ယွမ်ငွေကြေးသုံးစွဲခွင့်ပြုလိုက်သော်လည်း အကျပ်အတည်းများရင်ဆိုင်နေရဆဲ မူဆယ်နယ်စပ်ကုန်သွယ်ရေး

ယွမ်ငွေကြေးသုံးစွဲခွင့်ပြုလိုက်သော်လည်း အကျပ်အတည်းများရင်ဆိုင်နေရဆဲ မူဆယ်နယ်စပ်ကုန်သွယ်ရေး
ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းဝန်းကျင်ကို ပြီးခဲ့သည့်လပိုင်းက တွေ့ရစဉ်
ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းဝန်းကျင်ကို ပြီးခဲ့သည့်လပိုင်းက တွေ့ရစဉ်
Published 26 December 2021
နီလာ၊ ပြည့်စုံ

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

“ တရုတ်နယ်စပ်မှာ အရောင်းအဝယ် လုပ်နေတဲ့ ကုန်သည်တွေအနေနဲ့ပြောရရင်တော့ အရင်တုန်းက ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ နိုင်ငံတော်ကို အခွန်ဆောင်ရတယ်။ နိုင်ငံတော်က အခွန်စည်းကြပ်တယ်ပေါ့၊ အခွန်ဆောင်ရတဲ့အခါ သတ်မှတ်စျေးဆိုတာရှိတယ်။ ကျွန်တော်တို့က ဆန်ရောင်းတယ်ပေါ့။ ဆန်ကို တရုတ်ပြည်ကိုရောင်းလိုက်တယ်။ တစ်တန်ကို  ရောင်းရတဲ့ငွေက ယွမ်ငွေ ၃၀၀၀ ရတယ်။ ဒါပေမဲ့ သူတို့က ယွမ်ငွေနဲ့ စျေးနှုန်းကို မသတ်မှတ်ဘူး။ အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်တယ်။ ဥပမာဆိုကြပါစို့။  ဆန်ရောင်းရတာက တစ်တန်ကို ယွမ်ငွေ ၃၀၀၀ နဲ့ရောင်းရတယ်။ ဒါပေမဲ့အခွန်စည်းကြပ်တော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၈၀ နဲ့ သတ်မှတ်တယ်။ ဒေါ်လာ ၂၈၀ နဲ့သတ်မှတ်ပြီးတော့ ကျွန်တော်တို့က သတ်မှတ်ချက်ကို ဗဟိုဘဏ် ပေါက်စျေးနဲ့ မြန်မာကျပ်ငွေနဲ့ ပြန်လဲလို့ရတယ်။ မြန်မာကျပ်ငွေနဲ့ လဲပြီးကာမှ  မြန်မာ့စီးပွားရေးဘဏ်မှာ အခွန်ဆောင်ရတယ်။အဲဒါက ဘာတုန်းဆိုတော့ ယွမ်ငွေနဲ့ တိုက်ရိုက်လဲခွင့် မရှိတဲ့အချိန်တုန်းက။ အခုဆိုရင်တော့ ကျွန်တော်တို့က တရုတ်ပြည်ကို ယွမ်ငွေနဲ့ပဲရောင်းတယ်။ တရုတ်ဘက်ကလည်း ယွမ်ငွေနဲ့ လက်ခံတယ်။ အခွန်စည်းကြပ်တဲ့နေရာမှာလည်း သတ်မှတ်စျေးအဖြစ် အရင်လို အမေရိကန်ဒေါ်လာနဲ့ မသတ်မှတ်တော့ဘူး” ဟု ဆန်စပါး ကုန်စည်ဒိုင်(မူဆယ်)ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောကြားသည်။

