ဗြိတိန်အဆိုတော် Elton John ကို ချားလ်စ်မင်းသားက တော်ဝင်ဘွဲ့တံဆိပ် ချီးမြှင့်ဂုဏ်ပြု

ဗြိတိန်အဆိုတော် Elton John ကို ချားလ်စ်မင်းသားက တော်ဝင်ဘွဲ့တံဆိပ် ချီးမြှင့်ဂုဏ်ပြု
Photo:CNA
Photo:CNA
Published 12 November 2021

ဗြိတိန်တေးရေးတေးဆို Elton John သည် တော်ဝင်ချားလ်စ်မင်းသားမှ ပေးအပ်ဂုဏ်ပြုသည့် ရှားပါးဘွဲ့တံဆိပ်ကို နိုဝင်ဘာ ၁၀ ရက်က ဝင်ဆာရဲတိုက်တွင် သွားရောက်လက်ခံရယူခဲ့သည်။ ဂီတနယ်ပယ်တွင် ဆယ်စုနှစ်ငါးခုကျော်ကြာ ကျင်လည်ခဲ့မှု၊ AIDS အရေး ကူညီဆောင်ရွက်ခဲ့မှုများအတွက် အသိအမှတ်ပြုသည့်အနေဖြင့် Elton John ကို ထိုဆုတံဆိပ် ပေးအပ်လိုက်ခြင်းဖြစ်သည်။

အဖွဲ့ဝင်အများဆုံး ၆၅ ဦးအထိသာ သတ်မှတ်ထားသည့် Order of the Companions of Honour ဂုဏ်ထူးဆောင်ဆုရှင်များအဖွဲ့တွင် အသက် ၇၄ နှစ်အရွယ် Elton John လည်းပါဝင်လာပြီး ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသည့် ပန်းချီဆရာကြီး David Hockney ၊ ရုပ်ရှင်မင်းသမီးကြီး Judi Dench ၊ တေးရေးတေးဆို Paul McCartney နှင့် စာရေးဆရာ JK Rowling တို့လည်း ထိုဆုကို ပိုင်ဆိုင်ထားကြသည်။

ပြီးခဲ့သည့်လလယ်က ဗြိတိန်၏ ရောင်းအားအကောင်းဆုံးသီချင်းဇယားတွင် Elton John ၏ Cold Heart (Pnau Remix) သီချင်းက ဗိုလ်စွဲခဲ့သည်။ John သည် ၁၆ နှစ်အတွင်း UK Singles Chart ၏ထိပ်ဆုံးနေရာကို Dua Lipa ၏ပံ့ပိုးမှုဖြင့် ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သည်။

John သည် အမေရိကန်ရက်ပါ 1Pac (ကွယ်လွန်ထား) နှင့် တွဲဖက်သီဆိုထားသည့် Ghetto Gospel သီချင်းဖြင့်လည်း ဗြိတိန်၏ရောင်းအားအကောင်းဆုံး သီချင်းဇယားတွင် ၂၀၀၅ ခုနှစ်က နံပတ်တစ်ဖြစ်ခဲ့သည်။ Elton John ကို UK Singles Chart ၏ ထိပ်ဆုံးနေရာ ပထမဆုံးတွန်းပို့ခဲ့သည့်သီချင်းက အမျိုးသမီးအဆိုတော် Kiki Dee နှင့် သီဆိုထားသည့် ၁၉၇၆ ခုနှစ်သီချင်း Don’t Go Breaking My Heart ဖြစ်သည်။

Goodbye Yellow Brick Road ၊ Rocket Man ၊ Your Song စသည့်သီချင်းများဖြင့် အောင်မြင်ခဲ့သူ Elton John သည် ၁၉၉၈ ခုနှစ်တွင် အဲလိဇဘတ်ဘုရင်မကြီး၏ ဆာဘွဲ့ချီးမြှင့်မှု ရရှိခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်က ဝင်ဆာရဲတိုက်တွင်ပြုလုပ်သည့် အခမ်းအနားကို Sir Elton က ၎င်း၏ခင်ပွန်း ကနေဒါရုပ်ရှင်ဒါရိုက်တာ David Furnish နှင့်အတူ တက်ရောက်ခဲ့သည်။ သို့သော် ကြိမ်တုတ်ဖြင့် အားယူကာ လမ်းလျှောက်ခဲ့ရသည်။

Sir Elton သည် တင်ပါးဆုံခွဲစိတ်မှုခံယူထားရပြီး ၂၀၂၁ ဗြိတိန်နှင့် ဥရောပဖျော်ဖြေပွဲများကို ရွှေ့ဆိုင်းကြောင်း စက်တင်ဘာတွင်ကြေညာကာ ဖျော်ဖြေပွဲပြုလုပ်မည့်ရက်များကို ပြန်သတ်မှတ်မည်ဟု ပြောထားသည်။

John သည် AIDS တိုက်ဖျက်ရေးအတွက် စတာလင်ပေါင်သန်းပေါင်းများစွာ ရှာဖွေပေးခဲ့ပြီး Elton John AIDS Foundation ကို ၁၉၉၂ ခုနှစ်တွင် ထူထောင်ထားသည်။ ၀ါရင့်စန္ဒယားသမားဖြစ်သူ Sir Elton သည် ယခင်ကလည်း ကိုဗစ်ကြောင့် ဖျော်ဖြေပွဲများကို ရွှေ့ဆိုင်းထားပြီး ဗြိတိန်အမျိုးသားကျန်းမာရေးဌာန NHS ၏ကြော်ငြာတစ်ခုတွင်ပါဝင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်ခဲ့သည်။

Most Read

Most Recent