အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက်နိုင်ခဲ့ခြင်းမှာ အာဆီယံကို သပိတ်မှောက်နေခြင်းမဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက်နိုင်ခဲ့ခြင်းမှာ အာဆီယံကို သပိတ်မှောက်နေခြင်းမဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်
Published 26 October 2021

အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက်နိုင်ခဲ့ခြင်းမှာ အာဆီယံကိုသပိတ်မှောက်နေခြင်း မဟုတ်ကြောင်း အောက်တိုဘာ ၂၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်မှုအရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်မှ၂၈ ရက်အထိကျင်းပခဲ့သည့် ၃၈ ကြိမ်မြောက်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ပါရန် အောက်တိုဘာ ၁၉ ရက်၌ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ ဖိတ်ကြားစာကို မြန်မာဘက်ကလက်ခံရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီးအစည်းအဝေးတက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်ကိုနှိမ့်၍ ဖိတ်ကြားခြင်း၊မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အကန့်အသတ်ထားခြင်းတို့သည် အာဆီယံပဋိညာဉ်စာတမ်းပါမူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲနေပြီး အထူးသဖြင့် အာဆီယံပဋိညာဉ်စာတမ်းအပိုဒ် - ၂ ပါ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်နှင့် အပိုဒ်-၅ တွင်ပါရှိသည့် အဖွဲ့ဝင်နိုင်ငံများသည် တူညီသည့် အခွင့်အရေးနှင့် တာဝန်များရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ပါရှိသည်။

ယင်းအပြင် အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် အရေးပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်သည် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်းမဟုတ်သည့်အတွက် ယင်းအစည်းအဝေးဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်း၊ ယင်းကိစ္စကို မှတ်တမ်းတင်ထားရန် အဆိုပါအစည်းအဝေးတွင်ပင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံသို့ အသိပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ သဘောထားကို လျစ်လျူရှုလျက်၊ အာဆီယံထိပ်သီး အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးတက်ရောက်ရန် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အောက်တိုဘာ၂၅ ရက်တွင် ဖိတ်ကြားခဲ့ကြောင်း၊ သို့ဖြစ်၍ အဆိုပါ အာဆီယံထိပ်သီးအစည်း အဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအ ဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကိုကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက်နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘက်သို့ အောက်တိုဘာ၂၅ ရက်တွင် အကြောင်းပြန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် မြန်မာနိုင်ငံမှ အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက်နိုင်ခဲ့ခြင်းမှာ အာဆီယံအား မကျေနပ်မှုကို ပြသလိုသောသဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင် အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း၊  အာဆီယံပဋိညာဉ်စာတမ်းပါမူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်လိုသည့် သဘောထားကိုပြသခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့်အချိန်မှစ၍ အာဆီယံပဋိညာဉ် စာတမ်းပါမူနှင့် လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်းထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent