တပ်ဖွဲ့ဝင်များနှင့် လက်နက်ကြီးများကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ စေလွှတ်ကာဖြန့်ကြက်ထားသည်ဟူသည့် သတင်းများ ထွက်ပေါ်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အခြေအနေရပ်များဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် စိုးရိမ်

တပ်ဖွဲ့ဝင်များနှင့် လက်နက်ကြီးများကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ စေလွှတ်ကာဖြန့်ကြက်ထားသည်ဟူသည့် သတင်းများ ထွက်ပေါ်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အခြေအနေရပ်များဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် စိုးရိမ်
Photo: Twitter
Photo: Twitter
Published 23 October 2021
Ref: OHCHR

မြန်မာတပ်မတော်သည် သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များနှင့် လက်နက်ကြီးများကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ စေလွှတ်ကာ ဖြန့်ကြက်ထားသည်ဟူသည့် သတင်းများထွက်ပေါ်နေသည့်အကြား ပိုမိုကြီးမားသည့် လူ့အခွင့်အရေးဆိုင်ရာ ဘေးဒုက္ခများနှင့် အသက်ဆုံးရှုံးရမှုများ ဖြစ်ပေါ်လာရန် နီးကပ်နေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ သတိပေးလိုက်ကြောင်း သိရသည်။

“ဒီနည်းဗျူဟာမျိုးဟာ ၂၀၁၆ ခုနစ်နှင့် ၂၀၁၇ ခုနစ်တွေမှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီမွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေမတိုင်မီ တပ်မတော်ကလုပ်ဆောင်ခဲ့တာမျိုးနဲ့ ကြောက်ခမန်းလိလိ တူညီနေတာကို တွေ့ရပါတယ်” ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေရပ်များဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွမ်အင်ဒရူးက ပြောကြားခဲ့သည်။ သူက၎င်းအနေဖြင့် များပြားလှသော တပ်ဖွဲ့ဝင်အင်အားကို နိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ကန့်သတ်နယ်မြေများဆီသို့ ရွှေ့ပြောင်းထားသည်ဟူသောသတင်းများကို ရရှိထားကြောင်း ပြောကြားခဲ့သည်။

“ပိုပြီးတော့တောင် များပြားတဲ့ လူအစုလိုက်အပြုံလိုက်အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ပြစ်မှုတွေ ဖြစ်ပေါ်လာနိုင်တာမို့ မြန်မာနိုင်ငံရဲ့ အဲဒီအစိတ်အပိုင်းမှာ နေထိုင်တဲ့သူတွေ ပြင်ဆင်ကြသလိုပဲ ကျွန်တော်တို့အားလုံးလည်း ပြင်ဆင်ထားသင့်ပါတယ်။ ကျွန်တော်ပြောတာ မှားပါစေလို့ပဲ ကျွန်တော်တမင် မျှော်လင့်မိပါတယ်” ဟု တွမ်အင်ဒရူးက ပြောကြားခဲ့သည်။

စနစ်တကျလူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများနှင့်အတူ မြန်မာပြည်သူများအပေါ် ရန်လိုမှုများအား ဆက်လက်လုပ်ဆောင်နိုင်ရန် လိုအပ်သည့် ငွေကြေး၊ လက်နက်နှင့်

တရားဝင်မှုတို့အား မြန်မာအစိုးရကိုပေးအပ်ရေး ငြင်းဆိုသင့်ကြောင်းလည်း အင်ဒရူးကကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများကို တောင်းဆိုခဲ့သည်။

မကြာသေးမီက ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခဲ့မှုသည် မြန်မာအစိုးရအပေါ် ဖိအားများ သက်ရောက်နေကြောင်း သက်သေအထောက်အထား ဖြစ်သည်ဟုလည်းအင်ဒရူးက ထောက်ပြခဲ့သည်။

“လာမယ့်ထိပ်သီးအစည်းအဝေးမှာ မြန်မာအစိုးရကို ကြိုဆိုမှာမဟုတ်တဲ့အကြောင်း အာဆီယံအဖွဲ့ရဲ့ ကြေညာချက်ဟာ မြန်မာအစိုးရရဲ့ တတိယလိုအပ်ချက်ဖြစ်တဲ့ တရားဝင်မှုဆိုတာနဲ့ပတ်သက်ပြီး ချက်ကောင်းကို ထိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ လိုအပ်နေတဲ့ ဖိအားပေးခြင်းနဲ့ မြန်မာအစိုးရကို ငြင်းဆိုခြင်းဆိုတာတွေမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ တစ်ဦးတစ်ယောက်မှ ပြန်လွှတ်လာဖို့ မရှိပါဘူး” ဟု ၎င်းကပြောကြားခဲ့သည်။ သူက တရားဝင်မှုကို ငြင်းဆိုခြင်းအပြင် မြန်မာအစိုးရ၏ လက်နက်နှင့် ငွေကြေးရရှိနိုင်မှုလမ်းကြောင်းကိုလည်း ပိုမိုဖြတ်တောက်ပစ်ရမည်ဟု အထူးပြုပြောကြားခဲ့သည်။

အင်ဒရူးသည် အောက်တိုဘာ ၂၂ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ၎င်း၏နှစ်ပတ်လည်တွေ့ရှိချက် အစီရင်ခံစာကို တင်သွင်းရာ၌ အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရအနေဖြင့် လူသားဆန်မှုကို ချိုးဖောက်သောရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့နိုင်ဖွယ်ရှိကြောင်း တင်ပြခဲ့သည်။

သူက လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော လက်နက်တင်သွင်းမှု ပိတ်ဆို့ရေးအားကမ္ဘာက တောင်းဆိုမှုအကြောင်းကို ထပ်လောင်းပြောကြားခဲ့ပြီး မြန်မာအစိုးရအပေါ် ဘဏ္ဍာရေးအရ ဖိအားပေးမှုကိုသိသိသာသာ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ပုံကိုလည်း အထူးပြုပြောဆိုခဲ့သည်။

“ဒီနေ့အထိတော့ ပိတ်ဆို့မှုတွေက မြန်မာအစိုးရကို နိုင်ငံတော်ရဲ့ အကျိုးအမြတ်တွေနဲ့ နိုင်ငံခြားငွေလဲလှယ်မှုတွေဆက်ပြီး မောင်ပိုင်စီးနိုင်စွမ်းအတွက် ထိခိုက်ပုံမရသေးပါဘူး။ ခေါင်းဆောင်တွေကို  ပိုကြွယ်ဝစေပြီး အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေလုပ်ဖို့ မီးထိုးပေးနိုင်တုန်းပါပဲ” ဟု ၎င်းကပြောကြားခဲ့သည်။

“မြန်မာအစိုးရအတွက် တစ်ခုတည်းသော အကြီးမားဆုံးဘဏ္ဍာရေးရင်း မြစ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းပါ။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းစုကို ပိတ်ဆို့ဖို့ မြန်မာနိုင်ငံအတွင်းက ရာနဲ့ချီတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ တောင်းဆိုထားတာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လိုက်နာဖို့ကျွန်တော် တိုက်တွန်းလိုပါတယ်” ဟု အင်ဒရူးကပြောကြားခဲ့သည်။

Most Read

Most Recent