နှလုံးခွဲစိတ်ကုသမှုပြုလုပ်၍ စက်တပ်ဆင်ထားရသည့် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အနေဖြင့် အီတလီတွင် ဘောလုံးဆက်ကစားရန် မဖြစ်နိုင်တော့သဖြင့် ပြည်ပကလပ်များသို့ ရောင်းချဖွယ်ရှိကြောင်း အင်တာမီလန်အသင်းက ထုတ်ပြန်ခဲ့သည်။
အသက် ၂၉ နှစ်ရှိပြီဖြစ်သည့် ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်သည် ဇွန်လအတွင်းက ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စု အဖွင့်ပွဲအဖြစ် ဖင်လန်အသင်းနှင့်ကစားစဉ် ရုတ်တရက် နှလုံးရပ်သွားသဖြင့် ကွင်းအတွင်း လဲကျသွားခဲ့သည်။ ၎င်းအနေဖြင့် ယင်းဖြစ်ရပ်ကြောင့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး ICD ဟု အမည်ရသည့် နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်ထားရသည်။
အကယ်၍ ICD စက်ကို အမြဲတပ်ဆင်ထားရမည်ဆိုပါက အီတလီနိုင်ငံ၏ စည်းမျဉ်းအရ ဘောလုံးကစားခွင့် ရတော့မည်မဟုတ်ရာ အင်တာမီလန်အသင်းက ၎င်းအား အခြားပြည်ပနိုင်ငံသို့ ရောင်းချ ဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"အီတလီဆေးဘက်ဆိုင်ရာအာဏာပိုင်တွေရဲ့ တားမြစ်ချက်အရ ကစားသမားအနေနဲ့ လက်ရှိရာသီမှာ အားကစားလှုပ်ရှားမှု တွေ ယာယီပြုလုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ ကစားသမားရဲ့ လက်ရှိအခြေအနေက အီတလီမှာ အားကစားသမားတွေအတွက် သတ်မှတ်ထားတဲ့ ကြံ့ခိုင်မှုလိုအပ်ချက်တွေနဲ့ ကိုက်ညီမှုမရှိပေမဲ့ တခြားနိုင်ငံတွေမှာဆိုရင်တော့ ပြိုင်ပွဲဆိုင်ရာလှုပ်ရှားမှုတွေ ပြန်ပြီးစတင်ခွင့် ရလောက်ပါတယ်" ဟု အင်တာမီလန်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဲရစ်ဆင်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါ ရီတွင် စပါးအသင်းမှ အင်တာမီလန်သို့ ရောက်ရှိလာသူဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေသေးသည်။















