စီမံခန့်ခွဲခြင်း

စီမံခန့်ခွဲခြင်း
Published 10 December 2021

 

သြစတြီးယားနိုင်ငံဖွား အမေရိကန်စီမံခန့်ခွဲမှုပညာရှင် ပီတာဒရက်ကာ (၁၉၀၉- ၂၀၀၅)၏ အလွန်ကျော်ကြားသော စကားတစ်ရပ်ရှိသည်။ ယင်းမှာ ‘စီမံခန့်ခွဲမှုဟူသည် အရာများကို မှန်ကန်အောင်ပြုလုပ်ခြင်းဖြစ်ပြီး ခေါင်းဆောင်မှုဟူသည် မှန်ကန်သောအရာများကို ပြုလုပ်ခြင်းဖြစ်သည်’ ဟူ၍ဖြစ်သည်။

စီမံခန့်ခွဲခြင်းဆိုသည်မှာ စီးပွာရေးလုပ်ငန်းတစ်ခု သို့မဟုတ် အကျိုးအမြတ်မပါသောလုပ်ငန်းတစ်ခု သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခု စသောအဖွဲ့အစည်းတစ်ခုကို စီမံအုပ်ချုပ်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စီမံခန့်ခွဲခြင်းတွင် အဖွဲ့အစည်း၏ မဟာဗျူဟာကို ဖော်ဆောင်ခြင်းနှင့် ရနိုင်သမျှသော ငွေကြေး၊ သဘာဝအရင်းအမြစ်၊ နည်းပညာနှင့် လူသားအရင်းအမြစ်စသော အရင်းအမြစ်များကို အသုံးချ၍ ဝန်ထမ်းများ (သို့မဟုတ် လုပ်အားဒါနပြုသူများ)၏ ကြိုးပမ်းမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်ကို အောင်မြင်စွာ ပြီးမြောက်စေခြင်းတို့ ပါဝင်သည်။

လူမှုရေးသိပ္ပံပညာရှင်များသည် စီမံခန့်ခွဲမှုပညာကို ကျောင်းသင်ခန်းစာ ဘာသာရပ်တစ်ခုအဖြစ် လေ့လာသင်ကြားကြပြီး လူမှုအဖွဲ့အစည်းနှင့် အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှုပညာတို့ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြသည်။ အချို့သောသူများသည် စီမံခန့်ခွဲမှုပညာကို ကောလိပ်များ၊ တက္ကသိုလ်များတွင် သင်ကြားကြသည်။ စီမံခန့်ခွဲမှုနှင့်ဆိုင်သော အဓိကဘွဲ့များမှာ ကူးသန်းရောင်းဝယ်ရေး ပညာဘွဲ့ (B.com)၊ စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MIBA) နှင့် အများပြည်သူဆိုင်ရာကဏ္ဍအတွက်မူ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MPA)တို့ ဖြစ်ကြသည်။ စီမံခန့်ခွဲမှုပညာနှင့် ပတ်သက်၍ အထူးပြုပညာရှင် သို့မဟုတ် ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲမှုပညာ သုတေသနပညာရှင် သို့မဟုတ် ပါမောက္ခ ဖြစ်ချင်သူများအတွက်မူ စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့ (DM)၊  စီးပွားရေးစီမံခန့်ခွဲမှုပညာပါရဂူဘွဲ့ (DBA) သို့မဟုတ် စီးပွားရေးစီမံခန့်ခွဲမှုပညာနှင့် စီမံခန့်ခွဲမှုပညာတို့တွင် ပါရဂူဘွဲ့များ ရယူနိုင်ကြသည်။

ကြီးမားသော အဖွဲ့အစည်းများတွင် မန်နေဂျာအဆင့် သုံးဆင့်ရှိပြီး ၎င်းတို့ကို ပိရမစ်ကဲ့သို့ အထက်အောက် အဆင့်ဆင့် စုစည်းလေ့ရှိကြသည်။

အကြီးတန်းမန်နေဂျာများတွင် ဒါရိုက်တာဘုတ်အဖွဲ့ ၊ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌတို့ပါဝင်သည်။ သူတို့သည် အဖွဲ့အစည်းနှင့်ဆိုင်သော မဟာဗျူဟာဆိုင်ရာ ပန်းတိုင်များကို သတ်မှတ်ကြပြီး အဖွဲ့အစည်းတစ်ခုလုံးအနေနှင့် မည်သို့မည်ပုံ လည်ပတ်မည်ကို ဆုံးဖြတ်ချက်ချကြသည်။ အကြီးတန်းမန်နေဂျာများသည် အမှုဆောင်အဆင့် ပရော်ဖက်ရှင်နယ်များ ဖြစ်ကြပြီး သူတို့အား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် အစီရင်ခံကြသော အလယ်တန်းမန်နေဂျာများကို ညွှန်ကြားမှုပေးကြရသည်။

