တင်းမာမှုများကို လျှော့ချရန် ရုရှား၊ ယူကရိန်းခေါင်းဆောင်များနှင့် ဆွေးနွေးဖွယ်ရှိဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

တင်းမာမှုများကို လျှော့ချရန် ရုရှား၊ ယူကရိန်းခေါင်းဆောင်များနှင့် ဆွေးနွေးဖွယ်ရှိဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား
နိုဝင်ဘာ ၂၆ ရက်က ဒွန်နက်စ်ဒေသ၏ ဂေါ်လစ်ကာမြို့စွန်ရှိ ရှေ့တန်းစစ်မြေပြင်တစ်ခုတွင် ကတုတ်ကျင်းအတွင်း လမ်းလျှောက်နေသည့် ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်
နိုဝင်ဘာ ၂၆ ရက်က ဒွန်နက်စ်ဒေသ၏ ဂေါ်လစ်ကာမြို့စွန်ရှိ ရှေ့တန်းစစ်မြေပြင်တစ်ခုတွင် ကတုတ်ကျင်းအတွင်း လမ်းလျှောက်နေသည့် ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်
Published 27 November 2021
Ref: AFP

ရုရှားနှင့် ယူကရိန်းနိုင်ငံအကြား ဖြစ်ပွားနေသည့် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းချက်တစ်ရပ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူသည် ရုရှား သို့မဟုတ် ယူကရိန်းခေါင်းဆောင်များနှင့် ဆွေးနွေးဖွယ်ရှိသည်ဟု နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် နန်တပ်ကက်ကျွန်းတွင် အပန်းဖြေခရီးထွက်ချိန်အတွင်း ၎င်းအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင် သို့မဟုတ် ယူူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးတို့နှင့် ဆွေးနွေးမည်ဟုတ်၊မဟုတ် သတင်းထောက်များ၏ မေးမြန်းမှုကို ခံရချိန်တွင် သူကအရာအားလုံးဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇယ်လန်စကီးသည် နိုဝင်ဘာ ၂၆ ရက်က ရုရှားနိုင်ငံသားများ ပါဝင်သည့် ၎င်းအားအာဏာသိမ်းရန် ကြံစည်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့မှုနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ဘိုင်ဒင်က သူ့အနေနှင့် စိုးရိမ်ကြောင်း ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ယူကရိန်းရဲ့ နယ်နိမိတ်တည်တံ့ခိုင်မြဲမှုကို ထောက်ခံပါတယ်။ ယူကရိန်းရဲ့ ကိုယ်ပိုင်အုပ်ချုပ်နိုင်စွမ်းရှိမှုကို ထောက်ခံပါတယ်” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ယူကရိန်း-ရုရှားအရေးနှင့် ပတ်သက်ပြီး ဘိုင်ဒင်၏ မှတ်ချက်စကားများ ထွက်ပေါ်မလာမီ အိမ်ဖြူတော်ကလည်း ယူကရိန်းနယ်စပ်တွင် ဖြစ်ပွားနေသည့် တင်းမာမှုများကို လျှော့ချရန် တိုက်တွန်းခဲ့သည်။

ယူကရိန်းနယ်စပ်တွင် ရုရှားက စစ်သားအင်အားတိုးမြှင့်နေချိန်တွင် သံတမန်ဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများဖြင့် တင်းမာမှုများကို လျှော့ချရန် အိမ်ဖြူတော်က နိုဝင်ဘာ ၂၆ ရက်တွင် တိုက်တွန်းခဲ့သည်။

ဘိုင်ဒင်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်သည် ယူကရိန်းသမ္မတဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ အန်ဒရီယာမာ့ခ်နှင့် ဆွေးနွေးခဲ့ကြသည်ဟု ဆူလေဗန်၏ ပြောရေးဆိုခွင့်ရှိသူ အမ်မလီဟွန်းက ပြောကြားခဲ့သည်။၎င်းတို့နှစ်ဦးသည် ယူကရိန်းနယ်စပ်အနီး ရုရှားစစ်တပ်၏ လှုပ်ရှားမှုများ၊ ယူကရိန်းနှင့်ပတ်သက်ပြီး ရုရှား၏ အပြောနှင့်အလုပ်မညီမှုများကို ဆွေးနွေးခဲ့ကြပြီး တင်းမာမှုများကို လျှော့ချရန် သံတမန်ဆိုင်ရာ ကြိုးပမ်းမှုများဖြင့် လုပ်ဆောင်သင့်ကြောင်း သဘောတူခဲ့ကြသည်ဟု ဟွန်းကပြောကြားခဲ့သည်။

ဆူလေဗန်သည် ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ် တည်တံ့ခိုင်မြဲရေးတွင် အမေရိကန်၏ ခိုင်မာသည့် ကတိကဝတ်များကို အလေးထားပြောဆိုခဲ့သည်ဟု ၎င်းကဆိုသည်။

ရုရှားအစိုးရသည် ခရိုင်းမီးယားဒေသကို သိမ်းယူခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းဒေသတွင် ခွဲထွက်ရေးသမားများကို ထောက်ပံ့ပေးထားကာ တင်းမာမှုများမြင့်တက်နေမှုအတွက် ယူကရိန်းနှင့် အမေရိကန်တို့ကို ဝေဖန်ခဲ့ပြီး ရုရှားသည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်ကလည်း ရုရှားသမ္မတပူတင်သည် ယူကရိန်းအစိုးရသည် အရှေ့ပိုင်းဒေသတွင် တင်းမာမှုများ ပိုမိုမြင့်တက်စေရန်စသည့် လုပ်ရပ်များလုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဥရောပကောင်စီဥက္ကဌ ချားလ်စ်မီရှယ်ကို ပြောကြားခဲ့သည်။

Most Read

Most Recent