မြန်မာပလာဇာရှိ ဆိုင်ခန်းအချို့ပိတ်ထားကာ အဝင်အထွက်မရှိသလောက်နည်းပါးသွားပြီး ပလာဇာပတ်လည်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထား

မြန်မာပလာဇာရှိ ဆိုင်ခန်းအချို့ပိတ်ထားကာ အဝင်အထွက်မရှိသလောက်နည်းပါးသွားပြီး ပလာဇာပတ်လည်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထား
Published 26 November 2021

ရန်ကင်းမြို့နယ်ရှိ မြန်မာပလာဇာရှိ ဆိုင်ခန်းအချို့ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းမှ စတင်၍ ပိတ်ထားကာ အဝင်အထွက် မရှိသလောက်နည်းပါးသွားပြီး ပလာဇာ ပတ်လည်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ တင်းကြပ်စွာ ချထားကြောင်း သိရသည်။

နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက မြန်မာပလာဇာတွင် ဆန္ဒပြလူငယ်အချို့အား ပလာဇာရှိ လုံခြုံရေးဝန်ထမ်းများက ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်ယင်းသို့ဆိုင်ခန်းအချို့စုပိတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း စောင့်ကြပ်မှုဖြစ်ပေါ်လာခဲ့သည်။

ရန်ကင်းမြို့နယ်၊မြန်မာပလာဇာအနီး နေထိုင်သူတစ်ဦးက  " မနက်အစောပိုင်းတုန်းက အဝင်အထွက် လုပ်နေတာ နည်းနည်းတွေ့ရသေးတယ်။ နောက်တော့ အဝင်အထွက်တံခါးတွေ ပိတ်လိုက်ပြီး အဝင်အထွက် မလုပ်ကြတော့တာ တွေ့ရတယ်။ အဲမနက်ပိုင်းမှာပဲရဲတွေ စစ်သားတွေ ပလာဇာ အရှေ့ဘက် ဝင်ပေါက်နားမှာရော အနောက်မှာရော၊ ဆီဒိုနားဟိုတယ်ဘက်ခြမ်း အပေါက်မှာရော၊ Melia ဟိုတယ်နဲ့ မြန်မာပလာဇာကြားမှာရော လုံခြုံရေးတွေ တင်းကြပ်ထားတာတွေ့ရတယ် " ဟုပြောကြားခဲ့သည်။

ယမန်နေ့က မြန်မာပလာဇာအတွင်း ဆန္ဒပြလူငယ်များက  ဆန္ဒထုတ်ဖော်ခဲ့ရာ လုံခြုံရေးဝန်ထမ်းများက အကြမ်းဖက် ဖမ်းဆီးခဲ့သည့် ဓာတ်ပုံများနှင့် ရုပ်သံဖိုင်များ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့ပြီး

ထွက်ပေါ်လာသည့် ဓာတ်ပုံတစ်ပုံတွင် မြေပြင်တွင် လဲကျနေသည့် အမျိုးသမီးငယ်တစ်ဦးအား ပလာဇာလုံခြုံရေးဝန်ထမ်းနှစ်ဦးက ဖမ်းဆီးနေသည့်ပုံနှင့် ဆန္ဒပြလူငယ်အချို့ကို ပလာဇာလုံခြုံရေးများက နောက်မှပြေးလိုက်ကာ ဖမ်းဆီးသည့် ရုပ်သံဖိုင်များ ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။

ထို့နောက်  လူမှုကွန်ရက် သုံးစွဲသူများက မြန်မာပလာဇာနှင့် ပတ်သက်ပြီး ယင်းနေရာတွင် ဈေးဝယ်ခြင်းမပြုရန်၊ ယင်းပလာဇာတွင် ဖွင့်လှစ်ထားသည့် ဆိုင်များတွင် ဈေးဝယ်ခြင်းမပြုရန်

ရေးသားခြင်းများ ပြုလုပ်ခဲ့ကြပြီး နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင် ပလာဇာသို့လာရောက်သူလည်း မရှိသလောက် နည်းပါးသွားပြီး ဆိုင်ခန်းအများစုလည်း ပိတ်ထားသည်ကို လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ သိရသည်။

ဆန္ဒထုတ်ဖော်သည့် လူငယ်များကို ပလာဇာမှ ခန့်အပ်ထားသည့် လုံခြုံရေးဝန်ထမ်းများက ဖမ်းဆီးခဲ့သည့်  ဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်းပန်ကြောင်း မြန်မာပလာဇာဘက်မှ နိုဝင်ဘာ ၂၅ ရက် ည ၉ နာရီခွဲတွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ယနေ့လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသော အကြောင်းအရာဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာပလာဇာ အုပ်ချုပ်ရေးရုံးအဖွဲ့မှ အသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းကျ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို အပြည့်အဝလက်ခံထားပြီး ထိုသို့ပြုမူဆောင်ရွက်ခြင်းများအပေါ် တားဆီးပိတ်ပင်သော မူဝါဒများအလျဉ်းမရှိပါ။ ယနေ့ဖြစ်စဉ်တွင် ကျွန်ုပ်တို့၏လုံခြုံရေးဝန်ထမ်းများသည် အေးချမ်းစွာပြုမူပြောဆိုဆောင်ရွက်ရမည့်အစား မသင့်တော်လွဲမှားစွာ ပြုမူဆောင်ရွက်ခဲ့သည်ကိုသိရှိရသည့်အတွက် အထူးပင်စိတ်မကောင်းဖြစ်ရသည်ဟု ဖော်ပြထားသည်။

အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်သူများနှင့် အများပြည်သူအနေဖြင့် မည်သို့ခံစားရသည်ကိုလည်း ကောင်းစွာသိရှိနားလည်ပြီး ထိုကဲ့သို့ဖြစ်ခဲ့သည့်အပေါ် မြန်မာပလာဇာမှ အနူးအညွတ် တောင်းပန်အပ်ကြောင်း၊ ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ လူငယ်များအားလုံးသည်လည်း ဖြစ်ရပ်ဖြစ်ပေါ်ပြီး ခဏတာအတွင်း တစ်စုံတစ်ရာအန္တရာယ်မရှိဘဲ ပြန်လည်ထွက်ခွာခဲ့ကြောင်းကို အသိပေးအပ်ကြောင်း၊ မြန်မာပလာဇာ အုပ်ချုပ်ရေးရုံးအဖွဲ့အနေဖြင့် ယခုဖြစ်ရပ်ကိုသေချာစွာသုံးသပ်ပြီး ထိုသို့ မလျော်မကန်သော အပြုအမူများ ထပ်မံမဖြစ်ပွားစေရန် တာဝန်ရှိသူများကို ပိုမိုတင်းကျပ်သော စည်းမျဉ်းစည်းကမ်းများနှင့် တာဝန်ခံမှုများကို တိုးမြှင့်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

Most Read

Most Recent