နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူ (ပြန်ကပြေးကျေးရွာ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် နိုဝင်ဘာ ၁၇ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နဲ့ လာပစ်သွားတာလို့ ပြောတယ်။ ရုံးနဲ့ကပ်လျက်မှာ စျေးဆိုင်လေး တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်ရှေ့ကို ကျတာတဲ့။ အုန်းကနဲ အကျယ်ကြီးပဲ ပေါက်တဲ့ အသံက” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ပေါက်ကွဲသံကြောင့် အနီးနားတွင် နေထိုင်သူများက ထွက်ကြည့်ခဲ့ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာတွင် ပေါက်ကွဲသွားသည့် ပစ္စည်း၏ အပိုင်းအစများ ကျန်ရစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရသည်။
“ရုံးထဲတော့ မရောက်ဘူး၊ စျေးဆိုင်ရှေ့နား ရောက်သွားတာ။ အဲဒီပေါက်ကွဲမှုကနေ အပိုင်းအစအချို့ကတော့ မျက်နှာချင်းဆိုင် စျေးဆိုင်ထဲကို လွင့်လာတယ်။ လူကတော့ ဘယ်သူမှ ဘာမှမဖြစ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည် ဇမ္ဗူသီရိမြို့ နယ် အောင်ဇမ္ဗူရပ်ကွက်သည် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေးလျက်ရှိသည့် နေပြည်တော်ကောင်စီဝန်း၏ အနောက်ဘက်ကပ်လျက်တွင် တည်ရှိသည်။
ထိုသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားခဲ့သည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူ (ပြန်ကပြေးကျေးရွာ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရသည်။















