ပူးပေါင်းဆောင်ရွက်ရေးအတွက် အမေရိကန်-တရုတ် ဆွေးနွေးပွဲတွင် ရှီကျင်းပင်က ဘိုင်ဒင်ကို ပြောကြား

ပူးပေါင်းဆောင်ရွက်ရေးအတွက် အမေရိကန်-တရုတ် ဆွေးနွေးပွဲတွင် ရှီကျင်းပင်က ဘိုင်ဒင်ကို ပြောကြား
AFP သတင်းဌာနက ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်တွင် ဖန်တီးထားသောပုံ၌ တရုတ်သမ္မတရှီကျင်းပင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ကို တွေ့ရစဉ်
AFP သတင်းဌာနက ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်တွင် ဖန်တီးထားသောပုံ၌ တရုတ်သမ္မတရှီကျင်းပင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ကို တွေ့ရစဉ်
Published 16 November 2021
Ref: Reuters

ကမ္ဘာ့ထိပ်တန်း စီးပွားရေးနိုင်ငံနှစ်နိုင်ငံ၏ ခေါင်းဆောင်များဖြစ်သော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့သည် နိုဝင်ဘာ ၁၆ ရက်တွင် ဆွေးနွေးမှုများကို နှစ်နာရီကျော် ပြုလုပ်ခဲ့ရာ၌ ပဋိပက္ခရှောင်ရှားရေးအတွက် ကမ္ဘာ၏ကျန်သောနေရာများအတွက် မိမိတို့တွင်တာဝန်ရှိသည်ဟု အလေးထားပြောကြားခဲ့ကြသည်။

“ရည်ရွယ်တာဖြစ်စေ၊ မရည်ရွယ်တာဖြစ်စေ ကျွန်တော်တို့ရဲ့ နိုင်ငံတွေအချင်းချင်း အားပြိုင်မှုဟာ ပဋိပက္ခအဖြစ် ရောက်မသွားစေဖို့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ခေါင်းဆောင်တွေအနေနဲ့ ကျွန်တော်တို့မှာ တာဝန်ရှိနေပါတယ်” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ ရိုးရိုးရှင်းရှင်း ပြိုင်ဆိုင်မှုဖြစ်သည်ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်သည် ကိုရိုနာဗိုင်းရပ်စ်ဇာစ်မြစ်၊ ကုန်သွယ်ရေးနှင့် ပြိုင်ဆိုင်မှု နည်းဥပဒေများ၊ ပေကျင်း၏ အဏုမြုလက်နက်တိုးချဲ့မှုနှင့် ထိုင်ဝမ်ကို ဖိအားတိုးမြှင့်ပေးမှု၊ အခြားသောပြဿနာများနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေသည်။

နှစ်နိုင်ငံစလုံးက မိမိတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုအများအပြားကို ဖြေရှင်းရန် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရမည်ဟု ဘိုင်ဒင်အား မိတ်ဆွေဟောင်းကြီးဟုခေါ်လျက် ရှီကပြောကြားခဲ့သည်။ ဘိုင်ဒင်သည် ၎င်းတို့ဆက်ဆံရေး၏ သွင်ပြင်လက္ခဏာကို မိတ်ဆွေဟောင်းအဖြစ် ယခင်က ပြောကြားခဲ့သည်။

စကားပြန်မှ တဆင့်ပြောကြားခဲ့ရာ၌ ရှီက “ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံ နှစ်နိုင်ငံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံနှစ်နိုင်ငံအနေဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ရန် လိုအပ်နေသည်” ဟု ပြောကြားခဲ့သည်။

ရှီ၏ ပြောဆိုချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးခဲ့သော ထုတ်ပြန်ချက်တွင် သက်ဆိုင်သည့် တိုးတက်မှု၊ ငြိမ်းချမ်း၊တည်ငြိမ်သော အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှုတို့အတွက် နှစ်နိုင်ငံစလုံး တိုးတက်စေရန် ကောင်းမွန်တည်ငြိမ်သော တရုတ်-အမေရိကန်ဆက်ဆံရေး လိုအပ်သည်ဟု ရှီကအလေးပေး ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။

တရုတ်နှင့် အမေရိကန်သည် တစ်နိုင်ငံနှစ်တစ်နိုင်ငံ အပြန်အလှန်လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နှစ်နိုင်ငံစလုံးအကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို လုပ်ဆောင်ရန် ရှီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး အပြုသဘောဆောင်သည့်လားရာသို့ ဦးတည်စေရေးအတွက် ဘုံသဘောတူညီချက်များကို တည်ဆောက်ရန်၊ တက်ကြွသော ခြေလှမ်းများကို လှမ်းရန်၊ ဘိုင်ဒင်နှင့်အတူ ဆောင်ရွက်ရန် မိမိအဆင်သင့် ဖြစ်နေသည်ဟု ရှီက ပြောကြားခဲ့သည်။

လူ့အခွင့်အရေး၊ အင်ဒို-ပစိဖိတ်ဒေသက အခြားသောပြဿနာများအပါအဝင် စိုးရိမ်ပူပန်ရသည့် နယ်ပယ်များကို ကိုင်တွယ်ဖြေရှင်းရန် ဘိုင်ဒင်က ကတိပြုခဲ့ပြီး ယင်းပြဿနာများကို မိမိတို့အကြား တရားဝင်ဆွေးနွေးခြင်းမရှိသေးဟု ပြောကြားခဲ့သည်။

ဆက်ဆံရေး မပြေလည်မှုများ လျော့နည်းစေရေးအတွက် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများကို ဘိုင်ဒင်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပထမအကျော့ ဆွေးနွေးပွဲသည် နှစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။                

Most Read

Most Recent