စာချုပ်သစ်ကိစ္စ ပြေလည်အောင် မဆောင်ရွက်သေးသည့် လီဗာပူးလ်အသင်းကို ဆာလာ ဝေဖန်ခဲ့ပြီး ဘာစီလိုနာအသင်း၏ စိတ်ဝင်စားခံရခြင်းကို ဂုဏ်ယူသည်ဟု ဆို

စာချုပ်သစ်ကိစ္စ ပြေလည်အောင် မဆောင်ရွက်သေးသည့် လီဗာပူးလ်အသင်းကို ဆာလာ ဝေဖန်ခဲ့ပြီး ဘာစီလိုနာအသင်း၏ စိတ်ဝင်စားခံရခြင်းကို ဂုဏ်ယူသည်ဟု ဆို
Photo: Getty Images
Photo: Getty Images
Published 7 December 2021

လီဗာပူးလ်အသင်း၏ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဆာလာက စာချုပ်သက်တမ်းကုန်ဆုံးရန် တဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ စာချုပ်သစ်ကိစ္စကို ပြေလည်အောင် မဆောင်ရွက်နိုင်သေးသည့် အသင်း၏ စီမံခန့်ခွဲမှုအဖွဲ့အပေါ် စိတ်ပျက်နေပြီး၊ ဘာစီလိုနာအသင်း၏ စိတ်ဝင်စားခြင်းခံနေရသည်ဆိုသည့် သတင်းများကိုလည်း ဂုဏ်ယူမိကြောင်းပြောကြားခဲ့သည်။

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ဆာလာ၏ စာချုပ်သစ်ကိစ္စအတွက် မည်သည့်ထူးခြားမှုမျှ မရှိသေးကြောင်း မကြာသေးမီက ဝန်ခံခဲ့သလို၊ ဆာလာကလည်း ရုပ်သံအင်တာဗျူးအစီအစဉ်တွင် စာချုပ်ကိစ္စနှင့် ပတ်သက်ပြီး ကြန့်ကြာမှုများရှိနေကြောင်း အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ဆာလာသည် လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နောက်ဆုံး (၁၈)လ အလိုအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအသင်း၏ နည်းပြသစ်ဖြစ်လာသည့် ဇာဗီကလည်း မကြာသေးမီက ဆာလာကဲ့သို့ ကစားသမားမျိုးသာ နူးကမ့်ကို လာရောက်ကစားမည်ဆိုပါက အလွန်ဝမ်းမြောက်မိလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဆာလာကမူ လီဗာပူးလ်အသင်းမှ ထွက်ခွာရန် စိတ်မဝင်စားဘဲ သူ၏ အဓိကဦးစားပေးကိစ္စမှာ လီဗာပူးလ်အသင်းတွင် ဆက်ကစားရန်သာဖြစ်ပြီး ယခုအချိန်အထိ စာချုပ်သစ်မချုပ်ဆိုနိုင်သေးခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ပြစ်တင်ဝေဖန်သွားခဲ့သည်။

ဆာလာ၏ အေးဂျင့်ဖြစ်သူသည် ယခုစာချုပ်သစ်တွင် ဆာလာအား အသင်းသမိုင်းတစ်လျှောက် လစာအများဆုံးဖြစ်လာစေမည့် တောင်းဆိုမှုု ပြုလုပ်ထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး၊ မူလက ထွက်ပေါ်ခဲ့သည့် တစ်ပတ်ပေါင် (၅)သိန်းအထိ တောင်းဆိုထားသည်ဆိုခြင်းမှာမူ ကောလာဟလများဖြစ်ကြောင်း ငြင်းဆိုခဲ့ဖူးသည်။

ဆာလာက ''စာချုပ်သစ်ချုပ်ဖို့ ကိစ္စအတွက် ဆုံးဖြတ်ချက်က သူတို့ လက်ထဲမှာပဲ ရှိပြီး သူတို့ပဲ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်က ဒီအသင်းမှာ ဆက်နေချင်ပြီး အသင်းနဲ့ ကျွန်တော့်ကြားမှာလည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ စာချုပ်သစ်ကတော့ အမြန်ဆုံးချုပ်ဆိုနိုင်ဖို့ လိုပါတယ်။ စာချုပ်သစ်ချုပ်ဆိုခြင်းဆိုတာ ကစားသမားအပေါ် အသင်းက ဘယ်လောက်တန်ဖိုးထားသလဲဆိုတာကို ပြသခြင်းဖြစ်ပြီး ဒါဟာ ငွေကြေးတစ်ခုတည်းအပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး''ဟု ဆိုခဲ့သည့်အပြင် ဆက်လက်ပြီး ''ဇာဗီက ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကိုလည်း ကျွန်တော် ဖတ်ရပါတယ်။ ဘာစီလိုနာလို အသင်းမျိုးက ကျွန်တော့်ကို လိုချင်တယ်လို့ ကြားရတာ ကျွန်တော့်ကို တကယ်ဝမ်းမြောက်စေပါတယ်။ ဒါပေမဲ့ ကျွန်တော် လီဗာပူးလ်အသင်းမှာ ပိုပျော်ပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။ လက်ရှိအချိန်မှာတော့ ကျွန်တော့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent