ထောင်ဒဏ်ထည့်သွင်းပြီး စကားရပ်အချို့ ဖြည့်စွက်ထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ နစကပြဋ္ဌာန်း

ထောင်ဒဏ်ထည့်သွင်းပြီး စကားရပ်အချို့ ဖြည့်စွက်ထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ နစကပြဋ္ဌာန်း
Published 2 November 2021

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ ၁ ရက် နေ့စွဲဖြင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်မှုတွင် ထောင်ဒဏ်များ ပါဝင်လာကာ စကားရပ်အချို့လည်း ထည့်သွင်းဖြည့်စွက်ထားကြောင်း သိရသည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၂ ပုဒ်မခွဲ (က) ၊  ပုဒ်မ ၉၆၊ ပုဒ်မ ၉၇ ၊ ပုဒ်မ ၉၈ ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်၍ ပုဒ်မ ၉၉ နှင့် ပုဒ်မ ၁၀၅ တို့တွင် ဖြည့်စွက်ချက်များ ထည့်သွင်းထားခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် သြဂုတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်၌ ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (က) တွင် အင်တာနက်မှတစ်ဆင့် ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုများ အကျုံးဝင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသော်လည်း နစကက ပြင်ဆင်သည့်ဥပဒေတွင် ယင်းအချက် ပါဝင်ခြင်းမရှိတော့ဘဲ အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ထုတ်လွှင့်ခြင်းကို ဆိုလိုသည်ဟု အစားထိုးပြင်ဆင်ထားသည်။

မူလဥပဒေပါ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုသည်မှာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သည့် အစီအစဉ်များကို အများပြည်သူက တိုက်ရိုက်ဖမ်းယူ ရရှိနိုင်စေရေးအတွက် မြေပြင်အခြေစိုက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်စက်များ၊ မြေပေါ်မြေအောက်ဆက်ကြောင်း ကြိုးများ၊ ဂြိုလ်တုများမှတစ်ဆင့် ထုတ်လွှင့်ခြင်းဆိုသည်ကိုမူ ပြင်ဆင်ထားခြင်းမရှိပေ။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၆ ၊ ၉၇ ၊ ၉၈ နှင့် ၉၉ တို့မှာ ပြစ်မှုနှင့် ပြစ်ဒဏ်ပြဋ္ဌာန်းချက်များဖြစ်ပြီး မူလဥပဒေတွင် ဒဏ်ငွေသာပြဋ္ဌာန်း ပါရှိသော်လည်း နစကကဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေတွင် ထောင်ဒဏ်များ ပါဝင်လာသည်ကို တွေ့ရသည်။

မူလဥပဒေ၏ ပုဒ်မ ၉၆ တွင် ပုဒ်မ ၉၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်သောမည်သူ့ကိုမဆို ငွေဒဏ်ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသော်လည်း နစက ပြင်ဆင်သည့်ဥပဒေအရ အဆိုပါငွေဒဏ်အပြင် သုံးနှစ်မှငါးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ကြောင်း သိရသည်။

ပုဒ်မ ၉၂ မှာ လိုင်စင်မရှိဘဲ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်ခွင့်မရှိသည့်အချက် ဖြစ်သည်။

ပုဒ်မ ၉၃ တွင် လိုင်စင်သက်တမ်း ကုန်ဆုံးပြီးနောက် ထပ်မံသက်တိုးခြင်းမရှိဘဲ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ် ဆက်လက်လုပ်ကိုင်သူကို ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ချမှတ်နိုင်ကြောင်း ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းသည့် မူလဥပဒေပုဒ်မ ၉၇ တွင် ပြဋ္ဌာန်းထားသည်။

သို့သော် နစက၏ ပြင်ဆင်ဥပဒေပုဒ်မ ၉၇ အရ ကျပ်သိန်း ၅၀ မှ  ကျပ်သိန်း ၁၀၀ အထိ ချမှတ်နိုင်သလို၊ ထောင်ဒဏ်ခြောက်လမှ တစ်နှစ်အထိချမှတ်နိုင်ပြီး ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်မည်ဖြစ်သည်။

