အထွေထွေကျပ်တည်းမှုများကြားက ခေါင်းထောင်လာတဲ့ ခိုးဆိုးလုယက်မှုများ

အထွေထွေကျပ်တည်းမှုများကြားက ခေါင်းထောင်လာတဲ့ ခိုးဆိုးလုယက်မှုများ
ကားနောက်ကြည့်မှန်များကို ဖြုတ်ခိုးနေသူတစ်ဦးအား CCTV မှတ်တမ်းမှ မြင်တွေ့ရစဉ် (Photo:Ni Ni Oo)
ကားနောက်ကြည့်မှန်များကို ဖြုတ်ခိုးနေသူတစ်ဦးအား CCTV မှတ်တမ်းမှ မြင်တွေ့ရစဉ် (Photo:Ni Ni Oo)
Published 26 December 2021
ဇော်မင်းနိုင်

“ခိုးစရာရှားလို့ ခြံထဲက ပန်းပင်တောင် ခိုးတယ်” လို့ ဆိုလာသူက တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။

အိမ်ခြံထဲမှာ အလှစိုက်ပျိုးထားတဲ့ ပန်းပင်တွေ၊ သစ်ခွပင်တွေကိုပါ ခိုးယူတာတွေ ကြုံလာရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“တချို့ ပန်းပင်ကလည်းစျေးကောင်းတော့ လာခိုးကြတယ်။ သစ်ခွပန်းဆို အပွင့်မပွင့်သေးရင် ဘယ်စျေး၊ အပွင့်ပွင့်ပြီးပြီဆိုရင် ဘယ်စျေး ဆိုပြီးရှိတယ်။ အပွင့်ပွင့်ထားတဲ့အပင်ဆို သောင်းဂဏန်းအထိပေါက်တယ်။ တချို့ရွက်လှပင်တွေဆိုရင် သိန်းဂဏန်းအထိ ရှိတယ်” လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလကုန်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့နဲ့ ဒုတိယမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့တွေမှာ လုယက်ခိုးယူမှုတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ လတ်တလောခေတ်စားနေတဲ့ ခိုးမှုကတော့ ကားမှန်တွေကို ဖြုတ်ခိုးတာပဲဖြစ်ပါတယ်။

“သုံးရက်လောက်ရှိပြီ အခိုးခံရတာ။ အိမ်ရှေ့မှာပဲ ရပ်ထားတာကို ဖြုတ်ခိုးသွားတယ်” ဟု တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ကားနောက်ကြည့်မှန် ဖြုတ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

ယခင်ကရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မော်တော်ယာဉ်တွေမှာ ဖြုတ်ခိုးခံရတာ ဘက်ထရီအိုးနဲ့ ဘီးတွေသာ အခိုးခံရပေမဲ့ နောက်ပိုင်းမှာတော့ မော်ဒယ်မြင့်ကားတွေရဲ့ နောက်ကြည့်မှန်တွေ ဖြုတ်ခိုးခံရတာ များလာပါတယ်။

“မနက် ၄ နာရီ ၅ နာရီလောက် ဖုန်းခေါ်သံကြားလို့ စကားပြောလိုက်ရင် ကားဘက်မှန်ဖြုတ်ခိုးခံရလို့ Customer တွေက အကြောင်းကြားတဲ့ဖုန်းပဲ” လို့ AYK အာမခံကုမ္ပဏီမှ မနှင်းယုက ပြောပါတယ်။

ဇူလိုင်လကနေစပြီး ကားနောက်ကြည့်မှန် ဖြုတ်ခိုးခံရတာပို များလာတယ်လို့ မနှင်းယုက ပြောပါတယ်။

“တစ်ရက်ကို နှစ်ခုလောက်ရှိတယ်။ အဲဒါနေ့တိုင်းနီးပါးပဲ” လို့ မနှင်းယုက ပြောပါတယ်။

ဖြုတ်ခိုးခံရတဲ့ ကားဘက်မှန်တွေကိုတော့ အဟောင်းစျေးကွက်ကနေ ရှာဝယ်ရပြီးတော့ မရှိတဲ့ဟာကိုတော့ သက်ဆိုင်ရာနိုင်ငံတွေကို လှမ်းမှာရတယ်လို့ ခိုးယူခံရတဲ့ ယာဉ်ပိုင်ရှင်အချို့က ပြောပါတယ်။