အလယ်တန်းမန်နေဂျာများတွင် လုပ်ငန်းခွဲမန်နေဂျာများ၊ ဒေသဆိုင်ရာ မန်နေဂျာများ ၊ ဌာနခွဲမန်နေဂျာများ ပါဝင်ကြပြီး သူတို့သည် လုပ်ငန်း၏ ရှေ့တန်းမှ အလုပ်လုပ်ကိုင်နေသော မန်နေဂျာများအား ညွှန်ကြားမှု ပေးကြသည်။ အလယ်တန်းမန်နေဂျာများသည် အကြီးတန်းမန်နေဂျာများ၏ မဟာဗျူဟာဆိုင်ရာ ပန်းတိုင်များကို ရှေ့တန်းမန်နေဂျာများသို့ ဆက်သွယ်ပြောဆို ညွှန်ကြားမှုပေးကြသည်။

အငယ်တန်း မန်နေဂျာများဖြစ်ကြသော အုပ်ချုပ်ရေးမှူးများနှင့် ရှေ့တန်းမှ အဖွဲ့ခေါင်းဆောင်များသည် ပုံမှန် ဝန်ထမ်းများ ( ပရဟိတအဖွဲ့များတွင် လုပ်အားဒါနပြုသူများ)ကို ကြီးကြပ်ကြပြီး ၎င်းတို့၏ အလုပ်နှင့် ပတ်သက်၍ ညွှန်ကြားမှုပေးကြသည်။

အဖွဲ့အစည်းငယ်လေးများတွင်မူ မန်နေဂျာတစ်ဦးတွင် ပိုမိုကျယ်ပြန့်သော လုပ်ငန်းဆောင်တာများ ရှိသည်။ မန်နေဂျာတစ်ဦးတည်းကပင် လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ပြီး တစ်ခါတစ်ရံတွင် လုပ်ငန်းကြီးများ၌ မန်နေဂျာအဆင့်ဆင့် လုပ်ဆောင်သော အဆင့်များကို တစ်ဦးတည်းမှ လုပ်ကိုင်ကြသည်။

သို့သော် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့အကြား ကွဲပြားခြားနားချက်အချို့ရှိသည်။ မန်နေဂျာတို့သည် ဖွဲ့စည်းပုံ၊ ကိုယ်စားပြုလုပ်ပိုင်ခွင့်နှင့် တာဝန်ယူမှုတို့ကိုချမှတ်ပြီး ခေါင်းဆောင်တို့သည် အဖွဲ့အစည်း၏ ရည်မှန်းချက်များ ဖွံ့ဖြိုးလာရန်နှင့် ယင်းကို ဝန်ထမ်းများထံသို့ ဆက်သွယ်ပို့ဆောင်ပေးရန်လည်းကောင်း၊ ဝန်ထမ်းများအား ရည်မှန်းချက်ပေါက်မြောက်ရေး စိတ်ပါဝင်စားလာစေရန်လည်းကောင်း လမ်းကြောင်းများကို ထောက်ပံ့ပေးရသည်။ စီမံခန့်ခွဲမှုသည် အစီအစဉ်ချမှတ်ခြင်း၊ ဖွဲ့စည်းခြင်း၊ ဝန်ထမ်းများကို နေရာချထားခြင်း၊ ညွှန်ကြားခြင်းနှင့် ထိန်းချုပ်ခြင်းတို့အား အဓိကထားဆောင်ရွက်ရပြီး ခေါင်းဆောင်မှုသည် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကို ညွှန်ကြားမှုတစ်စိတ်တစ်ပိုင်းအဖြစ် အဓိကဆောင်ရွက်သည်။ ခေါင်းဆောင်တို့သည် နားထောင်ခြင်း၊ ဆက်ဆံရေးတည်ဆောက်ခြင်း၊  အသင်းလိုက်စွမ်းရည်ထူထောင်ခြင်း၊ စိတ်ပါဝင်စားအောင် ပြုလုပ်ခြင်း၊ စေ့ဆော်ခြင်းနှင့် နောက်လိုက်များကို ဆွဲဆောင်သိမ်းသွင်းခြင်းတို့အပေါ် အဓိကထားသည်။ ခေါင်းဆောင်တစ်ဦးသည် သူ၏ နောက်လိုက်များထံမှ သူ၏လုပ်ပိုင်ခွင့်ကို ရယူခြင်းဖြစ်ပြီး မန်နေဂျာသည် အဖွဲ့အစည်းတစ်ရပ်၌ ရာထူးရှိခြင်းဖြင့် လုပ်ပိုင်ခွင့်ရယူထားခြင်း ဖြစ်သည်။ မန်နေဂျာများသည် အဖွဲ့အစည်း၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို လိုက်နာလျက် ဆောင်ရွက်ရပြီး ခေါင်းဆောင်များသည် မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးအပေါ် အဓိကထားဆောင်ရွက်သည်။

မည်သို့ပင်ဆိုစေကာမူ ‘ကျွဲကူးရေပါ’ ဆိုသကဲ့သို့ စီမံခန့်ခွဲခြင်း၌ ခေါင်းဆောင်မှုက မဖြစ်မနေပါဝင်လာမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent