Squid Game ဇာတ်လမ်းတွဲ ခိုးကြည့်မှုဖြင့် မြောက်ကိုရီးယားရှိ အထက်တန်းကျောင်းသားများ  ပြင်းထန်စွာ အပြစ်ပေးခံရ

Squid Game ဇာတ်လမ်းတွဲ ခိုးကြည့်မှုဖြင့် မြောက်ကိုရီးယားရှိ အထက်တန်းကျောင်းသားများ  ပြင်းထန်စွာ အပြစ်ပေးခံရ
Published 26 November 2021

မြောက်ကိုရီးယားတွင် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Squid Game ခိုးကြည့်ခဲ့သည့် အထက်တန်းကျောင်းသားများကို ပြင်းထန်သည့်အပြစ်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု အမေရိကန်သတင်းဌာန RFA က နိုဝင်ဘာ ၂၃ ရက်ကဖော်ပြခဲ့ သည်။

မြောက်ကိုရီးယားနိုင်ငံမှသတင်းပေး တစ်ဦးအဆိုကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်ပြီး မြောက်ဟမ်းယောင်းပြည်နယ်၊ ချောင်ဂျင်းမြို့တွင် အထက်တန်းကျောင်းသားခုနစ်ဦး Squid Game ခိုးကြည့်နေသည်ကို အာဏာပိုင်များက မိသွားခဲ့ပြီး   Squid Game ဇာတ်လမ်းတွဲထည့်ထားသည့် USB Stick များ နိုင်ငံထဲယူဆောင်လာသူများကို ပစ်သတ် အပြစ်ပေးကာ အဆိုပါ Stick ဝယ်ခဲ့သည့် ကျောင်းသားကို ထောင်တစ်သက်တစ်ကျွန်း ချလိုက်ပြီး ၎င်းနှင့်အတူကြည့်ခဲ့သည့် ကျောင်းသားများကို အလုပ်ကြမ်း ပြစ်ဒဏ် ငါးနှစ်ချမှတ်လိုက်သည်။

မြောက်ကိုရီးယားအစိုးရက ၎င်းဖြစ်စဉ်ကို ပြဿနာကြီးတစ်ခုအနေဖြင့် မှတ်ယူထားပြီး ပြည်ပယဉ်ကျေးမှုများ စိမ့်ဝင်လာမှုကို စိစစ်ပိတ်ပင်မှုများ တိုးမြှင့်လိုက်ပြီး နောက်ပိုင်း လူငယ်ပြစ်မှု ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ၎င်းသတင်းပေးက ပြောသည်။

ဆက်လက်၍လည်း စုံစမ်းဖော်ထုတ်မှုများ၊ အပြစ်ပေးခြင်းများကို အချိန်ယူပြုလုပ်နိုင်ဖွယ်ရှိပြီး ကပ်ရောဂါ ကြောင့်နယ်စပ်အဝင်များပိတ်ထားချိန် USB Stick ကို မည် သည့်လမ်းကြောင်းမှ ခိုးသွင်းလာသည်ကို စုံ စမ်းကြလိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

ထိုမျှနှင့်မပြီးသေး။ ကျောင်းအုပ်နှင့် အတန်းပိုင်ဆရာအပါအဝင် သုံးဦးကိုလည်း အလုပ်မှထုတ်လိုက်ကာ အာဏာပိုင်များက စျေးကွက်ထဲတွင် နိုင်ငံခြားဒရာမာဇာတ် ကားများပါသည့် USB များ၊ စီဒီများရောင်း ချနေခြင်းရှိမရှိ စိစစ်နေကြသည်ဟု ဆို သည်။

ဆုငွေကိုရီးယားဝမ် ၄၅.၆ ဘီလျံကို  မက်ကာ ရှုံးသည်နှင့် အသတ်ခံရမည်ကိုမသိ ဘဲ အလွန်ဆိုးရွားသည့် ဂိမ်းပွဲတစ်ခုကို ဝင်ပြိုင်ကြသူများအကြောင်း ရိုက်ကူးထားသည့် ရင်ခုန်စိတ်လှုပ်ရှားစရာ Squid Game ကို စက်တင်ဘာတွင် Netflix မှ စတင်ပြသခဲ့ သည်။ ဇာတ်လမ်းထဲတွင် သွေးထွက်သံယို ရက်စက် ကြမ်းကြုတ်သည့် ဇာတ်ဝင်ခန်းများ ပါဝင်သည့်အတွက် အသက် ၁၅ နှစ်အောက် ကလေးများမကြည့်သင့်သည့် ဇာတ်လမ်း ဟုလည်း သတ်မှတ်ထားသည်။

Squid Game သည် Netflix  ၏ လူကြည့်အများဆုံး ဇာတ်လမ်းတွဲအဖြစ် သတ်မှတ်ခံခဲ့ရပြီး ပါဝင်သည့် အနုပညာရှင် များ၏အောင်မြင်မှုကလည်း  ကြောက်စရာ ကောင်းလှကာ လူသိအများဆုံးဖြစ်ခဲ့သူက Jung Ho Yeon ဖြစ်သည်။ ပရိသတ်များ ထပ်မံရင်ခုန်ရအောင်လည်း Season 2 လာဦးမည်ဖြစ်ပြီး ပရိသတ်ကတောင်းဆိုမျှော် လင့်နေမှုကြောင့် Season 2 ရိုက်ကူးမည် ဖြစ်ကြောင်း ဒါရိုက်တာ Hwang Dong Hyuk ကအတည်ပြုထားသည်။

Most Read

Most Recent