ဆောင်းညနေရဲ့ အစောပိုင်းအဖြစ်အပျက် - ၁

ဆောင်းညနေရဲ့ အစောပိုင်းအဖြစ်အပျက် - ၁
Published 9 November 2021
နိုလှိုင်း

(၁)

လေက ခပ်ဟဟဖွင့်ထားတဲ့ မှန်တံခါးဆီ တဝုန်းဝုန်း တိုးဝင်နေလေရဲ့။ ဒါမှမဟုတ် ပြတင်းပေါက်ကတစ်ဆင့် လေနဲ့အတူ ဖုန်တွေသဲတွေပါရောပြီး လွင့်လာနိုင်တယ်ဆိုပြီး တွေးထင်ယူဆထားလည်း ရနိုင်ပါတယ်။ နားထဲမှာတော့ လေတိုးသံကလွဲပြီး ဘာသံမှထပ်မကြားနိုင်လောက်အောင် ငြိမ်သက်အော်ဟစ်လို့။ ကျွန်တာ့်ရှေ့တည့်တည့်မှာ ရောက်နေတဲ့ သံလျင်တစ်ဖက်ကမ်းဆီသွားရာလမ်းဟာ ဟိုးအရင်ကလို ကြမ်းတယ် ပြောလို့မရတော့ပေမဲ့ ကားတွေကြောင့်သာမဟုတ်ရင် အရင်တုန်းကအတိုင်း အဝေးကြီးလို့သာ တွေးယူနေမိဦးမှာပါ။ အခုကျတော့ တစ်ဖက်ကမ်းမြို့ကလေးဆီ သိပ်မကြာခင်ရောက်သွားနိုင်ပါလားလို့ ပြောင်းလဲစိတ်ကူးလို့ရသလို ဘေးနားက ဆူညံအော်ဟစ်နေတဲ့ လေတိုးသံတွေကိုသာ သတိမပြုမိဘူးဆိုရင် အားလုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့သာ လိုက်ပါလာခဲ့ကြတာပါပဲ။ တံတားပေါ်ဖြတ်လာကတည်းက ဝဲယာမြင်ကွင်းတွေကိုသာ ကိုယ်စီကိုယ်ငှငေးကြည့်နေခဲ့ကြတယ်။ အားလုံးဟာ အတွေးကိုယ်စီ အမျှင်တန်းလျက်နဲ့ပဲ။ ဆွေးမြေ့စရာ အဖြစ်အပျက်တစ်ခုဆီ တရွေ့ရွေ့တိုးဝင်နေရင်း လွမ်းစရာတချို့တလေ အမှတ်ရနေမိတဲ့ပုံစံနဲ့ပေါ့။ ကျွန်တော့်စိတ်ထဲမှာ ဟိုတုန်းက ညီလေးကို ကျောင်းလိုက်ပို့ဖူးခဲ့တဲ့ ပုံရိပ်တွေ၊ တစ်ခါတစ်ခါ ဒီလမ်းဒီခရီးကို အဖော်အပေါင်းနဲ့ ရောက်ဖြစ်ခဲ့ပုံတွေ၊ ငယ်ငယ်တုန်းက မိသားစုလိုက်မြင်ကွင်းတွေချည်း တရိပ်ရိပ်နဲ့ ပြန်မြင်ယောင်နေမိတယ်။ ပြီးတော့ အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင်ရခဲ့ဖူးတဲ့ ခံစားချက်တွေကို ပြန်ရလာသလို ညီလေးဆုံးသွားတဲ့ အဖြစ်အပျက်ဟာ မနေ့တစ်နေ့ကလို ကျွန်တော့်မျက်လုံးထဲ ဝင်ရောက်လာခဲ့ပြန်ပါရဲ့။

