ဆူဒန်နိုုင်ငံ၏ ဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ်နှင့် လွန်ခဲ့သောတစ်လခန့်တွင် ၎င်းအားဖြုတ်ချခဲ့သော ထိပ်တန်းဗိုလ်ချုပ်တို့သည် စစ်အာဏာသိမ်းမှုကို နောက်ကြောင်းပြန်စေသည့် သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာ ၂၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကာ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့သည်။
ဆန္ဒပြပွဲအများအပြားတွင် ပါဝင်ခဲ့ကြသော ဆန္ဒပြသူထောင်ပေါင်းများစွာက ယင်းသဘောတူညီချက်ကို ပယ်ချခဲ့ကြပြီး စစ်တပ်အာဏာကို အလိုမရှိဟု ကြွေးကြော်ခဲ့ကြကာ စစ်တပ်အနေဖြင့် အစိုးရအဖွဲ့ထဲမှ အပြည့်အဝ နောက်ဆုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ခါတွန်၏ အမြွှာမြို့ဖြစ်သော အွန်ဒါမန်တွင် ပစ်သတ်ခံရသည်ဟု ဆရာဝန်များသမဂ္ဂက ပြောကြားခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သောလတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် သေဆုံးသူ စုစုပေါင်း ၄၁ ဦးရှိလာခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီးနောက် အခြားလူအချို့ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ဆူဒန်ဆရာဝန်များသမဂ္ဂက ပြောကြားခဲ့သည်။
ရုပ်သံမှ ထုတ်လွှင့်ခဲ့သော အခမ်းအနားတွင် ဗိုလ်ချုပ်အဗ္ဗဒယ် ဖာတာအယ်ဘာဟန်ကို သမ္မတနန်းတော်၌ တွေ့ရပြီး သီတင်းပတ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရမှ ပြန်လွတ်လာခဲ့သော ဝန်ကြီးချုပ်အဗ္ဗဒယ်လာဟမ်းဒေါ့ကို မျက်တွင်းချောင် လျက်တွေ့ရသည်။
၎င်းတို့ တရားဝင်လက်မှတ်ရေးထိုးခဲ့သော အချက် ၁၄ ချက်ပါ သဘောတူညီချက်သည် ဆင်းရဲမွဲတေနေသော အာဖရိကနိုင်ငံ ဆူဒန်တွင် အောက်တိုဘာ ၂၅ ရက် အာဏာသိမ်းမှုကြောင့် တိမ်းချော်သွားခဲ့ရသော အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်ကို မူလအတိုင်း ပြန်လည်ဆောင်ရွက်စေမည် ဖြစ်သည်။
ဆူဒန်၊ အာဖရိကနှင့် အနောက်အာဖရိတို့မှ ပါဝင်ဆောင်ရွက်ပေးသူများ ပါဝင်သော အရေးပေါ် အစည်းအဝေးအပြီးတွင် ထွက်ပေါ်လာခဲ့သော သဘောတူညီချက်၌ အသွင်ကူးပြောင်းရေးဝန်ကြီးချုပ်အား တာဝန်များမှ ရပ်ဆဲသည်ဟူသော အယ်ဘာဟန်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကြောင်း ဖော်ပြခဲ့သည်။
နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးမည်ဟု သဘောတူညီချက်တွင် ဖော်ပြထားပြီး သက်တမ်းရှည် အာဏာရှင်အိုမာအယ်ဘာရှား ၂၀၁၉ ခုနှစ်တွင် ပြုတ်ကျသွားခဲ့ပြီးနောက် ပြည့်ဝသောဒီမိုကရေစီစနစ်သို့ ပြန်သွားမည့် ယိုင်နဲ့နဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အား တရားဝင်ပြန်လည်စတင်မည်ဟုလည်း ယင်းသဘောတူညီချက်၌ ဖော်ပြခဲ့သည်။
၎င်းအား အစိုးရအဖွဲ့ထဲ ပြန်လည်ရောက်ရှိစေခဲ့သော လူထုစွမ်းအား “တော်လှန်ရေး” ကို ဟမ်းဒေါ့က ထုတ်ဖော်ချီးကျူးခဲ့ပြီး ယခုထိပ်တန်းဦးစားပေးကိစ္စမှာ အခြားအရာများ မလုပ်ဆောင်မီ ဆူဒန်နိုင်ငံ၌ သွေးထွက်သံယိုဖြစ်ပွားမှုများ ရပ်တန့်သွားစေရေး ဖြစ်သည်ဟု ဆိုသည်။
“ဆူဒန်ရဲ့အင်အားကြီးပြည်သူတွေကို ဘယ်သူအုပ်ချုပ်မလဲဆိုတဲ့ ရွေးချယ်မှုတစ်ရပ်ကို ကျွန်တော်တို့ထားရစ်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။ဆူဒန်တွင် မကြာမီရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု သိရသည်။
နိုဝင်ဘာ ၁၇ ရက်က ဆန္ဒပြမှုအတွင်း လူ ၁၆ ဦး သေဆုံးခဲ့ကာ ယင်းနေ့သည် ဆန္ဒပြမှုများတွင် လူသေဆုံးမှု အများဆုံးနေ့ ဖြစ်လာခဲ့သည်။