ယင်းသို့ အခွန်ဆောင်ရာတွင်  ဗဟိုဘဏ်၏ နေ့စဉ်ထုတ်ပြန်သည့် သတ်မှတ်ငွေလဲနှုန်းအတိုင်း မြန်မာကျပ်ငွေဖြင့် အခွန်ပေးဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရောင်းရတာက ဆိုကြပါစို့။ တစ်တန်ကို တရုတ်ယွမ် ငွေ ၃၀၀၀ ရောင်းရရင် အဲဒီတရုတ် ယွမ်ငွေ ၃ဝဝဝကိုပဲ သတ်မှတ်စျေးအဖြစ် နိုင်ငံတော်က သတ်မှတ်တယ်။ ပြီးတော့မှ ဗဟိုဘဏ်ပေါက်စျေးအတိုင်း ယွမ်ငွေကနေ ကျပ်ငွေ ပြောင်းပြီးတော့မှ ကျွန်တော်တို့က အခွန်စည်းကြပ်ရင် မြန်မာကျပ်ငွေနဲ့ပဲ ဆောင်ရတယ်။ ယွမ်ငွေနဲ့ မဆောင်ရဘူး။ ဒါကဘာလဲဆိုရင် ဗဟိုဘဏ်ကနေ နေ့စဉ်ယွမ်ငွေ ပေါက်စျေးထုတ်ပြန်ပေးတယ်။ အဲဒီ ယွမ်ငွေပေါက်စျေးအတိုင်း မြန်မာကျပ်ငွေနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ  အခွန်ဆောင်ရတယ်။ အဲဒီကိစ္စကတော့ အခွန်ဆောင်တဲ့နေရာမှာ အရင်တုန်းက ဒေါ်လာကို ကျွန်တော်တို့က မှီခိုနေရတဲ့သဘောရှိတယ်၊ ဒေါ်လာစျေးကို အမြဲတမ်းမေးနေရတာ။ အခုက မေးလည်းမေးစရာ မလိုတော့ဘူး။ ဒေါ်လာကိုလည်း မှီခိုစရာမလိုတော့ဘူး။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ယွမ်ငွေပေါက်စျေးအတိုင်း မြန်မာငွေပြောင်းပြီး အခွန်ဆောင်လို့ရတယ်။ အဲဒီအတွက် အခွန်ဆောင်တဲ့နေရာမှာ ပိုပြီး အဆင်ပြေလာတယ်။ အရင်တုန်းကတော့ တစ်ဆင့်ကျော်နေရတယ်။ အခုကတော့ တစ်ဆင့်ကျော်စရာမလိုတော့ဘူး” ဟု မူဆယ်နယ်စပ်မှ ကုန်သည်တစ်ဦးက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံမှ သွင်းကုန်ပစ္စည်းများ ဝယ်ယူရာတွင် လည်းကောင်း၊ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတွင်လည်းကောင်း ယွမ်ငွေဖြင့် တိုက်ရိုက်ဝယ်ရောင်း ပြုလုပ်လာနိုင်သည့်အတွက် နယ်စပ်၌ အရောင်းအဝယ်ပြုလုပ်မှုများတွင် ကုန်သည်များအတွက် များစွာအဆင်ပြေလာကြောင်းလည်း သိရသည်။

“တရုတ်ပြည်ကနေ  ကုန်ပစ္စည်းတွေ ဝယ်မယ်။ Import သမားတွေပေါ့။ လျှပ်စစ်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေ၊ စက်မှုပစ္စည်းတွေ ဝယ်လို့ရှိရင် ယွမ်ငွေနဲ့ပဲ ဝယ်ရတယ်။ အခုကျတော့ ကျွန်တော်တို့ ယွမ်ငွေနဲ့ အရောင်းအဝယ်လုပ်တဲ့အခါ တိုက်ရိုက် ဝယ်လို့ရသွားပြီ။ ပြီးတော့မှ ကျွန်တော်တို့ဆီမှာရှိတဲ့ မြန်မာကျပ်ငွေနဲ့ ဗဟိုဘဏ်ရဲ့သတ်မှတ်နှုန်းအတိုင်း ပြောင်းလဲပြီးတော့ ယွမ်ငွေဝယ်ပြီးတော့ တရုတ်ပြည်က ကုန်ပစ္စည်းတွေ ဝယ်လို့ရတယ်။ အဲဒီအတွက်လည်း အရောင်းအဝယ် လုပ်တဲ့နေရာမှာ ပိုအဆင်ပြေသွားတယ်။ မြန်မာကျပ်ငွေကနေ ယွမ်ငွေကို တိုက်ရိုက်သုံးစွဲခွင့်ပြုတယ်ဆိုတဲ့အတွက် အရောင်းအဝယ်လုပ်တဲ့ နေရာမှာ ကောင်းတယ်။ အားလုံးခြုံ ပြောရရင် မြန်မာငွေကနေ ယွမ်ငွေ တိုက်ရိုက်သုံးစွဲခွင့်ရတာဟာ နယ်စပ်မှာလုပ်စားနေတဲ့ ကုန်သည်တွေအဖို့ ကောင်းပါတယ်။ ဒါကြောင့်မို့ ကုန်သည်တစ်ယောက်အနေနဲ့ ဒီစနစ်ကို ကြိုဆိုပါတယ်” ဟု ကုန်သည်တစ်ဦးက ဆိုသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ တရုတ်- မြန်မာနှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချော မွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွက်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့် ပြုလိုက်သည်။