ကျွန်တော့်စိတ်ဟာ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ မြစ်ထဲပြန့်ကျဲနေတဲ့ သမ္ဗာန်၊ စက်လှေ၊ သင်္ဘောတွေလိုပဲ။ ခံစားချက်တစ်ခုနဲ့တစ်ခုကလည်း အတိအကျ ထပ်တူကျမနေခဲ့ဘူး။ အရောရောအထွေးထွေးနဲ့ချည်း ဖြစ်နေတယ်။ ငယ်ငယ်တုန်းကဆိုရင် ဒီလမ်းဒီခရီးမျိုးကို မိသားစုအပျော်ခရီးတစ်ခုအနေနဲ့သာ ရောက်ဖြစ်ခဲ့ကြတယ်လို့ တွေးနေရာကနေ တဖြည်းဖြည်း အသက်အရွယ်ကြီးလာတော့ အဖော်အပေါင်းနဲ့ ခိုးကြောင်ခိုးဝှက် သွားရာနေရာတစ်ခု ဖြစ်လာတယ်ဆိုပြီး တလှပ်လှပ်ခုန်နေမိပြန်ရော။ ငယ်ဘဝပုံရိပ်တွေ မြင်ယောင်နေရာက စည်းလွတ်ဝါးလွတ် ရူးမိုက်ခဲ့ဖူးတာတွေ တွေးနေမိတယ်။ ပြီးတော့ ကျွန်တော့်ညီလေး။ သူ့ကိုကျောင်းလိုက်ပို့တုန်းကဆိုရင် ကျွန်တော်တို့မှာ သူ့အနာဂတ် အိပ်မက်ကြီးကူထမ်းပြီး တက်ကြွနေခဲ့ကြဖူးတာမဟုတ်လား။

ကျွန်တော့် အတွေးတိုင်းဟာ လမ်းတစ်လျှောက်မှာ တစ်စစီ ပြန့်ကျဲကျန်ရစ်ခဲ့တာချည်းပဲ။ ရိပ်ခနဲရိပ်ခနဲ မြင်ကွင်းတွေအတိုင်းလမ်းမှာ ပြုတ်ကျန်နေရစ်ခဲ့တော့တာ။ မှန်တံခါးတွေပိတ်ပြီး အရှိန်ထိုးတင်လိုက်တဲ့ လေအေးပေးစက်ကြောင့်လည်း ကားအတွင်းပိုင်းဟာ ခဏချင်းအေးစိမ့်လာတယ်လို့ ခံစားရတယ်။ ဘေးနားက စကားသံတွေ တစ်စွန်းတစ်စ ထွက်ပေါ်လာတယ်။ ကျွန်တော်ကတော့ သူတို့ ပြောနေတာတွေကို နားထောင်လိုက် လမ်းခရီးပေါ်ကမြင်ကွင်းတွေဆီ အာရုံရောက်လိုက်နဲ့ လမ်းဘေးဝဲယာမြင်ကွင်းတွေ ငေးကြည့်နေရသလို တရိပ်ရိပ်။ သံလျင်တစ်ဖက်ကမ်းဟာ ကျွန်တော်အမြဲမရောက်ဖြစ်ပေမဲ့ သူ့အလိုလိုလှုပ်ရှားနေတဲ့ အရပ်ဒေသတစ်ခုအနေနဲ့ တိတ်တဆိတ်ရုန်းကြွနေခဲ့တာပေါ့။ အမှတ်ရစရာ ရာစုနှစ်တချို့ကို ထမ်းပိုးရင်း ငြိမ်သက်နေတုန်းဆိုပါတော့။ တံတားပေါ်မရောက်ခင်ကလေးမှာ အွန်လိုင်းပေါ် စာချင်းခင်မင်နေပေမဲ့ အပြင်မှာတစ်ခါမှမဆုံခဲ့ဖူးတဲ့ ကဗျာဆရာရဲ့ဖုန်းဝင်လာတယ်။ လမ်းသင့်တုန်း သူ့ဆီဝင်လာခဲ့ဖို့နဲ့ လာရင်းအကြောင်းကိစ္စပြီးရုံနဲ့ ချက်ချင်းမပြန်သွားဖို့ဆိုပါတော့။ တံတားပေါ် ဖြတ်နေတဲ့အချိန် ဒီနေရာကို ဘယ်ခုနှစ် သက္ကရာဇ်တွေတုန်းက ရောက်လာခဲ့ဖူးသလဲဆိုတာ စဉ်းစားနေမိပြန်တယ်။ နောက်ပြီး အခုရောဘာကြောင့် ရောက်လာဖြစ်တယ်ဆိုတာကိုလည်း တွေးနေမိတယ်။ ကျွန်တော်ဖြစ်နေပုံက ဒီနေ့ဟာ ဘယ်ခုနှစ်ဘယ်လ၊ ဘယ်နေ့ရက်စွဲဆိုတာထက် ဘယ်အတိတ်ရဲ့ဘယ်လိုအဖြစ်အပျက်မျိုးမှာ ကျွန်တော်ရောက်နေတဲ့ နေ့၊ လ၊ နာရီတွေအားလုံးကို သွားပစ်ထည့်လိုက်ရမလဲ ဆိုတာကိုပဲ စဉ်းစားမိနေသလိုပါ။ ဖြစ်ချင်တော့ အခုလည်း နာရေးကိစ္စတစ်ခုနဲ့ ဒီခရီး ဒီလမ်းကြောင်းပေါ်ကို ကျွန်တော်ရောက်နေမိပြန်တာတဲ့လေ။

(၂)

ကျွန်တော်ဟာ လွမ်းဆွတ်လိုမှုမှာသာ အသားကျနေသူတစ်ယောက်၊ အတိတ်ရက်စွဲ၊ အဖြစ်အပျက်တွေနဲ့ မွန်းကျပ်လိုသူ တစ်ယောက်ပဲရယ်လို့တောင် ပြောလိမ့်ဦးမလား မဆိုနိုင်ပါဘူး။ တစ်နေရာရာ ရောက်တိုင်း၊ လမ်းသင့်လို့ လမ်းလောက်စရာ အကြောင်းတိုက်ဆိုင်တိုင်းမှာ ကျွန်တော်ဟာ အဲဒီအကြောင်းတွေချည်း ရွေးချယ်တွေးယူနေတော့တာပဲ။ ကျွန်တော်ဟာ အဲဒီလို အတိတ်နေ့ရက်တွေမှာသာ ပျော်ဝင်၊ အဲဒီအတိတ်ဆိုတဲ့ အခန်းမှာပဲ အမြဲသရုပ်ဆောင်ချင်နေတတ်ပြီး အဲဒီရလဒ်မှာပဲ လှောင်ပိတ်မိသလို ဖြစ်ဖြစ် နေတတ်တယ်။ ကျွန်တော်ဟာ အတိတ်မှာ ကျန်နေရစ်ခဲ့သူပဲ။ လက်ရှိလူ့အဖြစ်မှာ မပျော်တော့ဘူးပဲ။ လတ်တလောနေ့ရက်တွေဆီ ပြန်မလာတတ်သူပဲတဲ့။ အကြောင်းသိတဲ့သူတွေကတော့ အဲဒီအတိုင်း ကောက်ချက်ချ။ ကျွန်တော့်ကို တွေဝေ၊ ငေးမောနေ တတ်သူရယ်လို့ သတ်မှတ်လေ့ရှိတတ်ပါတယ်။ ဘယ်နေရာ ဘယ်လမ်းထောင့်မှာမဆို ဒူးနှစ်ချောင်းထောင်၊ ဆောင့်ကြောင့်ထိုင်ပြီး ခိုက်ခိုက်တုန်ရီနေသူပုံရိပ်ဟာ ကျွန်တော်ကိုယ်တိုင် ဖြစ်နေတတ်တယ်။ အံ့သြစရာကောင်းလောက်အောင် လွမ်းဆွတ်နေသူလည်း ဖြစ်နေပြန်ပါတယ်။ အခုအချိန်အထိလည်း ကျွန်တော် ရပ်နေမိဆဲ။ ကျွန်တော်ဟာ ဘယ်နေရာရောက်ရောက် ရောက်ရာအရပ်မှာနေသားတကျ ရပ်မြဲအတိုင်း ရပ်နေတတ်တာ အမှန်ပဲလေ။ ခဏကြာတော့ လှုပ်မရပြုမရ ရွေ့လျားတိုးတိုက်လို့မရ အသားသေလာမယ်။ မနေ့ကအကြောင်းအရာကိုတွေးရင်း ရှေ့ဆက်ဖို့ မေ့နေသူလို ရပ်ကျန်နေမိတယ်ပေါ့။ နံဘေးမှာ မီးသတ်ကား ဥသြသံတွေ ညံနေမယ်။ မြင်ကွင်းထဲ ကျွတ်ကျွတ်အိတ်တွေ မျောလွင့်လာမယ်။ ကွင်းပြင်ကျယ်ကျယ်ကြီး တစ်ခုထဲက ပင်ခြေရင်းမှာ ညောင်ရွက်ခြောက်တွေကြွေမယ်။ အဲဒီမှာ ကျွန်တော်ဟာ ထီးတည်းရပ်ကျန်ခဲ့သူအဖြစ်နဲ့ပဲ။ လက်ပြငေးကျန်ရစ်သူ ဘဝနဲ့ပဲ။ ကျောက်ချ ကြွေကျလို့ ကျန်ရစ်သူတစ်ယောက်။ အထီးကျန်မှုမှာ အသားတကျ ကျေနပ်သူ တစ်ယောက်အဖြစ်နဲ့ပါပဲ။