အလားတူပုဒ်မ ၉၈ တွင် ပြဋ္ဌာန်းထားသော ငွေဒဏ် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ အထိ အစားအနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ ၊ အနည်းဆုံးကျပ်သိန်း ၁၀၀ မှ အများဆုံးကျပ်သိန်း ၃၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု နစက၏ ပြင်ဆင်ဥပဒေတွင် ဖော်ပြထားသည်။

မူလဥပဒေပုဒ်မ ၉၈ မှာ ပုဒ်မ ၉၄ ပါ ဖောက်ဖျက်ခြင်းမရှိရန် တားမြစ်သည့် အချက်ဖြစ်ပြီး ပုဒ်မ ၉၄ တွင်  ပုဒ်မ ၅၀ နှင့် ၅၁ ပါ ပြဋ္ဌာန်းချက်ကိုလိုက်နာရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေပုဒ်မ ၅၀ တွင် စီးပွားရေးအရ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့် ဖြစ်စေ၊ စီးပွားရေး အဖွဲ့အစည်းတစ်ခုအနေဖြင့်ဖြစ်စေ ဆောင်ရွက်မည်ဆိုပါက သတ်မှတ်ထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှု ဇုန်တစ်ခုအတွင်း ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်းနှင့် ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းတစ်ခုစီထက်ပို၍ ပိုင်ဆိုင်ခွင့်မပြု၊ သို့ရာတွင် ဤပြဋ္ဌာန်းချက်သည် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ်များ၊ ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို ပူးတွဲလုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်စေဟု ပြဋ္ဌာန်းထားသည်။

ဥပဒေ ပုဒ်မ ၅၁ တွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိကသတင်းစာလုပ်ငန်းကို ဖြစ်စေ၊ ပုဂ္ဂလိကရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကိုဖြစ်စေ ပူးတွဲပိုင်ဆိုင်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းတစ်ခုကို ရာနှုန်းပြည့်ပိုင်ဆိုင်ထားပါက အခြားလုပ်ငန်းတစ်ခုကို ရာခိုင်နှုန်း ၃၀ အထက် ပို၍ခွင့်မပြုရဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ဥပဒေပုဒ်မ ၉၉ တွင် ဖော်ပြထားသော ငွေဒဏ် ကျပ်သိန်း ၃၀၀ မှ ၅၀၀ အထိ အစားသုံးနှစ်မှ ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေဟု အစားထိုးကာပုဒ်မ ၉၉ ၏ နောက်တွင် ပုဒ်မ ၉၉ (က) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ကြောင်း နစက၏ပြင်ဆင်ဥပဒေတွင် ဖော်ပြထားသည်။

ဥပဒေပုဒ်မ ၉၅ အရမည်သူမျှ လိုင်စင်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းထားစဉ် ကာလအတွင်း ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်ခြင်းမပြုရဆိုသည့် ပြဋ္ဌာန်းချက်ကိုဖောက်ဖျက်ပါက ဥပဒေပုဒ်မ ၉၉ အရ အရေးယူခံရမည်ဟု မူလဥပဒေတွင် ပြဋ္ဌာန်းထားသည်။

နစက ဖြည့်စွက်ပြဋ္ဌာန်းသည့် ဥပဒေ ပုဒ်မ ၉၉ (က) တွင် မည်သူမဆိုပုဒ်မ ၁၀၆ အရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက် သို့မဟုတ် လုပ်ထုံးလုပ်နည်းတစ် ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူကိုအနည်းဆုံးတစ်နှစ်မှ အများဆုံးငါးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၅၀၀ အထိငွေဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဥပဒေပုဒ်မ ၁၀၅ ၏ နောက်တွင် ပုဒ်မ ၁၀၅ (က) အဖြစ် ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ်သတ်မှတ်ကြောင်း ဖြည့်စွက်ပြဋ္ဌာန်းချက်အဖြစ် နစက၏ ပြင်ဆင်ဥပဒေတွင် ဖော်ပြပါရှိသည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပထမအကြိမ်အဖြစ် ပြင်ဆင်ခဲ့သည်။

Most Read

Most Recent