“ဖြစ်တာကတော့ နည်းနည်းတော့ ကြာပြီ။ လေးငါးစီး မကဘူး။ ဖြုတ်ခိုးခံရတာ။ ဖြုတ်ခိုးခံရတဲ့ ကား တော်တော်များများက နောက်ကြည့်မှန်ဝယ်ရတာရှားတယ်။ အဟောင်းစျေးကွက်ထဲမှာပဲ ပြန်ဝယ်ရတာ။ စျေးက နှစ်ဆမကဘူး ပေးရတယ်” လို့ မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ကားဘက်မှန် ဖြုတ်ခိုးခံရတဲ့ မော်တော်ယာဉ်တွေက BMW ၊ လင့်ခရူဆာ၊ Lexus စတဲ့ ကားအမျိုးအစားတွေက အများဆုံးဖြစ်တယ်လို့ မနှင်းယုက ပြောပါတယ်။

“ကားတွေကတော့ အစုံပဲ။ အဲဒီထဲမှာမှ အများဆုံးဖြစ်တာက ခုနကပြောတဲ့ တံဆိပ်တွေပေါ့။ အဲဒါတွေရဲ့ အပိုပစ္စည်းက ဒီမှာမရှိတာကများတော့ အပြင်ကိုလှမ်းမှာ ပေးရတယ်” လို့ မနှင်းယုက ပြောပါတယ်။

အဲဒီလို ကားဘက်မှန် ခိုးတဲ့ အမှုတွေရှိသလို လမ်းသွားလမ်း လာရင်းနဲ့ ဖုန်းအလုခံရတာတွေ၊ ဆွဲကြိုးအဖြတ်ခံရတာတွေကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပွားလျက်ရှိပါတယ်။

ထိတ်လန့်စရာကောင်းတဲ့ လုယက်မှုတွေကတော့ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ အင်းစိန်မြို့နယ် ခုံးကျော်တံတားနားမှာဖြစ်ပွားခဲ့တဲ့ လုယက်မှုနှစ်ခုပဲဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ အင်းစိန်ခုံးတံတားအနီးမှာ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ကိုရဲလင်းထိုက်နဲ့ မသက်ထားရွှေစင်တို့က Kpay ငွေလဲပေးဖို့ ပွဲစားက ချိတ်ဆက်ပေးသူကို ငွေလဲပေးဖို့ သီရိစန္ဒာဆေးခန်း အနီးမှာ ည ၉ နာရီခန့်က စောင့်ဆိုင်းနေစဉ် ငွေလဲရန် ချိန်းဆိုထားသူက ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ငွေများကို လုယက်ခဲ့ပါတယ်။

ကိုရဲလင်းထိုက်က ကျပ်သိန်း ၁၂၀၀ ကို မပေးသဖြင့် လုယက်သူက သေနတ်နဲ့ ပစ်သတ်ကာလုယက်ခဲ့ပြီး အတူပါလာသူ မသက်ထားရွှေစင်မှာလည်း သေနတ်ထိမှန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ The River News မှာ သတင်းဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကလည်း အင်းစိန်ခုံးတံတားအနီးမှာ ရွှေဆိုင်မှ ကားဖြင့်ပြန်လာသည့် လင်မယားနှစ်ဦးကို ကားရှေ့မှာ အငှားယာဉ်တစ်စီးက ပိတ်ရပ်ကာ ရွှေတွေကို လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

ညနေ ၅ နာရီခန့်က အင်းစိန်ခုံးတံတားအနီးမှာ လုယက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရွှေပိဿာ ငါးပိဿာ နီးပါးခန့် လုယက်ခံလိုက်ရပါတယ်။

“တနင်္ဂနွေနေ့က လုံးဝ ကားမပိတ်ဘူး။ မရှိတဲ့အခါကျတော့ အစ်မတို့ပြန်တော့ အင်းစိန်ခုံးတံတားက သွားပြီးသွားရင် လမ်းကျဉ်းလေးတစ်ခုရှိတယ်။ မြားပုံစံလေးပေါ့။ လမ်းက။  အဲဒီကို တက်တက်ချင်းမှာ အဲဒီကားက ပိတ်ရပ်လိုက်တယ်။ ထင်လိုက်တာက ကားချင်းတိုက်မိလို့ များလားပေါ့။ နောက်တော့မဟုတ်ဘူး။ ဘေးကနေ အစ်မတို့ ပစ္စည်းထားတဲ့နေရာက ကားမှန်ကို သံတုတ်နဲ့ရိုက်တယ်။ ကားကိုကျော်လို့ပဲ ရန်စတာလားလို့ ထင်နေသေးတာ။ ဘယ်ဟုတ်မလဲ။ ပြီးတော့ဓားလည်းပါတယ်။ အထုပ်တစ်ထုပ်ကို ဆွဲရော။  နောက်ခန်းမှာက အစ်မနဲ့ သားနဲ့။ သားက ကိုးနှစ်ပဲရှိသေးတယ်။ ရှေ့ခန်းမှာက အစ်မ ယောကျ်ားရှိတယ်။ နောက်တစ်ထုပ်ကို လှမ်းဆွဲတော့ မလုပ်ပါနဲ့ဆိုပြီး နောက်တစ်ထုပ်ကို လှမ်းဆွဲတော့ လက်ကိုဓားနဲ့ထိုးတာ။ ထိုးလိုက်တော့ နောက်တစ်ထုပ်လည်းပါ သွားတာ။ နောက်ပြီး ကလေးရဲ့ ကျောပိုးအိတ်ကိုလည်း ယူသွားတယ်။ သူတို့ထင်တာက ပိုက်ဆံအိတ် ထင်တာ။ အဲဒါက သားရဲ့စာအုပ်တွေထည့်ထားတဲ့အိတ်။ အစ်မရဲ့ အမျိုးသားကိုလည်း အဲဒီအချိန်မှာ လည်ပင်းကိုဓားနဲ့ထောက်ထားတယ်။ လူလေးယောက်မှာကားရဲ့ တစ်ဖက်စီမှာ နှစ်ယောက်ဆီလာပြီး လုတာ။ ဓားပြတိုက်တဲ့သဘောပေါ့။ အထုပ်တွေကိုယူပြေးတော့ အစ်မအမျိုးသားက ချက်ချင်းလိုက်တယ်။ လိုက်ပြီး ကားကိုလိုက်တိုက်တော့ အစ်မတို့ကားလည်း ပိန်သွားတယ်။ သူတို့ကားလည်း ပိန်သွားတယ်။ ကားက အငှားယာဉ်ပေါ့။ အစ်မတို့ကားကလည်း Succeded ။ လာလုတဲ့သူတွေရဲ့ ကားက Probox ပေါ့” လို့ ရွှေတွေလုယက်ခံလိုက်ရတဲ့ ဒေါ်သူဇာအေးက ပြောပါတယ်။

အဲဒီဖြစ်စဉ်မှာတော့ ကျုးလွန်သူ အမျိုးသားခုနစ်ဦးနဲ့  အမျိုးသမီး သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပါတယ်။

မန္တလေးမြို့မှာတော့ လုုယက်မှုတွေဖြစ်ပွားမှုများလာပြီးတော့ လူကိုပါ ရန်ပြုတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ မန္တလေးမြို့အခြေစိုက် ပရဟိတအသင်းတွေထံက သိရပါတယ်။

“ဓားနဲ့ခုတ်ပြီးလုယက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာရာတာတွေကို ကျွန်တော်တို့အသင်းအနေနဲ့ Medical Cover ပြုလုပ်ပေးခဲ့ရတာတွေ ရှိပါတယ်။ လတ်တလောကာလအတွင်းမှာ အချင်းချင်းဓားနဲ့ခုတ်မှု၊ ဓားခုတ်လုယက်မှုတွေအပါအဝင် လမ်းကြောင်း ၁၅ ခုထက်မနည်း ကူညီပေးခဲ့ရပါတယ်။ ဓားနဲ့ခုတ်ပြီး လုယက်မှုဖြစ်စဉ်အချို့မှာဆိုရင် အများစုက လူငယ်လေးတွေပေါ့။ အသက်မပြည့်သေးတဲ့ လူငယ်လေးတွေလည်း ပါတာတွေ့ရတယ်” လို့ ရွှေမဥ္ဖူလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်လုယက်ခံရမှုဖြစ်စဉ်အချို့မှာ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာပဲ မန္တလေးမြို့က နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို လူခြောက်ဦးက အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းရိုက်နှက်ပြီး လုယက်ခဲ့တာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကူညီရေး လုပ်ဆောင်ပေးခဲ့ရသူတစ်ဦးက “သူက လမ်းထိပ်ကို မုန့်ထွက်ဝယ်တာ။ အိမ်နားပြန်ရောက်ခါနီးမှာ လူနှစ်ယောက်က ဆိုင်ကယ်လုတာကို ပြန်ခုခံနေရင်း နောက်ထပ် လေးယောက်ထပ် ရောက်လာပြီး ရိုက်နှက်ကြလို့ အသက်ပါ ဆုံးရှုံးလိုက်ရတယ်။ အခုဖြစ်နေတဲ့အခြေနေတွေက စိတ်မကောင်းစရာတွေချည်းပါပဲ။ မန္တလေး ၅၃ လမ်းဘက်ဆို နေ့တိုင်းလိုလို လုယက်မှုတွေဖြစ်နေတာ” လို့  ပြောပြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁ ရက်မှာပဲ မန္တလေးမြို့လယ်ကောင်မှာရှိတဲ့ ဆရာဝန်တစ်ဦးရဲ့နေအိမ်ကို နေ့ခင်းကြောင်တောင်မှာ ဓားနဲ့ထိုးပြီး ပစ္စည်းလုအနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးဆေးတက္ကသိုလ်အနီးမှာရှိတဲ့ ဆရာဝန်တစ်ဦး နေထိုင်တဲ့နေအိမ်ကို ဒီဇင်ဘာ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်မှာ တပည့်ဖြစ်သူက ဆရာဝန်ဖြစ်သူကိုဓားနဲ့ ထိုးပစ္စည်းလုယူပြီး အနုကြမ်းစီးမှု ဖြစ်စဉ်က မန္တလေးမြို့ခံတွေအကြားမှာ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဆရာဝန်ဖြစ်သူက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံတာကြောင့် ဓားထိုးလုယက်မှုကျူးလွန်သူဟာ ထွက်ပြေးခဲ့ပြီးနောက် အနီးရှိပြည်သူတွေက ၀ိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဆရာဝန်ဖြစ်သူကတော့ ဓားဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါကတော့ ရန်ကုန်၊ မန္တလေးဒေသတွေမှာလက်ရှိဖြစ်ပွားနေတဲ့ လုယက်မှုဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

သတင်းစာမျက်နှာတွေပေါ် ရောက်မလာတဲ့ လုယက်မှုတွေကလည်း နေ့စဉ်လိုလိုဖြစ်ပွားနေတာတွေ ရှိပါတယ်။

“အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ လူမှုကွန်ရက်စာမျက်နှာမှာ အချင်းချင်း သတိပေးရတယ်။ ဒီနားကတော့ လုယက်မှုခဏခဏဖြစ်တယ်။ သွားရင်သတိထားသွား။ ဘာမှမယူသွားနဲ့ဆိုပြီး ပြောနေကြရတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ နေထိုင်တဲ့သူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးဖြစ်စဉ်တွေကြောင့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အများစုမှာ ည ၁၀ နာရီကနေ နံနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားပေမဲ့ ခိုးမှုလုယက်မှုတွေကလည်း ဆက်တိုက်လိုလို ဖြစ်ပွားနေတာပဲဖြစ်ပါတယ်။

အလုပ်အကိုင်ရှားပါးလာမှု၊ ဝင်ငွေလျော့နည်းလာမှုတွေက ခိုးဆိုးလုယက်မှုတွေကို ကျူးလွန်လာကြတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှာ ၂၀၁၉ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ သတင်း စာရှင်းလင်းပွဲတစ်ခုမှာ ရဲတပ်ဖွဲ့ရဲ့ အကြီးတန်းအရာရှိတစ်ဦးက ရှင်းလင်းပြောဆိုခဲ့ဖူးပါတယ်။

လုယက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ခိုးဆိုးလုယက်နေသူတွေကို အမျိုးအစားခွဲခြားကြည့်ရာမှာ (၁) ပစ္စည်းခိုးယူမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများကို အသက်မွေးဝမ်းကျောင်းအဖြစ် အမြဲတမ်းလုပ်ကိုင်နေသူများ၊ (၂) စားဝတ်နေရေး အဆင်မပြေသဖြင့် ခိုးခြင်း၊ လုယက်ခြင်းနှင့် ခါးပိုက်နှိုက်ခြင်း၊ (၃) အလုပ်အကိုင်ရှိသော်လည်း ရသည့်ဝင်ငွေဖြင့်မလုံလောက်သဖြင့် ခိုးယူခြင်း၊ (၄) အလုပ်အကိုင်မရှိ ဝင်ငွေမရှိဘဲ အပျော်အပါးနှင့် အသောက်အစားအတွက် ခိုးဆိုးလုယက်ခြင်း၊ (၅) မူးယစ်ဆေးဝါး သုံးစွဲရန်အတွက် ခိုးဆိုးလုယက်ခြင်းစတဲ့ ခိုးဆိုးလုယက်သူတွေနဲ့ပတ်သက်ပြီး အနည်းဆုံး အမျိုးအစားငါးမျိုးခန့် စစ်ဆေးတွေ့ရှိရတယ်လို့ အဆိုပါရဲတပ်ဖွဲ့ရဲ့အကြီးတန်းအရာရှိက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံ ရေးမတည်ငြိမ်မှုကြားထဲမှာ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေလျော့နည်းလာမှုတွေက ခိုးဆိုလုယက်မှုတွေကို တွန်းအားပေးလာတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေကို အမြန်ဆုံးလွတ်မြောက်ဖို့ အဖြေရှာရတော့မှာပဲဖြစ်ပါတယ်။

Most Read

Most Recent