အဲဒီခုနှစ်တွေက ကျွန်တော်ကိုယ်တိုင် လွင့်မျောနေတဲ့ နှစ်ကာလများပဲ ဆိုပါတော့။ တစ်နေရာ ချောင်တစ်ခုဆီက အခိုးတလူလူ ထွက်နေတဲ့ပုံရိပ်ဟာ ကျွန်တော်ကိုယ်တိုင်ဖြစ်တယ်။ အိမ်လွမ်းသူတစ်ယောက်ဆိုရင်လည်း အဝေးတစ်နေရာမှာပဲ အိမ်အလွမ်းကို ရရှိခံစားနေတတ်မယ်။ အိမ်ရဲ့အဝေးမှာနေ၊ လွတ်လပ်မှုဆိုတာကို ထင်သလိုသုံးစွဲ တိတ်တဆိတ် လွမ်းဆွတ်နေမိမယ်ပေါ့။ ဒါပေမဲ့ အိမ်ကိုပြန်နေချင်လား။ ပြန်ရောပြန်ဖြစ်ရဲ့လား မေးရင်တော့ ကျွန်တော်ကိုယ်တိုင် ဖြေဆိုနိုင်လိမ့်မယ် မထင်ပါဘူး။ ကျွန်တော့်အမူအရာဟာ ပြေးထိုးချင်စရာကောင်းလောက်အောင် ကချော်ကချွတ် ဖြစ်ချင်ဖြစ်နေနိုင်တယ်။ ကျွန်တော်ဟာ အလွမ်းကို အမှတ်အသားတစ်ခုလို၊ အပိုင်ရထားတဲ့ခံစားချက်တစ်ခုလို ယူငင်သုံးဆွဲ သရုပ်ဆောင်နေတတ်သူတစ်ယောက်ပဲလေ။ ဘာများတတ်နိုင်ပါ့မလဲ။

(၃)

အဲဒီနေ့ကလည်း မိသားစုအိမ်ရှိရာဆီ ခရီးကပြန်ရောက်လာခဲ့သူဟာ ကျွန်တော်ကိုယ်တိုင်မဟုတ်ဘဲ နောင်တလည်းဖြစ်နေခဲ့ပြန်တယ်။ အိမ်ရှိရာ ရုပ်ဝတ္ထုခန္ဓာကိုယ် တစ်ခုအဖြစ်နဲ့ ပြန်ရောက်လာခဲ့တယ်ဆိုပေမဲ့ အသိစိတ်မဲ့ အသက်ပြန်ပါမလာခဲ့တာကို အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင် မေ့နေမိတယ်။ ကျွန်တော် ပြန်ရောက်လာတာမြင်တော့ အမေဟာ ပူဆွေးဝမ်းနည်းနေလျက်က ကျွန်တော့်ဆီပြေးလာ။ အမေလာနေပုံဟာ ကျွန်တော့်အနား ဒီတစ်သက် ဘယ်တော့မှ မရောက်တော့မယ့်အတိုင်းပဲလို့တောင် ထင်ရတယ်။ ရုပ်ရှင်ထဲက စလိုးမိုးရှင်းပြကွက်တွေလို ခံစားမိတယ်ဆိုပါတော့။ နောက်ပြီးတော့ ကျွန်တော့်ကိုဖက်ပြီး အမေငိုနေလိုက်တာများ ဘဝတစ်လျှောက် ကျွန်တော်မြင်ဖူးသမျှထဲမှာ အကြာဆုံးပါပဲ။ အရာရာအားလုံးဟာ သေချာနှင့်နေပြီးသား ဖြစ်နေခဲ့ပြီ။ ပြန်ဆယ်ယူလို့မရအောင် နောက်ကျခဲ့ပြီးသား ဖြစ်နေခဲ့ပြီးပါပြီ။ ညီလေးရဲ့ရုပ်အလောင်းကို ရေကန်တစ်ခုထဲကနေ အသက်ဝိညာဉ်မပါတော့ဘဲ ဆယ်ယူရရှိခဲ့ကြပြီးပြီပေါ့။

