Sky Sports ၏ ၂၀၂၁-၂၂ ရာသီအတွက် ဘောလုံးသမားအဆင့်သတ်မှတ်မှုအရ ဘန်ဇီမာ အကောင်းဆုံးဖြစ်

Sky Sports ၏ ၂၀၂၁-၂၂ ရာသီအတွက် ဘောလုံးသမားအဆင့်သတ်မှတ်မှုအရ ဘန်ဇီမာ အကောင်းဆုံးဖြစ်
Photo: Getty Images
Photo: Getty Images
Published 8 October 2021

နာမည်ကျော် အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Sky Sports သည် နိုင်ငံတကာပွဲစဉ်များကြောင့် ဥရောပလိဂ်ပြိုင်ပွဲများရပ်နားထားချိန်အတွင်း ၂၀၂၁-၂၂ ရာသီ၏ ဥရောပလိဂ်ပြိုင်ပွဲများအနက်မှ အကောင်းဆုံးကစားသမား (၁၀၀)ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ  ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး ဘန်ဇီမာက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ပြီး ဒုတိယနေရာတွင် ဆာလာက ရပ်တည်နေကြောင်း သိရှိရသည်။

    

၂၀၂၀-၂၁ ရာသီ ခြေစွမ်းကို အခြေပြုတွက်ချက်ထားသည့် ယင်းစာရင်းတွင် ဘန်ဇီမာသည် ထိပ်ဆုံး၌ ရပ်တည်နေခြင်းမှာ ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးနှင့် ဖန်တီးမှုများစွာပြုလုပ်ထားပေးခြင်းကြောင့်လည်းဖြစ်သည်။ 

ဘန်ဇီမာသည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် (၇)ပွဲကစားထားရာတွင် သွင်းဂိုး (၉)ဂိုးနှင့် ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ထားနိုင်သည်။ 

ထို့ပြင် ခြေစွမ်းပိုင်းအရလည်း အသင်း၏တိုက်စစ်ပိုင်းကို ဦးဆောင်ကစားနေသည့်အတွက် ထိပ်ဆုံးတွင် ရပ်တည်နေခြင်းလည်းဖြစ်သည်။ 

ဒုတိယနေရာတွင် ရပ်တည်နေသည့် ဆာလာမှာမူ ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲကစားထားရာတွင် သွင်းဂိုး (၆)ဂိုးနှင့် ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားသည်။ 

    

လီဗာပူးလ်အသင်း၏ ကစားသမားဟောင်းနှင့် လက်ရှိ Sky Sports ၏ ဘောလုံးသုံးသပ်သူများထဲမှ တစ်ဦးဖြစ်သူ ကာရေဂါက ဆာလာနှင့်ပတ်သက်ပြီး "လက်ရှိ ဥရောပဘောလုံးလောကမှာ ဆာလာထက် ပိုကောင်းတဲ့သူ တစ်ဦးမှမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူ့ရဲ့ ရာသီအစ သွင်းဂိုးမှတ်တမ်းနဲ့ ခြေစွမ်းက အရမ်းကောင်းလွန်းပါတယ်"ဟု ပြောကြားခဲ့သည်။ 

Sky Sports ၏ Power Ranking တွင် ဘန်ဇီမာက ရမှတ် (၂၂၈၈၁) မှတ်ဖြင့် ဦးဆောင်နေပြီး ဆာလာကမူ လက် ရှိအချိန်တွင် (၂၀၆၄၀) မှတ်ဖြင့် ဒုတိယနေရာတွင် ရှိနေခြင်းလည်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးသည် လာလီဂါနှင့် ပရီးမီးယားလိဂ်မှ ကစားသမားများဖြစ်ပြီး ၎င်းင်းတို့နောက်တွင် ဘွန်ဒစ်လီဂါ၊ ပြင်သစ်လီဂူးနှင့် အီတလီစီးရီးအေတို့မှ ကစားသမားများက အစဉ်လိုက်ရပ်တည်လျက်ရှိနေသည်။ 

တတိယနေရာတွင် ရှိနေသည့်ကစားသမားမှာ ဒေါ့မွန်အသင်း၏ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းဖြစ်ပြီး အဆင့် (၄)နေရာတွင် PSG အသင်းတိုက်စစ်မှူး ဘာပေ၊ အဆင့် (၅)နေရာတွင် အင်တာမီလန်အသင်းတိုက်စစ်မှူး ဂျက်ကိုတို့က အစဉ်လိုက် ရပ်တည်နေကြခြင်းလည်းဖြစ်သည်။

    

Sky Sports ၏ Power Ranking သည် သွင်းဂိုး နှင့် ဂိုးဖန်တီးမှု နှစ်ခုတည်းကိုကြည့်ကာ တွက်ချက်ထားခြင်းမဟုတ်ဘဲ ပွဲထွက်ခွင့်ရမှုနှင့် ပွဲချိန်တွင်း စွမ်းဆောင်ရည်အပါအဝင် အခြားသော အချက်အလက်ဆိုင်ရာ တွက်ချက်မှုများကိုလည်း ထည့်သွင်းထားကြောင်း သိရှိရသည်။ 

ဒေါ့မွန်အသင်း၏ တိုက်စစ်မှူး ဟော်လန်းသည် တတိယနေရာတွင်သာရှိနေသော်လည်း ယခုရာသီတွင် (၅)ပွဲသာကစားထားပြီး ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent