အာဖဂန်အမျိုးသမီး ဘောလုံးသမားများအား ဗြိတိန်သို့ ပို့ပေးခဲ့သည့်လေယာဉ်ကို ကင်ကာဒက်ရှန်က စင်းလုံးငှားပေးခဲ့

အာဖဂန်အမျိုးသမီး ဘောလုံးသမားများအား ဗြိတိန်သို့ ပို့ပေးခဲ့သည့်လေယာဉ်ကို ကင်ကာဒက်ရှန်က စင်းလုံးငှားပေးခဲ့
Photo: Frobes
Photo: Frobes
Published 23 November 2021

အာဖဂန်နစ္စတန် အမျိုးသမီးဘောလုံးကစားသမားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဗြိတိန်သို့ ခေါ်ဆောင်လာခဲ့ပြီဖြစ်ပြီး အဆိုပါလေယာဉ်ကို အမေရိကန်နာမည်ကြီး အနုပညာရှင် ကင်ကာဒက်ရှန်က စင်းလုံးငှားပေးလိုက်ခြင်း ဖြစ်သည်။

အာဖဂန်ဆယ်ကျော်သက် အမျိုးသမီးဘောလုံးသမား ၃၀ ကျော်နှင့် ၎င်းတို့မိသားစုများ အပါအဝင် လူ ၁၃၀ ခန့်တင်ဆောင်လာသည့် ၎င်းလေယာဉ်သည် လန်ဒန်စတန်းစ တက်လေဆိပ်သို့ နိုဝင်ဘာ ၁၈ ရက်က ဆိုက်ရောက်လာခဲ့သည်။ ဗြိတိန်တွင်ဘဝသစ်မစမီ ၎င်းအဖွဲ့သည် ဟိုတယ်တစ်ခုတွင် ၁၀ ရက်ကြာ ကွာရန်တင်းဝင်လျက်ရှိသည်။

၄င်းတို့သည် တာလီဘန်များ သိမ်းပိုက်လိုက်သည့် အာဖဂန်မှ လွတ်မြောက်လာပြီးနောက် ပါကစ္စတန်တွင် ရက် ၃၀ ဗီဇာဖြင့် နေထိုင်ခွင့်ရခဲ့သည်။သို့သော် ၎င်းတို့ကို လက်ခံမည့်နိုင်ငံ မပေါ်လာခဲ့ပါက ပါကစ္စတန်ဗီဇာ သတ်မှတ်ရက်ပြည့်သည်နှင့် ပြန်ပို့ခံရမည့် အလားအလာကို ကြိုတင်မျှော်လင့်ခဲ့ရသည်။

Reality ရုပ်သံစတားတစ်ဦးအဖြစ် ထင်ရှားသည့် ကာဒက်ရှန်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ကို ကာဒက်ရှန်က စရိတ်ကျခံ ကူညီပေးခဲ့သည်ဟု ဗြိတိန်သတင်းဌာန PA သို့ ပြောသည်။

အမျိုးသမီးဘောလုံးသမားများ အာဖဂန်မှ လွတ်မြောက်အောင် ကူညီစီစဉ်ပေးခဲ့သည့် ROKiT ဖောင်ဒေးရှင်းမှ စီအီးအို Siu-Anne Gill က ၎င်းအမျိုးသမီးငယ်များ၏ သတ္တိကို အလွန်ပင် လေးစားမိသည်ဟု ဆိုသည်။

သြဂုတ် ၁၅ ရက်တွင် အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့ သိမ်းယူလိုက်ပြီးကတည်းက အမျိုးသမီးများအပေါ် တားမြစ်ကန့်သတ်ချက်များစွာ ထုတ်ပြန်လာပြီး အမျိုးသမီးများ ဘောလုံးကစားခွင့်ရှိသော်လည်း တင်းကျပ်သည့် ကန့်သတ်များဖြင့်သာ ကစားခွင့်ပြုပြီး အများပြည်သူရှေ့ကစားခြင်း မပြုရပေ။ ပေါ်တူဂီသို့ ထွက်ပြေးသွားသည့် အခြားအာဖဂန် အမျိုးသမီးကစားသမားများလည်း ရှိသည်။

ဗြိတိန်သို့ ရောက်လာသည့် ကစားသမားများကို ကူညီရန် ကမ်းလှမ်းထားသည့် အဖွဲ့အစည်းများထဲ Leeds United ပရီးမီးယားလိဂ် ဘောလုံးအသင်းလည်း ပါသည်။အသင်းပိုင်ရှင် Andrea Radrizzani က အာဖဂန်အမျိုးသမီးဖွံ့ဖြိုးရေး ဘောလုံးအသင်းနှင့် ၎င်းတို့၏ မိသားစုဝင်များ ဗြိတိန်သို့ဘေးကင်းစွာ ရောက်လာသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် ဗြိတိန်အစိုးရကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားသည်။

ဗြိိတိန်အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ “အာဖဂန်ကနေ ဗြိတိန်ကို ခေါ်လာတဲ့ တခြားသူတွေလိုပဲ အာဖဂန်မိန်းကလေး ဘောလုံးအသင်းဟာလည်း နွေးထွေးတဲ့ကြိုဆို အားပေးမှုတွေ နေထိုင်ရေးအစီအစဉ်တွေ ရမှာပါ” ဟု ဆိုသည်။

တာလီဘန် အစ္စလာမ်မစ်အဖွဲ့သည် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အာဖဂန်ကို သိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်ကလည်း အမျိုးသမီးများကို အားကစားလှုပ်ရှားမှုများမှ ဖယ်ကြဉ်ခဲ့ပြီး အားကစားပွဲများ သွားကြည့်ခြင်းကိုပင် ခွင့်မပြုခဲ့ပေ။

Most Read

Most Recent