ပြီးခဲ့တဲ့သုံးလေးရက်လောက်က အိမ်မှာကျွန်တော် မရှိခဲ့ပါဘူး။ အခုကျွန်တော့် လက်ပေါ်ရောက်နေတဲ့ အရာတွေကလည်း ညီလေးရဲ့ အသက်မပါတော့တဲ့ အတိတ်တွေချည်း။ ကျွန်တော် ငိုတယ်။ အားရအောင် ငိုလို့ချည်းနေမိတယ်။ အကြောင်းအရာတွေအားလုံးကို ကိုယ့်ကိုယ်ကိုယ် ညာလို့ရသလောက်ညာပြီး ဆုတောင်းနေမိသလောက် အခုကျတော့ ဘာမှမအောင်မြင်ခဲ့ဘူးမဟုတ်လား။ အဖေကတော့ ဖြစ်ဖြစ်ချင်း သူတတ်နိုင်သလောက် ကျွန်တော့်ကို နောက်ကနေ ဆက်သွယ်ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။ ကျွန်တော်ကသာ အံ့သြစရာကောင်းလောက်အောင်ကို သူတို့အားလုံးရဲ့ လက်လှမ်းမမီနိုင်လောက်အောင် လွတ်မြောက်နေခဲ့တာပဲတဲ့။ မိသားစုကြေကွဲခြင်းမှာ နောက်ဆုံးမှဝေဒနာ ခံစားရသူဟာ ကျွန်တော်ဆိုပါစို့။ ကျွန်တော်ဟာ မုန်တိုင်းမှာ တမင်နောက်ချန်ရစ်ခဲ့သူ တစ်ယောက်လို ဒုက္ခကို အရသာကုန်မှ လျှာနဲ့ လျက်နေသူတစ်ယောက်သာ ဖြစ်ခဲ့တယ်ပေါ့။

အဲဒီနောက်ပိုင်း အဖြစ်အပျက်တွေက တောင်ဇာတ်လမ်းသွားအတိုင်း ပြန်တွေးကြည့်ရင်တောင် ပုဂံဟာ လွမ်းစရာကြီးလိုလိုပါ။ အညာဟာ အထီးကျန်လိုမှုကို သေချာသထက် သေချာစေခဲ့သလို ထပ်ပြီးပံ့ပိုးနေခဲ့တာ။ မြင်မြင်ရာ ငေးကြည့်၊ ဆွေးစရာတွေချည်း။ လမ်းတစ်လျှောက်လုံး လေထဲပျံ့လွင့်နေတဲ့ ဖုန်မှုန့်သဲမှုန်လေးတစ်ခုကအစ မွန်းကျပ်မှုမှာ တရှဲရှဲလောင်ကြွနေခဲ့တယ်။ ခရီးတစ်ခုထွက်လာသလို လွတ်လပ်ကျယ်ပြောတဲ့ အရသာထက် ပူလောင်ပျင်းရိစရာ အခြေအနေတွေနဲ့ချည်း တည့်တည့်တိုးနေခဲ့တာပါပဲ။ အံ့သြဖို့ကောင်းတာက ညီလေးဆုံးသွားပြီဆိုတဲ့ သတင်းစကားဟာ လမ်းတစ်လျှောက် ကျွန်တော့်အကျႌစကလေးကိုတောင်မှ ကပ်ငြိမပါလာခဲ့ပါဘူး။ ကျွန်တော် ရှေ့ကိုဆက်သွားနေခဲ့ပေမဲ့ ကြိုတင်ရောက်ရှိမလာခဲ့တဲ့ သတင်းစကားတွေက တစ်ဆင့်နားနဲ့တောင် အမီလိုက်မလာနိုင်ခဲ့တာပေါ့။ မီးစရဲ့သံလိုက်စက်ကွင်းတစ်ခုကနေ ကံအသာရပြီး လွတ်ထွက်နေသလိုပဲလို့တောင် ထင်မိတော့တယ်။ အဲဒီကြေကွဲဆွေးမြေ့မှုစက်ဝိုင်းဟာ ကျွန်တော့်အနားမှာအရောက်မှာ ရပ်သွားတယ်။ ကျွန်တော့်အနောက်မှာပဲ တစ်ပတ်ပြည့်အောင် လှည့်နေတယ်။ ဝဲလိုစုပ်ပြီး အော်နေခဲ့တယ်ပေါ့။ ကျွန်တော့်တစ်သက်တာအတွက် နောက်ဆုံးတက်ကြွလိုစိတ်ကို အဆုံးစွန်ထိရိုက်သွင်းခဲ့တဲ့ သံတစ်ချောင်း ဖြစ်နေခဲ့ပါတယ်။

Most Read