ခင်ဦးမြို့နယ်တွင် သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့၌ ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ရွာသားနှစ်ဦး ထပ်မံသတ်ဖြတ်ခံရ

ခင်ဦးမြို့နယ်တွင် သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့၌ ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ရွာသားနှစ်ဦး ထပ်မံသတ်ဖြတ်ခံရ
Published 17 November 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့၌ ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ကုလားလူးကျေးရွာမှ ဒေသခံရွာသား နှစ်ဦး နိုဝင်ဘာ ၁၆ ရက်က ထပ်မံသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ခင်ဦးမြို့နယ် ကုလားလူးကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက အသက်၃၀ ကျော်အရွယ်ရှိ အမျိုးသားနှစ်ဦးမှာ ၎င်းတို့ နေထိုင်ရာကျေးရွာတွင်ရှိနေစဉ် သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ကုလားလူးရွာသားနှစ်ယောက် အသတ်မခံရခင် တစ်ရက်က ရွာထဲကို ပျူစောထီးအဖွဲ့တွေဝင်ပြီးတော့ နေအိမ်တစ်လုံး ဖျက်ဆီးသွားကြတယ်။ အဲဒါပြီးတော့ နောက်ရက်ရွာထဲမှာ သူတို့နှစ်ယောက် အသတ်ခံ လိုက်ရတယ်လို့ ကြားရတယ်” ဟု ခင်ဦးမြို့ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ကုလားလူးကျေးရွာမှ ရွာသားနှစ်ဦးမှာ သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေခြင်းကြောင့် ၎င်းတို့အဖွဲ့မှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် တောကြီးမြွေဟောက်အဖွဲ့က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

အဆိုပါ ခင်ဦးမြို့နယ် တောကြီးမြွေဟောက်အဖွဲ့မှ သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့သည်မှာ ၅၆ ဦးအထိ ရှိပြီဖြစ်ကြောင်း ၎င်းအဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ခင်ဦးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများအပါအဝင် သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်များဟု စွပ်စွဲခံရပြီး မကြာခဏသတ်ဖြတ်ခြင်း ခံနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ထို့ပြင် ခင်ဦးမြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသတွင်းဖွဲ့စည်းထားသည့် အဖွဲ့များအကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဖြစ်ပွားမှုများ ရှိခဲ့ခြင်းကြောင့် ကျေးရွာအချို့မှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။

Most Read

Most Recent