းမြစ်တစ်ခုက ထုတ်ပေးလိုက်သော စွမ်းအင်လှိုင်း အလျားအမျိုးမျိုးဖြစ်သည်။ အလင်းကို နာနိုမီတာဖြင့်တိုင်းတာသည်။ နာနိုမီတာတစ်ခုစီသည် အလင်းလှိုင်းအလျား သို့မဟုတ် အလင်းစွမ်းအင်ကွင်း (Light energy ကို ကိုယ်စားပြုသည်။ မြင်နိုင် သောအလင်းသည် ၃၈၀ နာနိုမီတာမှ ၇၈၀ နာနိုမီတာအထိ ရောင်စဉ်လှိုင်း၏ အစိတ်အပိုင်းဖြစ်သည်။

အဆိုပါ အာရုံခံကိရိယာများ၏ အကူအညီဖြင့် အဝေးကြည့်မှန်ပြောင်းသည် ယခင်က တိုင်းတာ၍ မရသောအလင်းများကို ဖမ်းယူပေးမည်ဖြစ်ရာ ကြီးမားသော စူးစမ်းရှာဖွေမှုများကို လုပ်နိုင်လာစေမည်ဖြစ်သည်။

ဤအဝေးကြည့်မှန်ပြောင်းသစ်ကို အသုံးပြုကာ သိပ္ပံပညာရှင်များသည် ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းထဲက အလွန်အလှမ်းဝေးသော ယူရေးနပ်စ်နှင့် နက်ပကျွန်းတို့အကြောင်းကို ပိုမိုလေ့လာနိုင်မည်ဖြစ်သည်။

ယခင် အဝေးကြည့်မှန်ပြောင်းက ရိုက်ကူးပေးသောပုံများသည် pixrel ဖွာကာ ကြည်လင်ပြတ်သားမှုမရှိ သောပုံများ ဖြစ်သည်။ ယခု အဝေးကြည့်မှန်ပြောင်းက ရိုက်ယူပေးမည့်ပုံများမှာ ဗီဒီယိုဂိမ်းများထဲက ပုံများ ကဲ့သို့ ကြည်လင်ပြတ်သားနေမည်ဖြစ်သည်။

ထို့အပြင် ဂျိမ်းစ်ဝက်ဘ် အဝေးကြည့်မှန်ပြောင်းတွင် အနီအောက်ရောင်ခြည်ဖမ်းယူ သောကိရိယာကို တပ်ဆင်ထားရာ သိပ္ပံပညာရှင်များသည် အတိတ်က အလင်းများကို မြင်နိုင်မည်ဖြစ်သည်။

အတိတ်အလင်းဆိုသည်မှာ redshifting (အနီရောင်ပြောင်းခြင်း၊ အနီသို့ ရွေ့ သွားခြင်း) ဖြစ်စဉ်ကို ခေါ်ခြင်းဖြစ်သည်။ redshifting သဘောမှာ အလင်းသည် သက်တမ်းရင့်လာလေ ပိုမိုနီလာလေဆိုသည့် သဘောဖြစ်သည်။ နောက်ဆုံးတွင် (ကြယ်ရောင်) အလင်းသည် လူ့မျက်စိဖြင့် မမြင်ရနိုင် အောင် နီရဲသွားခြင်းကို ဆိုလိုသည်။

အနီအောက်ရောင်ခြည်ဖမ်းစက်များက အဆိုပါ အလင်းများကို သိပ္ပံပညာရှင်များ မြင်ရအောင် လုပ်ပေးမည်ဖြစ်သည်။ ဤအဝေးကြည့်မှန်ပြောင်း၏ ထူးခြားချက်မှာ အတိတ်ကို ပို၍ ဝေးဝေး ကြည့်နိုင်ခြင်းပင် ဖြစ်သည်။ နက္ခတ္တသမိုင်းခေတ်ဦးတွင် နက္ခတ္တ ဗေဒပညာရှင်များသည် အားကောင်းသော အဝေးကြည့်မှန်ပြောင်းများကို အသုံးမပြု နိုင်ခဲ့သောကြောင့် နက္ခတ္တဗေဒသမိုင်းခေတ် ဦးမှာ အမှောင်ခေတ်၊ စကြဝဠာအကြောင်း ရေရေရာရာမသိရသောခေတ်ဟု ဆိုခဲ့ကြသည်။

စကြဝဠာသက်တမ်းမှာ အနှစ် ၁၃.၈ ဘီလျံခန့်ရှိပြီဖြစ်သည်။ ဂျိမ်းစ်ဝက်ဘ်အဝေး ကြည့်မှန်ပြောင်းဖြင့် လူသားသည် အတိတ်သို့ အနှစ် ၁၃.၅ ဘီလျံ ပြန်ကြည့်နိုင်လာမည် ဖြစ်သည်။သိပ္ပံပညာရှင်များအနေဖြင့် စကြ ဝဠာတွင် ဖြစ်ပေါ်လာသော ပထမဆုံးဂလက်ဆီအချို့ကို မြင်နိုင်မည် ဖြစ်သည်။

ဂျိမ်းဝက်ဘ် အဝေးကြည့်မှန်ပြောင်းကို ကမ္ဘာနှင့် အလွန်ဝေးသောနေရာသို့ ပစ်လွှတ် လိုက်ခြင်းဖြစ်ရာ မှန်ပြောင်းတွင် တစ်စုံတစ်ခု ချို့ယွင်းခဲ့ပါက ပြင်ဆင်ရန်မလွယ်ပေ။ ထို့ကြောင့် အစကတည်းက အားလုံးအဆင် ပြေအောင်၊ ကောင်းမွန်အောင်လုပ်ပေးလိုက်ရသည်ဟု နာဆာကပြောသည်။

ဒုံးပျံကို နေရာမှန်ရောက်အောင် ပစ်လွှတ်ခြင်း၊ ထိုနေရာသို့ရောက်ပါက အဝေးကြည့်မှန်ပြောင်း စုတ်ပြဲ၊ ချို့ယွင်းမှု မဖြစ်စေဘဲ (ခေါက်ထားသဖြင့်) မှန်မှန်ကန်ကန် ဖြေထုတ်ခြင်းတို့ လိုအပ်သည်။

အဝေးကြည့်မှန်ပြောင်းကို လောင်စာ ပြန်ဖြည့်ပေးရန် မလိုအပ်ဟုဆိုသည်။ ထို့ကြောင့် အစကတည်းက အရာရာအဆင်ပြေအောင် လုပ်ပေးလိုက်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

ဂျိမ်းစ်ဝက်ဘ်အဝေးကြည့် မှန်ပြောင်းကြီးကို တည်ဆောက်ရာတွင် အမေရိကန် ဒေါ်လာ ၁၀ ဘီလျံ ခန့် ကုန်ကျခဲ့သည်။ မည်သို့ဆိုစေ အဝေးကြည့်မှန်ပြောင်းကြီးက ဖြစ်နိုင်ဖွယ်ရာစူးစမ်းရှာဖွေမှုများကို လုပ်ပေး နိုင်မည် သို့မဟုတ် လုပ်ပေးတော့မည်ကို စဉ်းစားမိတိုင်း အလွန်စိတ်လှုပ်ရှားရသည်ဟု သိပ္ပံပညာရှင်များနှင့် နက္ခတ္တဗေဒပညာရှင်များက ပြောသည်။

ဤအဝေးကြည့်မှန်ပြောင်းဖြင့် သက်ရှိ လက္ခဏာသစ်များကိုလည်းကောင်း၊ ဂလက်ဆီများစတင်မွေးဖွားသည့် ခေတ်များလည်းကောင်းကို ကျွန်ုပ်တို့လူသားများ ရှာတွေ့နိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရတော့ မည်ဖြစ်ပါသည်။

Most Read

Most Recent