စီရော်နယ်လ်ဒို၏ မကျေမနပ်အမူအရာကို ဆိုးလ်ရှားသတိပေးသင့်ဟု ဂယ်ရီနဗီးလ် တိုက်တွန်းခဲ့ပြီး အသင်းကို ဖိအားတိုးစေသည့်လုပ်ရပ်ဟု သုံးသပ်

စီရော်နယ်လ်ဒို၏ မကျေမနပ်အမူအရာကို ဆိုးလ်ရှားသတိပေးသင့်ဟု ဂယ်ရီနဗီးလ် တိုက်တွန်းခဲ့ပြီး အသင်းကို ဖိအားတိုးစေသည့်လုပ်ရပ်ဟု သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 5 October 2021

မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားဟောင်းနှင့် နာမည်ကျော်ဘောလုံးးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂယ်ရီနဗီးလ်က အဲဗာတန်အသင်းနှင့် သရေကျခဲ့သည့်ပွဲအပြီး  ဒေါသတကြီးဖြင့် ဥမင်အတွင်းသို့ ဝင်သွားခဲ့သည့် စီရော်နယ်လ်ဒိုနှင့် ပတ်သက်ပြီး အသင်းနည်းပြ ဆိုးလ်ရှားအပေါ် တိုက်တွန်းပြောဆိုမှုများပြုလုပ်ခဲ့သည်။

ဂယ်ရီနဗီးလ်က ဆိုးလ်ရှားအနေဖြင့် စီရော်နယ်လ်ဒိုအား ထိုကဲ့သို့ လုပ်ရပ်မျိုး ထပ်မံပြုလုပ်ခြင်းမပြုရန် သတိပေးတားမြစ်သင့်သည်ဟု ဆိုခဲ့ပြီး ယင်းကဲ့သို့ လုပ်ရပ်မျိုးသည် ဆိုးလ်ရှားနှင့် မန်ယူအသင်းအပေါ် ဖိအားပိုတိုးစေလိမ့်မည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

ဆိုးလ်ရှားသည် အဲဗာတန်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် စီရော်နယ်လ်ဒိုကို အရန်ခုံတွင်သာ ထိုင်စေခဲ့ပြီးမှ လူစားဝင်ကစားစေခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် အရန်ခုံတွင် ထိုင်နေချိန်ကာလအတွင်း စိတ်ပျက်ဒေါသထွက်နေသည့် ပုံပေါ်ခဲ့သလို၊ ပွဲအပြီးတွင်လည်း ကွင်းအတွင်းမှ စိတ်ဆိုးဒေါသထွက်ကာ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ဂယ်ရီနဗီးလ်က ''သူ ကွင်းထဲက ထွက်သွားတဲ့ပုံစံကို ကျွန်တော်မြင်ခဲ့ပြီး ဒီလိုလုပ်ရပ်မျိုးကို သဘောကျတယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး။ စီရော်နယ်လ်ဒိုက သူ ကစားခွင့်မရတာကို အံ့သြစိတ်ပျက်နေတယ်ဆိုရင် ကျွန်တော် လက်ခံပါတယ်။ သူ ဂိုးမသွင်းနိုင်တာကို အံ့သြစိတ်ပျက်နေတယ်ဆိုရင် ကျွန်တော်လက်ခံပါတယ်။ အသင်းက အနိုင်မရတဲ့အချိန်မှာ စီရော်နယ်လ်ဒို အရမ်းစိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင်လည်း ကျွန်တော် လက်ခံပါတယ်။ ကျွန်တော်တို့အားလုံးက ဒါတွေကို သိထားပြီးသားပါ။ သူထပ်ပြသနေဖို့ မလိုပါဘူး။ ကွင်းထဲက စိတ်ပျက်လက်ပျက်ထွက်သွားခဲ့တာက သူ့အလုပ် သူလုပ်တာဆိုရင်တောင် လေထဲမှာ မေးခွန်းတွေအများ ကြီးရှိလာပါလိမ့်မယ်။ သူ ဘာပြောမှာလဲ၊ သူ ဘယ်သူ့ကို စိတ်ပျက်တာလဲ ဆိုတဲ့ မေးခွန်းတွေအတွက် ရင်ဆိုင်ရမှာက ဆိုးလ်ရှားပါ။ စီရော်နယ်လ်ဒိုက ဒါကို သိနိုင်တဲ့ ညဏ် ရည်ညဏ်သွေးရှိပါတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ နည်းပြကို ပိုပြီး ဖိအားတိုးစေပါတယ်။ ဖိအားတွေအောက်ရောက်နေပြီးသားဖြစ်တဲ့ ဆိုးလ်ရှားကို ပိုပြီးခက်ခဲစေပါတယ်။ ကျွန်တော့်အမြင်တော့ ဆိုးလ်ရှားက ဒီပြဿနာကို ဒီအတိုင်း ထားလိုက်မယ်ဆိုရင် နောက်လာမယ့်လတွေမှာ ဒါမျိုးတွေကို သူ ကြုံရပါလိမ့်မယ်။ စီရော်နယ်လ်ဒိုကို ပွဲထွက်ခွင့်မပေးတိုင်း၊ စီရော်နယ်လ်ဒို ဂိုးမသွင်းနိုင်တိုင်း သူရင်ဆိုင်ရမယ့် ပြဿနာဖြစ်လာပါလိမ့်မယ်။ စီရော်နယ်လ်ဒိုကိုယ်တိုင်လည်း သူ ဒီလိုလုပ်တယ်ဆိုတာဟာ ဆိုးလ်ရှားအပေါ် ဖိအားဝင်စေချင်တဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။ ဒီပွဲပြီးရင် ဒီအကြောင်းကို နည်းပြက ဖြေရှင်းရမယ်ဆိုတာ သူမသိဘဲ မနေပါဘူး။ ကျွန်တော့်အမြင်ကတော့ ဆိုးလ်ရှားအနေနဲ့ အခုလို ပြောလိမ့်မယ်လို့ ထင်ပါတယ်။ မင်းအနေနဲ့ ဒီလို အလုပ်မျိုးကို ထပ်လုပ်မယ်ဆိုရင် အဝတ်လဲခန်းထဲမှာပဲလုပ်ပါ ဆိုတာမျိုးပါ။ ဒီလိုတွေ ထပ်လုပ်နေရင် သူ့ကို ဖိအားပိုများစေမယ်ဆိုတာကို ဆိုးလ်ရှား သဘောပေါက်လိမ့်မယ်ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းထံမှ မန်ယူအသင်းထံသို့ ပြန်လည်ရောက်ရှိလာပြီးကတည်းက အသင်းအတွက် (၅)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူ ဖြစ်သည်။

ယခုပွဲမတိုင်မီ ကစားခဲ့သည့် ဗီလာရီးယဲလ်အသင်းနှင့် ပွဲစဉ်တွင် အသင်းအတွက် နောက်ဆုံးမိနစ်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး အဲဗာတန်အသင်းနှင့်ပွဲတွင်မူ ပွဲချိန် (၅၇)မိနစ်မှ လူစားဝင်ကစားခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။ 

Most Read

Most Recent