ယဉ်ကျေးမှုတစ်ရပ်ဟူသည်

ယဉ်ကျေးမှုတစ်ရပ်ဟူသည်
Published 1 November 2021

ယဉ်ကျေးမှုတစ်ရပ်တွင် လူ့အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် အုပ်စုတစ်စု၏ အဖွဲ့ဝင်များ၌ တွေ့ရလေ့ရှိသည့် ယုံကြည်ချက်များ၊ အမူအကျင့်များ၊ ရည်မှန်းချက်များနှင့် အခြားစရိုက်လက္ခဏာရပ်များ ပါဝင်သည်။ ယဉ်ကျေးမှုမှတစ်ဆင့်လူများနှင့် အုပ်စုများသည် မိမိတို့ကိုယ်ကိုယ် မိမိတို့ အဓိပ္ပာယ်သတ်မှတ်ကာ လူ့အဖွဲ့အစည်း၏ မျှဝေခံစားသော စံတန်ဖိုးများကို လိုက်နာလျက် လူ့အဖွဲ့အစည်းထဲသို့ ထည့်ဝင်မှု ပြုလုပ်ကြသည်။ ယဉ်ကျေးမှုကို အဓိကအားဖြင့် သုံးမျိုးသုံးစားအဖြစ် ရည်ညွှန်းပြောဆိုကြသည်။ ပထမတစ်ခုမှာ မြင့်မားသော ယဉ်ကျေးမှုဖြစ်ပြီး ယင်းတွင် အလွန်ကောင်းမွန်သော အနုပညာလက်ရာများ၊ မြင့်မားသော လူနေမှုများ ပါဝင်နေသည်။ ဒုတိယတစ်ခုမှာ လူသားမျိုးနွယ်တစ်ရပ်၏ အသိပညာ၊ ယုံကြည်မှု၊ အသုံးပြုသော အမှတ်အသားတို့၏ စိတ်ကူးအရည်အသွေးပေါ် မူတည်သည့် လူမှုရေးလေ့လာမှုများ ဖြစ်သည်။ တတိယတစ်ခုမှာ လူမှုအဖွဲ့အစည်းတစ်ခု၏ ရည်ရွယ်ချက် ၊ သဘောထားများ၊ တန်ဖိုးများ၊ အစဉ်အလာများ၏ ထူးခြားသော ၀ိသေသလက္ခဏာများဖြင့် သတ်မှတ်ထားမှုတို့ ဖြစ်ကြသည်။

ထို့ကြောင့်  ယဉ်ကျေးမှုတွင် ဘာသာစကား၊ ထုံးတမ်းများ၊ စံတန်ဖိုးများ၊ သတ်မှတ်ချက်များ၊ စွဲမြဲနေသော ဓလေ့များ၊ စည်းမျဉ်းများ၊ လက်နက်တန်ဆာပလာများ၊ နည်းပညာများ၊ ထွက်ကုန်များ၊ အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများ အစရှိသည့် လူမှုရေးဆိုင်ရာ မျက်နှာစာများစွာ ပါဝင်သည်။ အင်စတီကျူးရှင်းဟူသည် သက်ဆိုင်ရာ လူမှုရေးလှုပ်ရှားမှုများနှင့် ဆက်နွှယ်နေသော စည်းမျဉ်းအစုအဝေးများနှင့် ယဉ်ကျေးမှုအဓိပ္ပာယ်များကို ရည်ညွှန်းသည်။ မြင်တွေ့နေကျ အင်စတီကျူးရှင်းတို့မှာ မိသားစု၊ ပညာရေး၊ ဘာသာရေး၊ အလုပ်နှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ဖြစ်သည်။

အပြောများသည့် ယဉ်ကျေးအောင် ပြုလုပ်ခြင်းဟူသည် ပညာကောင်းစွာတတ်အောင် ပြုလုပ်ခြင်း၊ အနုပညာကို ခံစားနိုင်စွမ်းရှိခြင်း၊ စတိုင်ကျခြင်းနှင့် ကောင်းစွာပြုမူခြင်းတို့ ဖြစ်ကြသည်။ အဆင့်မြင့်ယဉ်ကျေးမှုကို အထွေထွေ သဘောအရ အထက်တန်းလွှာများက လိုက်စားလေ့ရှိပြီး ဂန္ထဝင်ဂီတ၊ ပြဇာတ်၊ ပန်းချီနှင့် အခြားခေတ်မီဆန်းပြားသည့်အရာများကို ရည်ညွှန်းသည်။ အထက်တန်းလွှာများအနေဖြင့် အဆင့်မြင့်အနုပညာကို လိုက်စားနိုင်ခြင်းမှာ ၎င်းတို့၌ ယဉ်ကျေးမှုဆိုင်ရာ အရင်းအနှီးများ ရှိသောကြောင့် ဖြစ်သည်။ ယင်းအရင်းအနှီးများထဲတွင် လူမှုရေးအရ ရှေ့ဆက်နိုင်သည့် ပိုင်ဆိုင်မှု၊ ပါ၀ါနှင့် ဂုဏ်တို့ရှိရန် လိုအပ်သော ပရော်ဖက်ရှင်နယ် အရည်အချင်း၊ ပညာရေး၊ ဗဟုသုတနှင့် လူမှုဆိုင်ရာနှင့် နှုတ်မှုဆိုင်ရာ ကျွမ်းကျင်မှုတို့ ပါဝင်သည်။

လူမှုဗေဒပညာရှင်များက တူညီသည့် ယဉ်ကျေးမှုကို တစ်နည်းနည်းဖြင့် မျှဝေခံစားသော လူများကို လူ့အဖွဲ့အစည်းဟု သတ်မှတ်ကြသည်။ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုသည် လူမျိုးစုအလိုက်လည်းကောင်း၊ ကျား/မ အပေါ် အခြေခံ၍လည်းကောင်း၊ ယုံကြည်ချက်များ၊ စံတန်ဖိုးများနှင့် လှုပ်ရှားမှုများ တူညီမှုအပေါ် အခြေခံ၍လည်းကောင်း ဖြစ်ပေါ်သည်။ လူ့အဖွဲ့အစည်းဟူသည့် စကားရပ်သည် ပထဝီဝင်ဆိုင်ရာ အဓိပ္ပာယ် ရှိနိုင်သကဲ့သို့ သက်ဆိုင်ရာနေရာတစ်ခုအတွင်း ဘုံယဉ်ကျေးမှုတစ်ရပ်ကို မျှဝေခံစားသူများကိုလည်း  ရည်ညွှန်းသည်။ ဥပမာအားဖြင့် အာတိတ်ရာသီဥတု၌ နေထိုင်သူများသည် သဲကန္တာရအတွင်း နေထိုင်သူများနှင့် ဖွံ့ဖြိုးလာသည့် ယဉ်ကျေးမှုချင်း လွန်စွာခြားနားသည်။ အချိန်အတိုင်းအတာတစ်ခုအတွင်း ကမ္ဘာတစ်လွှား၌ များပြားလှစွာသော လူသားယဉ်ကျေးမှုများ ပေါ်ထွက်လာခဲ့သည်။

ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းသည် ရှုပ်ထွေးစွာ ဆက်နွှယ်လျက်ရှိသည်။ ယဉ်ကျေးမှုတစ်ရပ်တွင် လူ့အဖွဲ့အစည်းတစ်ရပ်၏ ရည်မှန်းချက်များ ပါဝင်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်တွင် ဘုံယဉ်ကျေးမှုတစ်ရပ်ကို မျှဝေခံစားသောလူများ ပါဝင်သည်။ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းဟူသည့် စကားရပ်များအနေဖြင့် လက်ရှိအဓိပ္ပာယ်များကို ပထမဆုံးရရှိခဲ့ချိန်၌ ကမ္ဘာပေါ်မှ လူအများစုသည် တူညီသောနေရာတစ်ခု၌ အုပ်စုငယ်လေးမျာအနေဖြင့် လုပ်ကိုင်နေထိုင်နေခဲ့ကြသည်။ ယနေ့တွင် ယင်းစကားရပ်များ၏ အဓိပ္ပာယ်အချို့မှာ ပျက်ပြယ်၍လာနေပြီ ဖြစ်သည်။ လူတို့သည် တစ်ကမ္ဘာလုံး၌ အပြန်အလှန် ဆက်ဆံကြပြီး ရင်းမြစ်များကို မျှဝေခံစားလာကြသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ကောင်းမွန်သည့် မိမိတို့၏ ယဉ်ကျေးမှုအစဉ်အလာများကို ဆက်လက်၍ လက်ဆင့်ကမ်း ထိန်းသိမ်းသွားရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent