ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းဖြစ်သည့် ဘရိုက်တန်အသင်း၏ ကစားသမားတစ်ဦးသည် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတစ်ခုကြောင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။
ယင်းကစားသမား၏အမည်ကိုမူ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိဘဲ အသက် (၂၀)ကျော်အရွယ်ဟုသာ ရဲ တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပြီး အသက်(၄၀) အရွယ်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။
Sussex ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုတွင် "ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက ဘရိုက်တန်အရပ်မှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတစ်ခု ပြုလုပ်ခဲ့တဲ့အတွက် အသက် (၄၀)အရွယ်နဲ့ အသက် (၂၀)အရွယ်နှစ်ဦးကို ဖမ်း ဆီးစစ်ဆေးခဲ့ပါတယ်။ နစ်နာသူ အမျိုးသမီးဟာ ကျွမ်းကျင်သူတွေရဲ့ နှစ်သိမ့်အားပေးပညာပေးခြင်းကိုလည်း ရယူခဲ့ရပါတယ်"ဟု ကြေညာခဲ့သည်။
ဘရိုက်တန်အသင်းကလည်း "ဘရိုက်တန်အသင်းအနေနဲ့ ဒီကစားသမား ကို ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေပြုလုပ်နေချိန်မှာ စုံစမ်းစစ်ဆေးမှုအတွက် ရဲတပ်ဖွဲ့လိုအပ်သမျှ အချက်အလက်တွေကို အကူအညီပေးသွားမှာပါ"ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် ယခုဖြစ်ရပ်သည် တရားစီရင်ရေးနယ်ပယ်အတွင်းသို့ ရောက်ရှိသွားပြီဖြစ်ပြီး မိမိတို့အသင်းအနေဖြင့် ယခုအချိန်တွင် အခြားမှတ်ချက်ပေးရန်မရှိသေးကြောင်းလည်း ကြေညာခဲ့သည်။