ဆက်လက်ပြီး ယွမ်/ကျပ်တိုက် ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့် ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ယွမ်စာရင်းဖွင့်လှစ်ခွင့်ပြုကြောင်း ပါရှိသည်။

သို့ဖြစ်၍ ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များ ဆိုင်ရာလမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ယင်းအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗဟိုဘဏ်က ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေခွင့်အတွက် Bank of China – BOC (Hong Kong) ရန်ကုန်ရုံးခွဲနှင့် Industrial and Commercial Bank of China (ICBC) တို့ကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) အဖြစ် ရွေးချယ်ထားကြောင်း သိရသည်။

သို့ဖြစ်ရာ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် ယွမ်စာရင်းဖွင့်လှစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရမည်ဟုလည်း သိရသည်။

“ဆိုပါစို့ မြန်မာ့စီးပွားရေးဘဏ်မှာ အကောင့်တစ်ခုဖွင့်မယ်။ အခု လောလောဆယ်က တရုတ်ဘဏ်ကို သွားလို့လည်းမရဘူး။ တရုတ်ဘဏ် ICBC ဘဏ်ဖြစ်ဖြစ်ပေါ့။ အခြား ဘဏ်တစ်ခုခုနဲ့ဖြစ်ဖြစ် ဖွင့်လိုက်မယ်။ အဲဒီအပေါ်မှာ အဲဒီအကောင့်နဲ့ပဲ သွားလို့ရတယ်ပြောတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့က ပုဂ္ဂလိကအကောင့်တွေ ဖွင့်ထားတယ်။ မြန်မာ့စီးပွားရေးဘဏ်မှာ မဖွင့်ဘူး။ ရွှေလီမှာရှိတဲ့ စိုက်ပျိုးရေးဘဏ်တို့ အလုပ်သမားဘဏ်တို့ ဆောက်လုပ်ရေးဘဏ်တို့မှာ သွားဖွင့်ထားတာကိုး။ အခုကတော့ အဲဒီလို ဖွင့်စရာမလိုတော့ဘူးတဲ့။ မြန်မာ့စီးပွားရေးဘဏ်မှာ တိုက်ရိုက်ဖွင့်ပြီးတော့ မြန်မာကျပ်ငွေနဲ့ပေးချေလို့ ရတယ်” ဟု ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောကြားသည်။

ယခင်နှစ်များအတွင်းက တရုတ်ပြည်နယ်သုံးခုတွင် အွန်လိုင်းမှ လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ပြီး ငွေကြေးများ တရားမဝင် လွှဲပြောင်းခြင်း၊ ငွေသွင်းငွေထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းများကြောင့် ရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲများမှ ဘဏ်အကောင့် ၃၀၀ ကျော်ကို စစ်ဆေးရန် ခေတ္တပိတ်ထားသည့် ဖြစ်စဉ်များတွင် မြန်မာနိုင်ငံသားပိုင်ဘဏ်အကောင့် ၁၃၀ ကျော်အထိ ပါဝင်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ထို့အတွက် တရုတ်ဘဏ်များတွင် ဖွင့်ထားသော မြန်မာနိုင်ငံသားကုန်သည်များ၏ ကျပ်သိန်း လေးသိန်းကျော်တန်ဖိုးရှိ ငွေစာရင်း  ၁၀၀၀ ကျော် ပိတ်ခံထားရကာ ငွေကြေးလည်ပတ်မှုများ ရပ်ဆိုင်းကာ  ကုန်စည်စီးဆင်းမှုထိခိုက်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ထိုသို့ ငွေစာရင်းပိတ်ခံရပါက တရုတ်ဘဏ်က ပုံမှန်အားဖြင့် ခြောက်လအတွင်း စာရင်းရှင်းလင်းနိုင်သော်လည်း အချိန်နှင့်ငွေကြေး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားမှုရှိပြီး ဖြေရှင်းရန် အဆင်မပြေသော ငွေစာရင်းများဆိုပါက နှစ်နှင့်ချီပိတ်ဆို့ ခံထားရကြောင်း သိရသည်။

“ အရင်တုန်းက ဘာဖြစ်လဲဆိုတော့ အဓိကဘာ ပြဿနာတက်လဲဆိုတော့ တရုတ်ဘဏ်တွေမှာ ဖွင့်ထားလို့ရှိရင် အကောင့်ပိတ်တဲ့ကိစ္စ အမြဲတမ်းခံနေရတယ်။ အမြဲတမ်း ကြုံတွေ့ရတယ်။ ဒီအခါမှာတော့ မြန်မာ့စီးပွားရေးဘဏ်မှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ တရားဝင်  ဖွင့်ထားတဲ့အတွက် အကောင့်ပိတ်တဲ့ကိစ္စတွေကတော့ ကြုံတွေ့ရမယ်လို့ မထင်တော့ဘူး။ တကယ်လို့ ကြုံတွေ့ရရင်တောင် မြန်မာ့စီးပွားရေးဘဏ်မှာ တရားဝင်အကောင့်ဖွင့်ထားတာဖြစ်တဲ့အတွက် ဖြေရှင်းလို့ ရသွားပြီ။ အဲဒီအတွက် အကောင့်ပိတ်ခံရတဲ့ ကိစ္စတွေအတွက် အများကြီး အဆင်ပြေသွားတယ်” ဟု ဦးမင်းသိန်းက ဆိုသည်။        

သို့သော်လည်း မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုပြုလုပ်ရာတွင် တရုတ်ဘက်က ကိုဗစ်ရောဂါ ပြန့်ပွားလာမည်ကို စိုးရိမ်ကာ စစ်ဆေးမှုများ၊ တင်းကျပ်သည့်စည်းကမ်းချက်အသစ်များဖြင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိသဖြင့် ကုန်ကားများ အဝင်အထွက်နှောင့်နှေးကြန့်ကြာနေခြင်းက နယ်စပ်၌ လျင်မြန်စွာ ကုန်သွယ်နိုင်ရေးတွင် အခက်အခဲ ကြီးမားစွာဖြစ်ပေါ်နေကြောင်း ကုန်သည်များက ပြောကြားခဲ့ကြသည်။

“တစ်နေ့ကို နေ့စဉ်ဆန်နဲ့ဆန်ကွဲတန် ၅၀ ဆံ့တဲ့တွဲကား ၁၀ စီး၊ ၁၁ စီးကတော့ နေ့စဉ်သွားနေပါတယ်။ ကုန်ကျစရိတ်ကတော့  အပြင်က ခေါက်တိုကားငှားရတော့ ကားပေါများမှု၊ ရှားပါးမှုအပေါ်မှာ မူတည်ပြီးတော့   ကုန်ကျမှုတွေ ရှိနေပါတယ်။ နည်းတာ များတာပဲကွာတယ်။ အခက်အခဲက ဘာလဲဆိုရင် အရင်တုန်းက သွားမယ်ဆိုရင် တစ်နေ့ အစီး ၂၀၀၊ ၃၀၀ ဝင်လို့ရနေတာကနေ အခု တစ်နေ့မှ ဆန်၊ ဆန်ကွဲ၊ ရော်ဘာတို့ပဲ၊ နှမ်း အားလုံးပေါင်း မှ ၃၅ စီး၊ အစီး ၄၀ အဲဒီလောက်ပဲ အများဆုံးသွားလို့ရတော့ အဲဒီအခက်အခဲက ကြုံရတယ်။ ဟိုဘက်ကလည်း  ကိုဗစ်ရောဂါပိုးတွေ ပြန့်ပွားလာမှာစိုးလို့ စစ်ဆေးမှုတွေ တင်းကျပ်မှုတွေ တိုးမြှင့်ပြီးတော့ လုပ်ဆောင်နေတယ်။ စည်းကမ်းချက်တွေ အသစ်တွေ သတ်မှတ်တယ်။ ဒီအတွက် ကားတွေက ဝင်ရထွက်ရတာ အချိန်နှောင့်နှေးကြန့် ကြာတယ်။ အဲဒါက အကြီးမားဆုံး အခက်အခဲတစ်ခုပဲ” ဟု မူဆယ်နယ်စပ်မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

ထို့ပြင် တရုတ်ဘက်သို့ ကုန်တင်ပို့မည့် ခေါက်တိုကားခများလည်း ယခင်ကထက် စျေးတက်လာမှုနှင့် ပတ်သက်ပြီး “ ကားခတက်တာကတော့ ကုန်သည်တွေက တရုတ်ပြည်ထဲကို ကုန်တွေဝင်ချင်ဇောနဲ့ မရရတဲ့ကားငှားတာ။ ၃၅၀၀ သတ်မှတ်ထားပေမဲ့ ငါ ၄၀၀၀ ပေးမယ်။ ၄၅၀၀ ပေးမယ်ဆိုပြီး အလုအယက် ငှားကြတာ။ အဲဒီအတွက် ခေါက်တိုကားခတွေ စျေးတက်သွားတယ်။ ခေါက်တိုကားခက အရင်ထက်စာရင် တရုတ်ယွမ်ငွေ ၅၀၀ လောက် တက်သွားတယ်။ ၅၀၀ ဆိုရင် မြန်မာငွေနဲ့ပြောရင် လေး၊ ငါး၊ ၁၀ သိန်းလောက် တက်သွားတယ်။ ကားရှားရင်ရှားသလို၊ ကားပေါရင် ပေါသလို စျေးနှုန်းတွေကတော့ ယခင်ကထက် တက်သွားတာ တွေ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ပြီးနောက် ဖြစ်ပေါ်နေသည့် ငွေလဲနှုန်း စျေးနှုန်းအရ ဒီဇင်ဘာ ၁၄ ရက်တွင် ယွမ် ၂၉၈ ကျပ်၊ ၁၅ ရက်တွင် ၂၉၈ ကျပ်၊ ၁၆ ရက်တွင် ၂၉၈ ကျပ်နှင့် ဒီဇင်ဘာ ၁၈ ရက်တွင် ၂၉၉ ကျပ် ပေါက်စျေးရှိခဲ့သည်။

ထို့နောက် ဒီဇင်ဘာ  ၂၀ ရက်မှ စတင်ပြီး ယွမ်စျေးကျပ် ၃၀၀ အထိ ရှိလာခဲ့ရာ ဒီဇင်ဘာ ၂၅ ရက်တွင်လည်း ကျပ် ၃၀၀ တွင် ဆက်လက်ရှိနေခဲ့သည်။

