စပါးအသင်း၏ ပရိသတ်များသည် ဝက်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော လိဂ်ဖလားကွာတားဖိုင်နယ်တွင် လက်စွမ်းပြခဲ့သည့် ၀ါရင့်ဂိုးသမား ဟူဂိုလိုရစ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် Twitter မှတစ်ဆင့် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ပြင်သစ်ဂိုးသမား လိုရစ်သည် လာမည့် ဒီဇင်ဘာ(၂၆)ရက်နေ့တွင် အသက်(၃၅)နှစ်ပြည့်မည်ဖြစ်ပြီး ၎င်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
စပါးအသင်းသည် လိုရစ်ကို ပထမဂိုးသမားအဖြစ် အားထားအသုံးပြုနေသော်လည်း သက်တမ်းတိုးရန် ကမ်းလှမ်းခြင်းမရှိကြောင်း သိရသည်။
အသင်းအတွက် ပြိုင်ပွဲစုံ (၃၉၀)ပွဲ ကစားပေးထားသည့် လိုရစ်ကလည်း ယင်းအခြေအနေအပေါ် ''အသင်းက ဘယ်လိုကမ်းလှမ်းမှုမျိုးမှ မပြုလုပ်ပါဘူး။ ဒီအတွက် ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ထားပါတယ်။ ပျော်ရွှင်စွာလေ့ကျင့်ခန်းဆင်နေပါတယ်။ ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနေပါတယ်''ဟု ပြောကြားခဲ့ဖူးသည်။
သို့သော် ဝက်စ်ဟမ်းနှင့်ပွဲ၌ ပြိုင်ဘက်အသင်း၏ အပိုင်အခွင့်အရေးများကို လက်စွမ်းပြကာကွယ်ခဲ့ပြီးနောက် စပါးပရိသတ်အချို့က လိုရစ်ကို သက်တမ်းတိုးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ပရိသတ်တစ်ဦးက ''ဟူဂိုလိုရစ်ရဲ့ နေရာမှာ အစားထိုးနိုင်မယ့် အရည်အသွေးမြင့်ဂိုးသမားမျိုးကို ကျွန်တော်တို့ ရှာဖွေနိုင်မှာ မဟုတ်တော့ပါဘူး'' ဟု Twitter တွင် ရေးသားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။