“ မြန်မာငွေက ရှင်းရှင်းပြောရရင်နည်းနည်းလေး တန်ဖိုးကျနေတယ်။ Export သမားတွေကတော့ ဘာပဲပြောပြော နိုင်ငံခြားငွေ တန်ဖိုးတက်ပြီး မြန်မာငွေစျေးကျရင် ကိုက်တယ်။ Import သမားတွေက နိုင်ငံခြားငွေစျေးတက်ပြီး မြန်မာငွေတန်ဖိုးကျရင် သိပ်ပြီးမကိုက်ဘူး။ အဲဒီတော့ သွင်းလာတဲ့ပစ္စည်းပေါ်မူ တည်ပြီး စျေးတင်ရောင်းကြပါတယ်။ အဲဒီတော့ ငွေလဲနှုန်းအတက်အကျအပေါ် မူတည်ပြီး စားသုံးသူကတော့ အနည်းနဲ့အများ ထိခိုက်တာပေါ့” ဟု ဆန်စပါး ကုန်စည်ဒိုင်(မူဆယ်) ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောကြားခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၉၂၄ သန်းအထိ လျော့ကျနေသည်။

အလားတူ ကန်ပိုက်တီးနယ်စပ်တွင်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၁၀၀ ကျော်၊ ချင်းရွှေဟော်နယ်စပ်မှ ဒေါ်လာသန်း ၁၁၀ ကျော်နှင့် လွယ်ဂျယ်နယ်စပ်မှ ဒေါ်လာ ၅၁ သန်းကျော် လျော့ကျလျက် ရှိသည်။

တရုတ်နိုင်က COVID-19 ရောဂါကာကွယ်ရေးကို အကြောင်းပြု၍ ပိုမိုတင်းကျပ် စစ်ဆေးလုပ်ဆောင်လာသောကြောင့် မြန်မာဘက်မှ ပို့ကုန်များမှာအခက်အခဲ ကြားမှာပင် ကုန်သွယ်မှုကို ပြုလုပ်နေရခြင်းနှင့်အတူ နယ်စပ်ဂိတ်ဝင် ထွက်ပေါက်များတွင် နှောင့်နှေး ကြန့်ကြာခြင်း‌ကြောင့် အချို့ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများပင် ရှိနေသည်။

ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက်များတွင် ကုန်စည် ကူးသန်းရောင်းဝယ်ရာ၌ တရုတ်နိုင်ငံက ကုန်စည်နှင့် ကုန်တင်ယာဉ်များကိုသာ ဦးစားပေး ဝင်ခွင့်ပြုပြီး ကုန်သည်နှင့်ယာဉ်မောင်းတို့ကို ဝင်ခွင့်ကန့်သတ်ထားခြင်းက မြန်မာကုန်သည်များအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲ ဖြစ်သည်။

အလားတူမြန်မာတစ်နိုင်ငံလုံး၏ နယ်စပ်ကုန်သွယ်မှု အများဆုံးပြုလုပ်ရာ မူဆယ်မြို့တွင် နှစ်နိုင်ငံ ကုန်စည်ဝင်ထွက်ရာ မန်းဝန်းပေါက်ကို တန်းစီစောင့်ဆိုင်းဝင်ထွက်မှုအပိုင်းတွင်လည်း သူ့ထက်ငါအပြိုင် ဆောလျင်စွာဝင် ထွက်လိုသောကြောင့် ရိုးသားမှုမရှိဘဲ မသမာသော နည်းများဖြင့် ဝင်ထွက်မှုအချို့နှင့် ကုန်စည်သယ်ယူမှု ပြုလုပ် နေခြင်းများကြောင့် မြန်မာကုန်တင်ကားခ စျေးနှုန်းနှင့်အပြိုင် ကုန်စည်စျေးနှုန်းလည်း လိုက်ပါမြင့်တက်လာခဲ့သည်။

တရုတ်- မြန်မာနှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည် စီးဆင်းမှု မြန်ဆန်ချောမွေ့စေနိုင်ရန် မြန်မာ-တရုတ်နယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည့် နည်းတူ  လက်ရှိလျော့ကျနေသည့်နယ်စပ်ကုန်သွယ်မှု ပုံမှန်ပြန်လည်ရောက်ရှိရေးနှင့် ရေရှည်ဆောင်ရွက်နိုင်မည့် ပုံမှန်ကုန်သွယ်မှု လမ်းစ ပြန်ရရန်အတွက်မူ ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရဦးမည် ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ပြောကြားခဲ့သည်။